ကားအငှား လုပ်ငန်းကြီး Hertz က ကိုဗစ်ကာလမှာ ဒေဝါလီခံရလုနီးပါး ဖြစ်နေခဲ့ပြီး ယခု လျှပ်စစ်ကားအငှားလုပ်ငန်း အဖြစ်သို့ ပြောင်းလဲဖို့ စတင်လိုက်ပါတယ်။
Tesla က Hertz ကို ၂၀၂၂ နှစ်ကုန် နောက်ဆုံးထားပြီး စီးရေ ၁၀၀,၀၀၀ ပေးသွင်းရမှာဖြစ်ပြီး တစ်သုတ်တည်းဖြင့် မှာယူအီးဗီစီးရေ အများဆုံး စံချိန်တင်လိုက်ပါတယ်။ အခုလို မှာကြားတာကို Hertz က ကနဦး အသုတ် မှာကြားလိုက်တာလို့ ဆိုပါတယ်။
သတင်းကောင်းကြောင့် Tesla ရဲ့ ရှယ်ယာတွေ ဈေးတွက်သွားပြီး Tesla ရဲ့ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ တစ်ထရီလီယံ ကျော်သို့ ပထမဆုံးအကြိမ် ရောက်ရှိသွားပါတယ်။
မှာကြားထားတဲ့ အီးဗီတွေ ရောက်မလာသေးခင်မှာ Hertz က အားသွင်းဖို့ နေရာတွေ ကြိုတင် စီစဉ်ထားမယ်လို့ ဆိုပါတယ်။
Tesla ရဲ့ Model 3 ကားတွေ ယခုနှစ် နိုဝင်ဘာလမှာ စတင်ထုတ်လုပ်ပေးသွင်းမယ်လို့ မျှော်လင့်ရပါတယ်။ ၂၀၂၂ ခုနှစ် တစ်လျှောက်လုံး ဆက်လက်ထုတ်လုပ် ပေးသွင်းမှာ ဖြစ်ပါတယ်။
Hertz က ကိုဗစ်ကာလမှာ ကားစီေရ သောင်းဂဏန်းကို ရောင်းထုတ်ပစ်ခြင်း၊ အရည်ကြိုပို့ခြင်းများ မလွဲမရှောင်သာ လုပ်ဆောင်ခဲ့ရလို့ ယခုအခါ လျော့ကျနေတဲ့ စီးရေအင်အားကို လျှပ်စစ်ကားများဖြင့်သာ ပြန်လည်ဖြည့်တင်းမှာ ဖြစ်ပါတယ်။ ကုန်ကျစရိတ်သက်သာအောင် ကားငှားရမ်းဌာနတွေ နေရာအတော်များများမှာ ပိတ်သိမ်းခဲ့ရပါတယ်။
ယခုနှစ် ၂၀၂၁ နိုဝင်ဘာလမှာ Model 3 ကားတွေ လက်ခံရရှိပြီးရင် ကားငှားမယ့်သူတွေ စတင်ငှားစီးနိုင်မယ်လို့ Hertz က ဆိုပါတယ်။ အမေရိကန်နဲ့ ဥရောပတို့မှာ စတင်မှာ ဖြစ်ပါတယ်။
Hertz ရဲ့ ကမ္ဘာတစ်လွှားမှာ ရှိတဲ့ ကားတွေရဲ့ ၂၀% ဟာ ၂၀၂၃ ခုနှစ် နှစ်ကုန်မှာ အီးဗီတွေ ဖြစ်နေမယ်လို့ ဆိုပါတယ်။
စီးရေ တစ်သိန်း ပမာဏဟာ လောလောဆယ် အနေအထားမှာ Tesla အတွက် အတော်များတဲ့ အရေအတွက် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သုံးလပတ်မှာ စီးရေ ၂၄၂,၃၀၀ ထုတ်လုပ်နိုင်ခဲ့ပြီး ကုမ္ပဏီအဖို့ ထုတ်လုပ်မှုအများဆုံးစံချိန်သစ် ဖြစ်ပါတယ်။
ဂျာမနီမှ Tesla ရဲ့ ကားစက်ရုံသစ် Berlin-Brandenburg စက်ရုံက လာမယ့် ဒီဇင်ဘာလမှာ ကားတွေ စတင်ထုတ်လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ အမေရိကန် နိုင်ငံ တက္ကဆက်မှ စက်ရုံသစ်Gigafactory ကတော့ စတင်ထုတ်လုပ်ဖို့ လအတန်ကြာ လိုသေးတယ်လို့ ဆိုပါတယ်။
Tesla အနေဖြင့် စီးရေတစ်သိန်း အချိန်မီ ထုတ်လုပ်ပေးသွင်းနိုင်ဖို့ အဆိုပါစက်ရုံ နှစ်ရုံကို အားကိုးအားထား ပြုနိုင်တဲ့အပြင် တရုတ်နိုင်ငံ
ရှန်ဟိုင်းမြို့မှာ တည်ရှိတဲ့ ကားစက်ရုံကိုလည်း လိုအပ်ရင် အားဖြည့်တင်းမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ရှန်ဟိုင်းမှာ ထုတ်လုပ်တဲ့ Tesla ကားတွေကို အနောက်ဉရောပသို့ တင်ပို့ခဲ့ပါတယ်။