တော်ဝင်နန်းသုံး Century စည်းစိမ်ကား SUV ဗားရှင်းကို ယခုနှစ်နှောင်းပိုင်းတွင် Toyota ရောင်းချမည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Toyota Motor သည် ဂျပန်နိုင်ငံတွင် ၎င်း၏ အရွယ်အစား ထည်ဝါပြီး စည်းစိမ်အပြည့်ရှိမည့် ကားများကို ထုတ်လုပ်ရန် စီစဉ်နေပြီး brand ဂုဏ်ရည်ကို အဆင့်မြှင့်တင်ရန် စီစဉ်နေသည်။
ကုမ္ပဏီသည် ဂျပန်ဈေးကွက်ကို ရည်ရွယ်သည့် Century စည်းစိမ်ကားမော်ဒယ်၏ SUV ဗားရှင်းကို ဖြန့်ချိရန် စီစဉ်နေသည့်အပြင် တရုတ်နိုင်ငံတွင် ရောင်းအားကောင်းသည့် Lexus brand ဖြင့် ထုတ်လုပ်သည့် မီနီဗင်မော်ဒယ်ကိုလည်း ဂျပန်ဈေးကွက်အတွက် ထုတ်လုပ်မည် ဖြစ်သည်။
၎င်းကားနှစ်မျိုးစလုံး ရောင်းဈေး ယန်း ၁၀ သန်း($76,300)မှ ယန်း သန်း ၂၀ အထက် ကြားတွင် ရှိမည် ဖြစ်သည်။
Toyota ၏ လက်ရှိ ထိပ်တန်း SUV ဖြစ်သည့် Land Cruiser ၏ အထက်တွင် နေရာယူမည့် Century SUV အမျိုးအစားကို ဩဂုတ်လ သို့မဟုတ် ဩဂုတ်လနောက်ပိုင်းတွင် စတင်ရောင်းချမည်။
မြောက်အမေရိကဈေးကွက်တွင် ရောင်းချသည့် အလယ်အလတ် အရွယ်အစား Highlander စီးရီးကို အခြေခံထားသော ဟိုက်ဘရစ်မော်ဒယ်အဖြစ် ထုတ်လုပ်မည်။
ထုတ်လုပ်မှုကို Lexus ကားများ ထုတ်လုပ်သည့် Aichi စီရင်စုမှ Tahara Plant တွင် ဆောင်ရွက်မည်။
၁၉၆၇ တွင် ထုတ်လုပ်ခဲ့သော Century သည် ဂျပန်တော်ဝင်မိသားစု၊ နိုင်ငံရေးသမားများ၊ လုပ်ငန်းရှင်များ သုံးစွဲသည့်ကားအဖြစ် ရေပန်းစားသည်။ ယာဉ်မောင်းဝန်ထမ်း ခန့်ထားပြီး စီးကြသည်။
၂၀၁၈ ခုနှစ်တွင် ဒီဇိုင်း လုံးဝပြန်ထုတ်ထားသည့် လက်ရှိ Century ၏စျေးနှုန်းသည် ယန်းသန်း ၂၀ ခန့် ဖြစ်သည်။
Century SUV အသစ်သည် အနည်းဆုံး ယန်း ၁၀ သန်း အထက်တွင် ရှိလိမ့်မည်။ Toyota သည် နိုင်ငံရပ်ခြားမှ ချမ်းသာသူများထံ ရောင်းချရန် အတွက်လည်း ရည်ရွယ်ထားပုံ ရသည်။
Lexus ၏ ပထမဆုံး မီနီဗင်ကို LM ဟု အမည်ပေးထားပြီး ယခုနှစ် ဒုတိယနှစ်ဝက်တွင် ဂျပန်နိုင်ငံတွင် စတင်ရောင်းချဖွယ် ရှိသည်။ ဟိုက်ဘရစ် အမျိုးအစားဖြစ်ပြီး တရုတ်နိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်တွင် စတင်ရောင်းချခဲ့သည်။ ဈေးနှုန်းမှာ ယွမ် ၁.၁၆ သန်းမှ ယွမ် ၁.၄၆ သန်း ($171,000 ~ $215,000) ဖြစ်သည်။
Lexus LM
LM သည် တရုတ်နိုင်ငံတွင် အလွန်ရေပန်းစားပြီး ကားဟောင်းဈေးကွက်တွင် စက်ရုံထုတ်ဈေးထက် ဈေးပိုမြင့်သည်။ စက်ရုံထုတ်ဈေးဖြင့် ဝယ်ယူလိုပါက အမှာစာ ပေးထားပြီး ကားရဖို့ စောင့်ရသဖြင့် မစောင့်လိုသူတို့က ကားဟောင်းဈေးကွက်တွင် ဝယ်ယူလိုက်ကြသည်။
Toyota သည် စည်းစိမ်ကားထိပ်တန်းများ ဖြစ်သည့် Rolls-Royce နှင့် Bentley တို့က ကြီးစိုးထားသော ကမ္ဘာ့ဈေးကွက် အပိုင်းအကန့်ကို ဝင်ရောက်ရန် ရည်ရွယ်သည်။
၎င်းအပိုင်းအကန့်သည် ကမ္ဘာ့စီးပွားရေးကျဆင်းသည်ကို မဖြုံသည့် ဝယ်လက်များ ရှိနေသည်။ ၂၀၂၂ တွင် Rolls-Royce သည် ၆,၀၂၁ စီး ရောင်းချပြီး စံချိန်သစ်တင်သည်။
Rolls-Royce Cullinan SUV ဈေးနှုန်းသည် $300,000 အထက်တွင် ရှိသည်။
Bentley သည် ၂၀၂၂ ဇန်နဝါရီမှ စက်တင်ဘာအထိ ၉ လတာတွင် စီးရေ ၁၁,၀၀၀ ရောင်းချခဲ့သည်။
Source Asia Nikkei
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U