သင့်အိပ်မက်များ တည်ဆောက်တဲ့ BYD
သင့်အိပ်မက်များ တည်ဆောက် Build Your Dreams ကို အတိုကောက်ပြုထားတဲ့ BYD Auto Co Ltd ကို ၂၀၀၃ ခုနှစ်မှာ ထူထောင်ခဲ့ပြီး။ရှန်စီပြည်နယ် ရှီအန်းမှာ အခြေစိုက်ထားပါတယ်။
ဓာတုပညာရှင်အဖြစ်မှ လုပ်ငန်းရှင် ဖြစ်လာသူ ဝမ်ချွမ်ဖူ Wang Chuanfu က ဆဲလ်ဖုန်းတွေအတွက် ဘက်ထရီ ထုတ်လုပ်ဖို့ BYD ကို ထူထောင်ခဲ့တာဖြစ်ပြီး ဖုန်းဘက်ထရီ ထုတ်လုပ်ရေး အကြီးမားဆုံး လုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
ကမ္ဘာ့ထိပ်တန်း ရင်းနှီးမြှုပ်နှံသူ ဝါရင် ဘတ်ဖက်တ် Warren Buffett က BYD ရဲ့ ရှယ်ယာတွေကုိ လွန်ခဲ့တဲ့ ၁၃ နှစ်တုန်းက ဟောင်ကောင်စတော့အိပ်ချိန်းမှာ အမေရိကန်ဒေါ်လာ ၂၃၂ သန်းဖိုး ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ အခုလို ဝါရင် ဘတ်ဖက်က ရင်းနှီးမြှုပ်နံတဲ့အတွက် ကုမ္ပဏီ အနေဖြင့် နာမည်ကောင်း ရရှိပြီး အခြားရင်းနှီးမြှုပ်နှံသူတို့ရဲ့ ယုံကြည်စိတ်ချမှုကိုလည်း ရရှိစေပါတယ်။
ယခုအခါ BYD ရဲ့ အစုရှယ်ယာ ၂၄.၆% ကို ဝါရင် ဘတ်ဖက်တ်က ပိုင်ဆိုင်ထားပြီး ရှယ်ယာများ ဒုတိယအများဆုံး ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။
လက်ရှိပေါက်ဈေးအရ ကုမ္ပဏီအစုရှယ်ယာ စုစုပေါင်း တန်ဖိုး၊ တနည်းဆိုသော် ဈေးကွက် တန်ဖိုး (Market cap)အရကြည့်ရင် ကားထုတ်လုပ်ရေးကဏ္ဍမှာ Toyota က ပထမ၊ Tesla က ဒုတိယဖြစ်ပြီး BYD က တတိယ ဖြစ်ပါတယ်။
၂၀၂၂ ဇန်နဝါရီလ ၈ ရက်မှာ Market cap ကန်ဒေါ်လာ ၁၁၂.၉ ဘီလျံ ရှိပါတယ်။
BYD Co Ltd. လက်အောက်မှာ အဓိကကျတဲ့ လုပ်ငန်းနှစ်ခုက BYD Automobile နဲ့ BYD Electronic တို့ဖြစ်ပါတယ်။
ယခုအခါ BYD Automobile က လျှပ်စစ်မော်တော်ယာဉ်များ၊ ပလပ်အင် ဟိုင်းဘရစ် မော်တော်ယာဉ်များ၊ ဓာတ်ဆီအင်ဂျင် မော်တော်ယာဉ်များ ထုတ်လုပ်လျက်ရှိပါတယ်။ ဘတ်စ်၊ ထရပ်ကား၊ လျှပ်စစ်စက်ဘီး၊ ဖေါ့ခ်လစ်ဖ်၊ အားပြန်သွင်းနိုင်တဲ့ ဘက်ထရီအမျိုးမျိုးတို့ကိုလည်း ထုတ်လုပ်ပါတယ်။
ဉရောပမှာ လျှပ်စစ်ကားတွေ အဝယ်အလိုက်ဆုံး နိုင်ငံဖြစ်တဲ့ နော်ဝေမှာ BYD ရဲ့ Tang EV က အရောင်းရဆုံးကား ဖြစ်ပါတယ်။
တရုတ်ပြည်တွင်းဈေးကွက်မှာတော့ Plug-In လျှပ်စစ်ကားအမျိုးမျိုးက ၂၀၂၁ နိုဝင်ဘာလအတွင်းမှာ အရောင်းရဆုံး အမျိုးအစား ဖြစ်ပါတယ်။
ဇွန်လနောက်ပိုင်းကစလို့ တစ်လထက်တစ်လ စီးရေ ၁၀,၀၀၀ ထပ်တိုးလာခဲ့ရာ နိုဝင်ဘာလမှာ စီးရေ ၉၀,၁၂၁ ရောင်းချခဲ့ပြီး အားလုံးနီးပါး ပြည်တွင်းဈေးကွက်မှာ ရောင်းခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာလမှာ စီးရေ ၉၂,၈၂၃ ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ကြေညာပါတယ်။
၂၀၂၁ ဒီဇင်ဘာလကုန်အထိ BYD ရောင်းချခဲ့တဲ့ စွမ်းအင်သစ်အိမ်စီးကား စီးရေက ၅၉၃,၇၄၅ စီး ဖြစ်ကြောင်း Tweeter မှာ အသိပေးကြေညာထားပါတယ်။