Toyota ကို ကျော်တက်နိုင်မည့်  ရည်မှန်းချက် Tesla ချမှတ် 


Toyota ကို ကျော်တက်နိုင်မည့်  ရည်မှန်းချက် Tesla ချမှတ် 

Tesla က ၂၀၃၀ ခုနှစ်တွင် တစ်နှစ် ကားစီးရေ သန်း ၂၀ ထုတ်လုပ်ရန် ရည်မှန်းချက် ချမှတ်သည်။ Toyota ကို ကျော်တက်ပြီး ကမ္ဘာ့ကားအများဆုံး ကားထုတ်လုပ်သည့် လုပ်ငန်း ဖြစ်သွားစေမည့် ရည်မှန်းချက် ဖြစ်သည်။ 

Tesla သည် နှစ်စဉ် ကားသစ် သန်း ၂၀ ထုတ်လုပ်ရန် လုပ်ဆောင်နေကြောင်း Tesla ၏ စီအီးအို Elon Musk မှ ပြောကြားခဲ့ပါသည်။ အကုန်လုံး ရောင်းချနိုင်ခဲ့လျှင်  ကမ္ဘာ့နံပါတ်တစ် ကားထုတ်လုပ်သူ Toyota ၏ ရောင်းအားထက် နှစ်ဆဖြစ်လိမ့်မည်။

စက်ရုံတစ်ခု၏ ပျမ်းမျှ ထုတ်လုပ်စီးရေ 'run rate' ကို တစ်နှစ် စီးရေ ၁ သန်းမှ ၁ သန်းခွဲသို့ ယခုနှစ် မြှင့်တင်ကြောင်း၊ နောက်တစ်ဆင့်တွင် စီးရေ ၂ သန်းသို့ မြှင့်တင်မည်ဖြစ်ကြောင်း Elon Musk မှ ပြောကြားခဲ့ပါသည်။

 

 

ရည်မှန်းချက်အသစ်သည် ကုမ္ပဏီအနေဖြင့် ကားထုတ်လုပ်ရေးစက်ရုံ  'Gigafactory' အနည်းဆုံး  ၁၀ ခုကို လည်ပတ်ရန် လိုအပ်မည်။ ပျမ်းမျှအားဖြင့် စက်ရုံတစ်ခု တစ်နှစ်စီးရေ ၂ သန်းထုတ်လုပ်မှ တစ်နှစ် စုစုပေါင်း စီးရေ သန်း ၂၀ ပြည့်မီမည် ဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီ Toyota သည်  ကားသစ် ၁၀.၅ သန်းခန့် ရောင်းချနိုင်ခဲ့သည်။
ဒုတိယနေရာတွင် ရှိနေသော Volkswagen Group က စီးရေ ၉.၃ သန်း ရောင်းချခဲ့သည်။
Tesla က စီးရေ ၉၃၆,၀၀၀ ရောင်းချခဲ့သည်။

ဂျာမနီနှင့် တက္ကဆက်တွင် တည်ရှိသော ကုမ္ပဏီ၏ နောက်ဆုံးဖွင့်လှစ်ခဲ့သည့် စက်ရုံနှစ်ရုံသည် run rate  တစ်နှစ် စီးရေ ၁.၅ သန်း ရသော်လည်း  “အသေးစား ပြဿနာပေါင်း တစ်သောင်း ခြောက်ထောင်” ကို ဖြေရှင်းနေရကြောင်း
  Musk က ပြောကြားခဲ့သည်။
 ဘက်ထရီများ အပါအဝင် ယာဉ်အစိတ်အပိုင်းများ  ပြတ်လပ်မှုနှင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုတို့ကို လောလောလတ်လတ် ရင်ဆိုင်နေကြရစဉ်  Tesla သည် ၎င်း၏ လျာထားချက်ကို ရောက်နိုင် မရောက်နိုင်ဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်သည်ဟု သုံးသပ်ကြသည်။

 

 

Tesla Inc. ၏ အမှုဆောင်အရာရှိချုပ် Elon Musk သည် အခြား မော်တော်ကားကုမ္ပဏီမှ အမှုဆောင်အရာရှိများ စိတ်ကူးပင် မယဉ်ဝံ့သော ပြင်းပြင်းထန်ထန် ထုတ်လုပ်မှု တိုးချဲ့ခြင်းကို ဖြစ်မြောက်အောင်  သူ၏ သက်တမ်းနု ကုမ္ပဏီကို ဦးဆောင်နိုင်ခဲ့သူ ဖြစ်သဖြင့် စီးရေ သန်း ၂၀ လျာထားချက် ဖြစ်ကောင်းဖြစ်လာနိုင်သည်။ ဖြစ်လာခဲ့လျှင်  Tesla သည် ကမ္ဘာ့ကားစျေးကွက်၏ ၂၀ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်နိုင်မည်ဖြစ်သည်။

Tesla သည် ကမ္ဘာ့လျှပ်စစ်ကား ထုတ်လုပ်ရေးကဏ္ဍ၏ မျက်နှာစာတွင် ရောက်ရှိနေသည်။ ထိုအချက်က Tesla ကားများ ရောင်းအား ခိုင်မာနေစေသည်။ စီးရေ သန်း ၂၀ ထုတ်လျှင်လည်း တစ်စီးမကျန် ရောင်းချနိုင်မည်ဟု မျှော်လင့်ရသည်။

ယခုနှစ်တွင် Tesla ၏ လျှပ်စစ်ကားများ တင်ပို့ရောင်းချမှုသည် စီးရေ ၁.၅ သန်းသာ ရှိသေးသည်။ ၂၀၃၀ တွင် တစ်နှစ် စီးရေ သန်း ၂၀ ဖြစ်ရန် ယခုထက် ၂၃ ဆ တိုးမြှင့်ရမည် ဖြစ်သည်။ တစ်နှစ်ထက်တစ်နှစ် ဆတိုးဖြင့် တိုးထုတ်သွားဖို့ လိုအပ်ပေသည်။ 
ထို့အတွက် အဓိကအတားအဆီးမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ခြင်း ဖြစ်သည်။ ၂၀၃၀ မရောက်ခင် ကျန်ရှိသည့် ၈ နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၄၀၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံရမည် ဖြစ်သည်။ စက်ရုံများ လည်ပတ်စရိတ်နှင့် ဘက်ထရီအပါအဝင် ပစ္စည်းဖိုး အမေရိကန်ဒေါ်လာ ၂၀၀ ဖြင့် လုပ်ကိုင်ဖို့ လိုအပ်မည် ဖြစ်သည်။
ဘက်ထရီ ထုတ်လုပ်မှုသည် ယခုထက် အဆ ၃၀ ခန့် တိုးမြှင့်ဖို့ လိုအပ်မည်။ လက်ရှိတွင် Tesla သည် တစ်နှစ်လျှင် ဘက်ထရီပမာဏ 100 GWh ထုတ်လုပ်လျက်ရှိသည်။ တရုတ်နိုင်ငံမှ အီးဗီဘက်ထရီ ထုတ်လုပ်ရေး လုပ်ငန်းများထံမှလည်း ဝယ်ယူသုံးစွဲလျက်ရှိသည်။
“ရေရှည်မှာ တစ်နှစ်ကို ဘက်ထရီ  3,000 GWh သို့မဟုတ် 3 terawatt-hours ထုတ်လုပ်ဖို့ ကျွန်တော်တို့  မျှော်မှန်းထားပါတယ်။ ၂၀၃၀ မှာ ရည်မှန်းချက် ရောက်ဖို့ အခွင့်အလမ်းကောင်း ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ၂၀၃၀ မှာ ရောက်နိုင်မယ်လို့ ကျွန်တော် တော်တော်လေး ယုံကြည်ထားပါတယ်" ဟု Elon Musk က ပြောကြားခဲ့သည်။

 “gigafactory"  စက်ရုံအသစ် တစ်နှစ်လျှင် တစ်ရုံ တိုးဖို့ လိုလိမ့်မည်။ ထို့အတွက် နောက်ထပ် ဆောက်လုပ်မည့် စက်ရုံသစ်၏ တည်နေရာကို ယခုနှစ်မကုန်မီတွင် ကြေညာနိုင်မည်ဟု Musk က ပြောကြားခဲ့သည်။
Source drive.com
#MyanmarAutomobileGuide 
 Telegram Channel  https://t.me/Guid4U

Read 2425 times