Mitsubishi Motors အနေဖြင့် လွန်ခဲ့တဲ့ ခြောက်နှစ်တုန်းက ရွှေထီးဆောင်းခဲ့ရတဲ့ အခြေအနေဆီ ပြန်ရောက်ဖို့ အတော်ကြိုးစားနေရတယ်။ အခုထိတော့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။
.
Mitsubishi Motors ကို ဂျပန်မှာ မွေးဖွားပြီး ကြီးပြင်းခဲ့တယ်။ စီးပွားတက်စေခဲ့တာကတော့ အရှေ့တောင်အာရှ ဈေးကွက်တွေ ဖြစ်ပါတယ်။ အဲဒီလို သူ့အတွက် အရေးပါတဲ့ အရှေ့တောင်အာရှ ဈေးကွက်တွေထဲမှာ Mitsubishi Motors က လတ်တလော နှစ်တွေမှာ မျက်နှာစာနှစ်ခုဖွင့်ပြီး ယှဉ်ပြိုင်နေတယ်။ မျက်နှာစာတစ်ခုက ဂျပန်ကားလုပ်ငန်း ပြိုင်ဘက်တွေ ဖြစ်ပါတယ်။ နောက်ထပ် မျက်နှာစာတစ်ခုမှာတော့ တရုတ်နိုင်ငံမှ ကားထုတ်လုပ်တဲ့လုပ်ငန်းတွေကို ယှဉ်ပြိုင်နေရတယ်။
လတ်တလောနှစ်တွေမှာ Mitsubishi Motors က မော်ဒယ်အသစ်တွေ မထုတ်လုပ်ပေးတာကြောင့် အာရှမှ ကားဝယ်စီးကြသူတွေက သဘောမတွေ့ကျဘူး။ သူတို့က ကားအသစ်ကျပ်ချွတ်ကို ဝယ်စီးတဲ့အခါ မော်ဒယ်အသစ်တွေကို ရွေးချယ်လိုကြတယ်။
အခြေအနေတွေကလည်း တိုက်ပွဲဝင်နေရတဲ့ Mitsubishi Motors အတွက် အကောင်းဘက်မှာ မရှိဘူး။ Nikkei Asia မှ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ အရှေ့တောင်အာရှ ဒေသတွင်းမှာ Mitsubishi Motors ရဲ့ ဈေးကွက်ဝေစုက ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ၂.၉ % ပဲ ရှိခဲ့တယ်။ လွန်ခဲ့တဲ့ ခြောက်နှစ် ဖြစ်တဲ့ ၂၀၁၅ ခုနှစ်တုန်းက ၁၅.၃ % ရှိခဲ့တာမို့ အတော်ကြီး အလှမ်းကွာနေတယ်။ ကားတစ်စီးရောင်းချရတဲ့အခါ ရရှိတဲ့ ပျမ်းမျှအားဖြင့် အမြတ်က၂၀၁၅ ခုနှစ်တုန်းက ယန်း ¥279,000 ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်မှာတော့ ယန်း ¥49,000 ပဲ ရှိပါတယ်။
Mitsubishi Motors ရဲ့ ပြီးခဲ့တဲ့ ၅ နှစ်တာကာလ အမြတ်စုစုပေါင်းမာဏက ၂၀၂၀ မတ်လကုန်မှာ ယန်း ¥366.1 ဘီလျံ ရှိပါတယ်။ ၇၇% ကို အရှေ့တောင်အာရှ ဈေးကွက်များထံမှ ရရှိခဲ့တာ ဖြစ်ပါတယ်။ အဓိကကျတဲ့ဈေးကွက် သုံးခုမှာ Mitsubishi Motors ရဲ့ ခန့်မှန်းဈေးကွက်ဝေစုက ဖိလစ်ပိုင်မှာ ၁၅% ၊ အင်ဒိုနီးရှားမှဦ ၁၀% နဲ့ ထိုင်းမှာ ၇% အသီးသီး ရှိပါတယ်။
ကားဦးပိုင်း မျက်နှာစာပဲ မွမ်းမံပြီး မော်ဒယ်အသစ်အဖြစ် ထုတ်လုပ်ခဲ့တဲ့ Strada (အချို့ဈေးကွက်များတွင် Triton compact pickup အမည်ဖြင့် ရောင်းချတဲ့ မော်ဒယ်)ဟာ အခုဆိုရင် ၆ နှစ် ရှိနေပါပြီ။
မော်ဒယ်အသစ် မထွက်တဲ့ အားနည်းချက်ကို ဖြေရှင်းဖို့အတွက် ၂၀၂၂ ခုနှစ်မှာ မော်ဒယ်အသစ် ၅ ခု ထုတ်လုပ်သွားဖို့ အစီအစဉ် ချမှတ်ထားပါတယ်။ Xpander ကို ဒီဇိုင်းအသစ် ပြန်ထုတ်မယ်လို့ ဆိုပါတယ်။ ကားထုတ်လုပ်မှုတွေက လျှပ်စစ်ကား ထုတ်လုပ်မှုဆီကို အပြောင်းအရွှေ့ လုပ်နေကြတာမို့ လျှပ်စစ်မော်တော်ယာဉ် Electric vehicles (EVs) မော်ဒယ်ကိုလည်း ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ EV အငယ်စားဖြစ်တဲ့ မီနီအီးဗီမော်ဒယ်တစ်မျိုးကို ရောင်းဈေး ကန်ဒေါ်လာ ၁၈၀,၀၀၀ ဖြင့် ရောင်းချပြီး ပြိုင်ဘက် တရုတ်ကားလုပ်ငန်းတေတွကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာစေဖို့အတွက် နီဆန်းကားလုပ်ငန်းမှ စက်ပစ္စည်းအစိတ်အပိုင်းတချို့ကို ရယူသုံးစွဲသွားမယ်လို့ Mitsubishi Motors ရဲ့ အကြီးအကဲဖြစ်သူ Takao Kato က ပြောကြားခဲ့ပါတယ်။