Porsche ကားများ တင်ဆောင်လာသည့် ကားသင်္ဘော မီးလောင်မှု ဖြစ်ပွား


Porsche ကားများ တင်ဆောင်လာသည့် ကားသင်္ဘော မီးလောင်မှု ဖြစ်ပွား


Porsche အပါအဝင် Volkswagen Auto Group မှ ကားများ တင်ဆောင်လာသည့် ကားသင်္ဘော Felicity Ace မီးလောင်မှု ဖြစ်ပွားရာ သင်္ဘောသားများကို ကယ်ဆယ်ခဲ့ပြီး သင်္ဘောမှာ မီးလောင်ရင်း မျောနေဆဲ ဖြစ်ပါတယ်။ သင်္ဘောပေါ်မှ ကားများ အခြေအနေကို မသိနိုင်သေးပေ။

ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သော ပေါ်တူဂီရေတပ်က ကင်းလှည့်ရေယာဉ်တစ်စီးက အမေရိကန်နိုင်ငံသို့ သွားရောက်ရန် အတ္တလန္တိတ်သမုဒ္ဒရာ ဖြတ်သန်းနေစဉ် မီးလောင်သော ကားသင်္ဘော Felicity Ace မှ သင်္ဘောသားများကို ကယ်ဆယ်ရာမှာ ပါဝင်ကူညီခဲ့ကြောင်း Washington Post သတင်းဌာနကို အတည်ပြု ပြောကြားခဲ့ပါတယ်။

သင်္ဘောက မီလောင်နေချိန်မှာ အရေးပေါ်အချက်ပြ ထုတ်လွှင့်ခဲ့ပါတယ်။ ကုန်တင်တဲ့နေရာ တစ်နေရာမှာ မီးလောင်နေကြောင်း၊ သင်္ဘော ထိန်းကျောင်းမှု မရှိတော့ကြောင်း သတင်းပေးပို့ပါတယ်။
သင်္ဘောပေါ်ပါတဲ့ စုစုပေါင်း သင်္ဘောသား ၂၂ ဦး အကုန်လုံး သင်္ဘောမှ အောင်မြင်စွာ စွန့်ခွာ နိုင်ခဲ့ကြပါတယ်။ သက်ကယ်လှေတစ်စီးဖြင့် ပင်လယ်ပြင်ထဲ ရောက်ရှိခဲ့ကြပါတယ်။

Felicity Ace က ဂျာမန်ဆိပ်ကမ်း Emden မှာ ကားတွေ တင်ပြီး ဖေဖော်ဝါရီလ ၁၀ ရက်မှာ ထွက်ခွာခဲ့ပါတယ်။ ကားအများစုမှာ Porsche  အပါအဝင် Volkswagen Auto Group မှ ကား brands များ ဖြစ်ပါတယ်။ 
အမေရိကန်နိုင်ငံ နယူးအင်္ဂလန်ရှိ ရို့ဒ်အိုင်းလန်းသို့  ဖေဖော်ဝါရီလ ၂၃ ရက်မှာ ဆိုက်ရောက်ဖို့ အစီအစဉ် ရှိပါတယ်။

ပနားမား အလံ လွှင့်တဲ့ Felicity Ace ကားသင်္ဘောထံမှ အရေးပေါ်အချက်ပြ ရရှိပြီးတဲ့အခါ ပေါ်တူဂီ ကင်းလှည့်ရေယာဉ်တစ်စီး၊ အနီးတဝိုက်မှာ ရှိနေတြဲ ကုန်သွယ်ရေကြောင်း သင်္ဘောလေးစီးတို့ ကယ်ဆယ်ရေးအတွက် သွားရောက်ကြပါတယ်။ ဂရိကုမ္ပဏီ Polembros Shipping Limited မှ ပြေးဆွဲတဲ့ ရေနံတင်သင်္ဘော Resilient Warrior က  သက်ကယ်လှေတစ်စီးပေါ်မှ သင်္ဘောသားများကို ကယ်ဆယ်ခဲ့ပါတယ်။

Resilient Warrior ပေါ်မှာ ကယ်ဆယ်ထားတဲ့ သင်္ဘောသားများကို ပေါ်တူဂီရေတပ် ရဟတ်ယာဉ်တစ်စီး သွားရောက်ခေါ်ယူပေးခဲ့ပါတယ်။
ပေါ်တူဂီရေတပ်မှ ထုတ်ပြန်တဲ့ မှတ်တမ်းဗီဒီယိုကို အောက်ဆုံးမှာ ဖော်ပြပေးထားပါတယ်။

ကုန်ခန်းတစ်‌ေနရာမှာ မီးလောင်ကြောင်းသာ သိရပြီး ဘာကြောင့် လောင်သလဲ မသိရသေးပါဘူး။
မီးခိုးတွေ ထွက်နေတဲ့ Felicity Ace ကို အဝေးမှ လှမ်းရိုက်ထားတဲ့ ဓာတ်ပုံကို Resilient Warrior က ပေးပို့ခဲ့ပါတယ်။
Porsche ကုမ္ပဏီက ကားသင်္ဘော မီးလောင်သည်ကို ကြားသိကြောင်း ထုတ်ပြန်ပါတယ်။ သတင်းအချက်အလက်များ သိရှိရတဲ့အခါ သက်ဆိုင်ရာ ကားအရောင်းကိုယ်စားလှယ်များက ကားဝယ်ထားသူများထံ အကြောင်းကြားအသိပေးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Felicity Ace က Volkswagen Auto Group မှ ကား brands များ ဖြစ်ကြတဲ့ Lamborghini, Audi,  Porsche အစရှိတဲ့ ကားများကို ဂျာမနီမှ အမေရိကန်သို့ ပုံမှန် သယ်ပို့ပေးနေတဲ့ ကားသင်္ဘော ဖြစ်ပါတယ်။

Matt Farah က Porsche Boxster Spyder တစ်စီးကို ဩဂုတ်လမှာ မှာကြားခဲ့ပြီး ယခု လကုန်မှာ ကားရောက်လာတော့မယ်လို့ သိထားပါတယ်။ အခုတော့ ရေစုံမျောသွားပြီ ဖြစ်ပါတယ်။ လူ တစ်ယောက်မှ မထိခိုက်ခဲ့တာက ပိုအရေးကြီးပါတယ်လို့ သူက မှတ်ချက်ပြုပါတယ်။
Matt Farah က Boxster Spyder ရတဲ့အခါ DeMan 4.5L flat-six အင်ဂျင် ပြောင်းတပ်ပြီး အဆင့်မြှင်တင်ဖို့ စီစဉ်ထားပြီးပြီ ဖြစ်ပါတယ်။

ကားသင်္ဘော Felicity Ace ပေါ်မှာ ဆုံးရှုံးသွားတဲ့ကားတွေက ဝယ်သူလက်ထဲ မရောက်သေးတာကြောင့် Volkswagen Auto Group မှ အစားထိုး ပြန်လည်ပို့ပေးမယ်လို့ ကြေညာပါတယ်။

တကယ်လို့ Porsche ကား တွေထဲမှာ စီးရေကန့်သတ်ထုတ်လုပ်တဲ့ limited-edition ကား ပါနေရင်တော့ အခြားကားအမျိုးအစားကိုသာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Felicity Ace ကို ၂၀၀၅ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ အလျား ၆၅၆ ပေ ၊ အကျယ် ၁၀၄ ပေ ရှိပါတယ်။  အပြည့်တင်မယ်ဆိုရင် ကားစီးရေ ၄,၀၀၀ နီးပါး တင်နိုင်ပါတယ်။ ဂျပန်သင်္ဘောလိုင်း Mitsui O.S.K. Lines က ပြေးဆွဲနေသော ကားသင်္ဘောဖြစ်ပါတယ်။

updated

 Volkswagen Group က ကားစီးရေ ၄,၀၀ ခန့် ပါဝင်မယ်လို့ ခန့်မှန်းထားပြီး Bentley ၁၈၉ စီး ပါဝင်တယ်လို့ ဆိုပါတယ်။
Porsche Cars North America မှ ပြောရေးဆိုခွင့်ရသူ အမျိုးသမီးက Porsche ကား စီးရေ ၁,၁၀၀ ပါဝင်ကြောင်း ပြောကြားပါတယ်။ 

 

Read 657 times