အကောင်အထည် မပေါ်သေးသည် Foxconn အီးဗီကန်ထရိုက် အစီအစဉ်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
စံချိန်စံညွှန်းမီ လျှပ်စစ်ကားပလက်ဖောင်းတစ်ခုဖြင့် ဈေးသက်သာသည့် လျှပ်စစ်ကားများ ထုတ်လုပ်ရန်အတွက် ထိုင်း နှင့် အိန္ဒိယကို ရွေးချယ်ထားကြောင်း Foxconn ၏ အီးဗီလုပ်ငန်းကဏ္ဍ၏ အမှုဆောင်အရာရှိချုပ် Jack Cheng က ပြောကြားသည်။
အရွယ်အစား ငယ်သည့် အီးဗီကားများ ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း ၎င်းက ပြောကြားသည်။
Cheng သည် တရုတ် အီးဗီ NIO ပူးတွဲတည်ထောင်သူဖြစ်ပြီး Foxconn သို့မဝင်ရောက်မီ တရုတ်နိုင်ငံတွင် Fiat ၏ ဖက်စပ်လုပ်ငန်းကို ဦးဆောင်ခဲ့သည်။
အမှုဆောင်အရာရှိချုပ် Jack Cheng
Foxconn ၏ အီးဗီ ပလက်ဖောင်းကို Mobility in Harmony (MIH) ဟု အမည်ပေးထားသည်။
Foxconn သည် အီးဗီကို အခြားလုပ်ငန်းတစ်ခုနှင့် ဖက်စပ်လုပ်ငန်း ထူထောင်ပြီး ထုတ်လုပ်ရန် ရည်ရွယ်ထားပြီး $20,000 အောက် ၃ ယောက်စီး အီးဗီမော်ဒယ်ကို ထုတ်လုပ်မည် ဖြစ်သည်။
ကော်ပိုရေးရှင်းများက ကုမ္ပဏီအတွက် အစီးရေ ရာထောင်ချီ မှာကြားလျှင် မှာကြားသူ၏ လိုအပ်ချက်များနှင့်အညီ ဒီဇိုင်းထုတ်ပြီး MIH ပလက်ဖောင်းပေါ်တွင် ထုတ်လုပ်ပေးမည်။
MIH အတွက် စတိုးဆိုင်ခွဲများ ဖွင့်လှစ်သည့် လက်လီအရောင်းလုပ်ငန်းများ၊ ကားအငှား လုပ်ငန်းများ၊ အမြန်ချောပို့ လုပ်ငန်းများနှင့် ပြောဆိုလျက်ရှိကြောင်း Cheng က ပြောကြားသည်။
အောက်တိုဘာလတွင် ကျင်းပမည့် ဂျပန်နိုင်ငံ၏ အကြီးမားဆုံး ကားပြပွဲတွင် ပထမဆုံး အီးဗီမော်ဒယ်ကို ပွဲထုတ်ပြသမည်ဟု Cheng က ပြောကြားသည်။
၎င်းမော်ဒယ် ရောင်းဈေးသည် $10,000 နှင့် $20,000 ကြားတွင် ဖြစ်မည်ဟု ၎င်းက ဆိုသည်။
ထုတ်လုပ်မှုအတွက် ထိုင်းနှင့် အိန္ဒိယတို့ကို ရွေးချယ်ထားသည်။
ရေရှည်တွင် MIH ကြီးထွားရန် အိန္ဒိယသည် အလွန်အရေးပါသည်ဟု Cheng က ပြောကြားသည်။
"အလားအလာရှိတဲ့ ဈေးကွက်မှာ ထုတ်လုပ်မှုကို လုပ်ရမယ်။ အိန္ဒိယနှင့် အရှေ့တောင်အာရှတို့မှာ MIH ကြီးထွားရန်အတွက် အလားအလာကောင်းတွေ ရှိနေတယ်" ဟု Cheng က ပြောကြားသည်။
ထိုင်းတွင် ၂၀၂၁ ခုနှစ်ကတည်းက ထိုင်းနိုင်ငံပိုင် လုပ်ငန်းစုကြီး PTT Plc နှင့် ဖက်စပ်လုပ်ငန်းတစ်ခု ထူထောင်ထားသည်။
Foxconn သည် အီးဗီ ထုတ်လုပ်လိုသည့် ကုမ္ပဏီများအတွက် အီးဗီများကို ကန်ထရိုက်စနစ်ဖြင့် ထုတ်လုပ်လိုသည်။ Apple ၏ iPhone စမတ်ဖုန်းများကို ကန်ထရိုက်ယူပြီး ထုတ်လုပ်သည့် စီးပွားပုံစံမျိုးဖြင့် လုပ်ကိုင်မည် ဖြစ်သည်။
သို့သော် ယခုအထိ မည်မည်ရရ ဘာတစ်ခုမှ အကောင်အထည် မပေါ်သေးပေ။
ထိုသို့ ကန်ထရိုက်ယူပြီး ထုတ်လုပ်ရန်အတွက် ယာဉ်ပစ္စည်းများ၊ အစိတ်အပိုင်းများ ပေးသွင်းသည့်သူများ ၂,၆၀၀ ခန့်နှင့် လွန်ခဲ့သည့် ၂ နှစ်ကတည်းက သဘောတူ စာချုပ်များ ချုပ်ဆိုထားသည်။
MIH က အောက်တိုဘာလတွင် ၃ ယောက်စီး အီးဗီကို ပွဲထုတ်ပြသပြီးလျှင် ၁၈ လမှ ၂၄ လအတွင်း အမြောက်အမြား ထုတ်လုပ်ပေးနိုင်မည်ဟု Cheng က ပြောကြားသည်။
၂၀၂၄ ခုနှစ်တွင် ၆ ယောက်စီး အီးဗီမော်ဒယ်၊ ၂၀၂၅ ခုနှစ်တွင် ၉ ယောက်စီး အီးဗီမော်ဒယ် ရှေ့ပြေးပုံစံ ပြီးစီးမည်။
"အိန္ဒိယမှာ ထုတ်လုပ်မှု လုပ်မယ်။ Foxconn ရဲ့ စက်ရုံ ဖြစ်ချင်ဖြစ်မယ်။ အိန္ဒိယကုမ္ပဏီရဲ့ စက်ရုံ ဖြစ်ချင်ဖြစ်မယ်" ဟု Cheng က ပြောကြားသည်။
Source bangkokpost
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL