တိုကျိုကားပြပွဲ ဈေးကွက်ထဲမှ အီးဗီများနှင့် အီးဗီအိပ်မက်များ 


တိုကျိုကားပြပွဲ ဈေးကွက်ထဲမှ အီးဗီများနှင့် အီးဗီအိပ်မက်များ 


တိုကျိုမြို့တွင် ကျင်းပခဲ့သော Japan Mobility Show တွင် Toyota Motor ဥက္ကဋ္ဌ Koji Sato က စိတ်ကူးကို ပုံဖော်သည့် concept အဆင့်မှာသာ တင်ဆက်ခဲ့သည်။
ပြည်ပမှ ကားလုပ်ငန်းများက ထုတ်လုပ်ရောင်းချနေပြီ ဖြစ်သော အီးဗီမော်ဒယ်များကို ၎င်းကားပြပွဲမှာ ပြသခဲ့ကြသည်။

 

ဂျပန်နိုင်ငံ၏ အကြီးဆုံး ကားပြပွဲကြီး Japan Mobility Show (ယခင် Tokyo Auto Show) တွင် အစဉ်အလာကြီးမားသည့် ဂျပန်ကားလုပ်ငန်းများက ထုတ်လုပ်နိုင်သည့် အဆင့်သို့ မရောက်သေးဘဲ စိတ်ကူးပုံဖော် concept အဆင့်မှာသာ ရှိနေသေးသည့် အီးဗီများကို ပြသခဲ့ကြသည်။
တရုတ်နှင့် ဂျာမန် ကားလုပ်ငန်းများက ဈေးကွက်ထဲ ရောက်နေပြီဖြစ်သည့် အီးဗီမော်ဒယ်များကို ပြသခဲ့ကြသည်။

 Toyota Motor ၏ဥက္ကဋ္ဌ Koji Sato သည် concept အဆင့် အီးဗီမော်ဒယ် လေးခုကို စင်မြင့်ထက်မှာ ပွဲထုတ်ခဲ့သည်ယ အိမ်စီးကား မော်ဒယ် ၂ ခု၊ ပစ်ကပ်ထရပ်ကား မော်ဒယ် ၁ ခု၊ မီနီဗင် မော်ဒယ် ၁ ခုတို့ကို ပြသခဲ့သည်။

 


တိုယိုတာသည် ကားထုတ်လုပ်ရေး အခြေခံမူများကို ကိုင်စွဲထားသည်ဟု Sato က ပြောကြားသည်။ ၎င်းအခြေခံမူများတွင် အခြေခံ စွမ်းဆောင်ရည်များ ပြည့်ဝခြင်း၊ သွားလာနိုင်သည့် ခရီးတာတို့အပြင် ဘက်ထရီသုံး အီးဗီကသာ ပေးနိုင်မည့် တန်ဖိုးနှင့် အီးဗီ ဝယ်စီးရကျိုး နပ်စေမည့် အချက်များ ပါဝင်သည်ဟု ၎င်းက ပြောကြားသည်။

 

 

ကားသုံးစွဲသူ တဦးချင်းအရ လိုလားချက်များကို ဖြည့်ဆည်းပေးနိုင်သော မော်တော်ယာဉ်များကို ထုတ်လုပ်မည်ဟု ၎င်းက ပြောကြားသည်။
ပစ်ကပ်ထရပ် တစီးကို ဟင်းသီးဟင်းရွက်တင်ရန် ဒီဇိုင်းဖြင့် သုံးနိုင်သည်။ လမ်းဘေးရွေ့လျားဈေးဆိုင်ဒီဇိုင်းဖြင့်လည်း သုံးနိုင်မည် ဖြစ်သည်ဟု Sato က ရှင်းပြသည်။ 
မီနီဗင် အတွင်းပိုင်းကို သယ်ယူပို့ဆောင်ရန်အတွက် ကုန်တင်ယာဉ်ငယ်အဖြစ် သုံးနိုင်သည်။ ခရီးထွက် စခန်းချရန်အတွက်လည်း သုံးနိုင်မည် ဖြစ်သည်။

Japan Mobility Show တွင် Nissan Motor ၏ အမှုဆောင်အရာရှိချုပ် Makoto Uchida သည် concept အီးဗီ မော်ဒယ်ငါးခုကို မိတ်ဆက်ခဲ့သည်။ သုံးစွဲလိုသည့်ပုံစံ ကွဲပြားသည့်အလျောက် ဆီလျော်အောင် ဒီဇိုင်းထုတ်ပေးထားသည့် အီးဗီ မော်ဒယ်ငါးခု ဖြစ်သည်။
ဂိမ်းဆော့ဖ်ဝဲ ပါသည့် အီးဗီမော်ဒယ်သည် ဂိမ်းဖြင့် ယာဉ်မောင်းစွမ်းရည်တက်အောင် လေ့ကျင့်နိုင်သည်။
အပြည့်အဝ အလိုအလျောက် မောင်းနှင်သည့် ဆော့ဖ်ဝဲ ပါသည့် အီးဗီမော်ဒယ်သည် ကားဖြင့် သွားနေစဉ် ကားမောင်းနေဖို့ မလိုတော့သဖြင့် အခြား လုပ်စရာရှိသည့် အလုပ်များကို ရုံးတက်ရုံးဆင်းခရီးတလျှောက် လုပ်ကိုင်နိုင်စေမည် ဖြစ်သည်။

 Honda၊ Suzuki ၊ Mazda နှင့် အခြားသော ဂျပန်ကုမ္ပဏီများမှ တင်ဆက်မှုများသည် ရှေ့ပြေးပုံစံများကို ပြသပေးသည်။


တရုတ်ကုမ္ပဏီ BYD က ဂျပန်မှာ ရောင်းချနေသည့် အီးဗီ မော်ဒယ် ၃ ခုကို ပြသသည်။ ထို့ပြင် များမကြာခင်မှာ ရောင်းချတော့မည့် Yangwang ပရီမီယံ အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်မည့် လမ်းကြမ်းမောင်း SUV ကို ပြသသည်။ 

 

ဂျာမန်ကားလုပ်ငန်း Mercedes-Benz သည် ဂျပန်မှ ချမ်းသာသူတို့အကြား သည်းခြေကြိုက် ကားအမှတ်တံဆိပ်အဖြစ် အဓွန့်ရှည်ကြာ ရပ်တည်နေသည်။ Mercedes-Benz က အီးဗီ မော်ဒယ် ၅ ခု ပြသသည်။ မော်ဒယ် ၄ ခုမှာ လုပ်ငန်းသုံး ယာဉ်များ ဖြစ်သည်။ 

 

"ယခုနှစ်ကုန်အထိ ဂျပန်နိုင်ငံမှာ ကျွန်တော်တို့ရဲ့ အီးဗီတွေ ရောင်းအား ၂ ဆမက တိုးဖို့ မျှော်မှန်းထားပါတယ်။ အမြန်အားသွင်းစက်တွေ  ၂၀၂၄ နှစ် မကုန်ခင်မှာ ဖြန့်ဖြူးဖို့ ကျွန်တော်တို့ လုပ်ကိုင်နေပါတယ်" Mercedes-Benz ဂျပန်လုပ်ငန်းခွဲ အမှုဆောင် အရာရှိချုပ် Kintaro Ueno က ပြောကြားသည်။

 နောက်ထပ် ဂျာမန် ပရီမီယံကားလုပ်ငန်း BMW က အာရှအတွက် ရည်ရွယ်သည့် concept အီးဗီ မော်ဒယ်အသစ်ကို ပြသသည်။ ၂၀၂၅ ခုနှစ်တွင် စတင်ထုတ်လုပ်ရန် စီစဉ်ထားသည်။ အနည်းဆုံး မော်ဒယ် ၆ ခု ထုတ်လုပ်မည်ဟု ဥက္ကဋ္ဌ Oliver Zipse က ပြောသည်။

 

Sony နှင့် Honda တို့ ဆတူ ရင်းနှီးမြှုပ်ကြသည့် ဖက်စပ်လုပ်ငန်း  Sony Honda Mobility က အီးဗီ ရှေ့ပြေးပုံစံ Afeela ကို ပြသသည်။ ၂၀၂၅ ခုနှစ်တွင် အမှာစာများ စတင်လက်ခံမည်။

 

Source Asia nikkei 
 

Read 1165 times