အိန္ဒိယဈေးကွက်ထဲ ဝင်ရေးခက်ခက် ဖြစ်နေဆဲ Tesla


အိန္ဒိယဈေးကွက်ထဲ ဝင်ရေးခက်ခက် ဖြစ်နေဆဲ Tesla

လျှပ်စစ်ကား Tesla တွေ အိန္ဒိယဈေးကွက်ထဲ ရောင်းဖို့ အခြေအနေ ဘယ်လိုလဲလို့ မေးလိုက်တိုင်း Tesla ရဲ့ ဦးစီး  Musk က "စိန်ခေါ်မှု အများအပြားကို အစိုးရနဲ့ ဖြေရှင်းဆောင်ရွက်နေဆဲ" လို့ အဖြေပေးလေ့ရှိပါတယ်။

အိန္ဒိယဈေးကွက်ထဲ ဝင်ရောက်ဖို့ Tesla ကြုံနေရတဲ့ အခက်အခဲတွေထဲမှာ အဓိကျတာက အခွန်မြင့်မားနေခြင်း ဖြစ်ပါတယ်။ 

၂၀၂၀ အောက်တိုဘာလမှာ Musk က ပြောတယ်။ နောက်နှစ်မှာ Tesla ကားတွေ အိန္ဒိယ နိုင်ငံသို့ တင်သွင်းပြီး အိန္ဒိယဈေးကွက်ထဲမှာ စတင်ရောင်းချပါမယ်။ ကုမ္ပဏီက အဆက်အသွယ်တွေကနေတစ်ဆင့် သွင်းကုန်ခွန် သက်သာရာသက်သာကြောင်း ရရှိဖို့ ကြိုးပမ်းနေကြောင်း ပြောကြားပါတယ်။
ယခု ၂၀၂၂ ခုနှစ်ကို ရောက်လာပါပြီ။ အိန္ဒိယဈေးကွက်ထဲမှာ Tesla ကားတွေ ဘယ်တော့ စရောင်းမှာလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ 

အမေရိကန်ဒေါ်လာ ၄၀,၀၀၀နှင့် အောက် ရောင်းဈေး ရှိတဲ့ ကားတွေက သွင်းကုန်ခွန် ၆၀% စည်းကြပ်မှာ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၀,၀၀၀ အထက် ရောင်းဈေးရှိတဲ့ ကားတွေကိုတော့ သွင်းကုန်ခွန် ၁၀၀% စည်းကြပ်မှာ ဖြစ်ပါတယ်။
အခွန်နှုန်းထား ရာခိုင်နှုန်းက မြင့်မားနေသော ကားတင်သွင်းပြီး ရောင်းချရင် ရောင်းဈေးက တအားမြင့်မားနေမယ်။ ရောင်းအား အရေအတွက်က တွက်ခြေကိုက်လောက်တဲ့ အရေအတွက် ရရှိမှာ မဟုတ်ဘူးလို့ ကုမ္ပဏီက ပြောကြားပါတယ်။ 

၂၀၂၀ အောက်တိုဘာလမှာ Musk က နောက်နှစ်ကျ Tesla ကားတွေ အိန္ဒိယမှာ စရောင်းမယ်လို့ ကတိပေးပြီးတဲ့နောက် ၂ လအကြာ ဒီဇင်ဘာလမှာ ပြည်ထောင်စုဝန်ကြီး Nitin Gadkari က လာမယ့်နှစ် ၂၀၂၁ မှာ Tesla က လုပ်ငန်းစတင်လုပ်ကိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ထိုသို့ ပြောဆိုပြီး တစ်ပတ်အကြာ ၂၀၂၁ ဇန်နဝါရီလ ၈ ရက်မှာ Tesla က အိန္ဒိယ ဈေးကွက်ထဲကို တရားဝင် ဝင်ရောက်လိုက်ပါတယ်။  Karnataka ပြည်နယ် Bengaluru မြို့ (Bangalore ဟုလည်း ခေါ်တဲ့မြို့) မှာ Tesla India Motors and Energy အမည်ဖြင့် လုပ်ငန်းမှတ်ပုံတင်ခဲ့ပါတယ်။

Musk ရဲ့ အစီအစဉ်က အရင်ဆုံး ကားတွေကို အိန္ဒိယနိုင်ငံသို့ တင်သွင်းပြီး အိန္ဒိယ ဈေးကွက်ထဲမှာ ရောင်းချမယ်။ ရောင်းအားက စက်ရုံထောင်လောက်အောင် ကောင်းတယ်ဆိုရင် စက်ရုံထူထောင်ပြီး လုပ်ကိုင်မယ်။ လက်တွေ့ရောင်းအား အခြေအနေကို မသိရသေးဘဲ စက်ရုံထူထောင် လုပ်ကိင်လိုခြင်း မရှိဘူး။ အခုလို ပထမအဆင့် တင်သွင်းရောင်းချတဲ့အခါ ပြည်တွင်းမှာ စက်ရုံထူထောင်လုပ်ကိုင်ရင် ကျသင့်မယ့် အခွန်ပမာဏဖြင့် တင်သွင်းပြီး ရောင်းချလိုတယ်။ 

Tesla ကား မော်ဒယ် ဗားရှင်းနဲ့ အခြေခံဈေးနှုန်း (Model and version,    Base Price) ကိုကြည့်ရင်     
Model 3    $43,990    
Model 3 Long Range    $49,990    
Model 3 Performance    $57,990    
Model S    $94,990    

 အမေရိကန်ဒေါ်လာ ၄၀,၀၀၀ အထက် ရောင်းဈေးရှိတဲ့ ကားတွေ ဖြစ်လို့ သွင်းကုန်ခွန် ၁၀၀% စည်းကြပ်မှာ ဖြစ်ပါတယ်။ ဒီတော့ ကားရောင်းဈေးက အနည်းဆုံး နှစ်ဆ ဖြစ်တော့မှာ သေချာနေပြီ။ ဝယ်လိုအား နည်းပါးမှာ သေချာနေပြီ။

Tesla က သွင်းကုန်ခွန် လျော့ပေါ့ပေးဖို့ တောင်းဆိုတာကို ပြည်တွင်း မော်တော်ယာဉ်လုပ်ငန်းတွေက သဘောမကျကြဘူး။ Mahindra & Mahindra က အခွန်သက်သာနှုန်းထားဖြင့် တင်သွင်း ရောင်းချခွင့် ပေးလိုက်ရင် ပြည်တွင်း ကားထုတ်လုပ်ရေးလုပ်ငန်းတွေကို ထိခိုက်မှာ သေချာတယ်လို့ ကန့်ကွက်ပြောဆိုတယ်။ 

မော်ဒယ် လေးမျိုး တင်သွင်းဖို့ ခွင့်ပြုမိန့်ကို Tesla  ရရှိပေမဲ့ အခွန်ကိစ္စကို ဖြေရှင်းမပေးဘူး။ 


၂၀၂၁ ဇူလိုင်လမှာ Musk  က Tesla ရဲ့ အိန္ဒိယဈေးကွက် ဝင်ဖို့ ကိစ္စ လက်ရှိအခြေအနေကို Twitter မှာ တင်ပြခဲ့ပါတယ်။ Twitter သုံးစွဲသူတစ်ဦးက "@elonmusk ကျေးဇူးပြု၍ အိန္ဒိယမှာ Tesla ကားတွေ ဖြစ်နိုင်သရွေ့ အမြန်ဆုံး ရောင်းချပေးပါ" လို့ တောင်းဆိုခဲ့ပါတယ်။ Musk  က ပြန်ဖြေတယ်။ "ကျွန်တော်တို့ အမြန်ဆုံး ရောင်းချင်ပါတယ်။ ဒါပေမဲ့ သွင်းကုန်ခွန်က နိုင်ငံကြီးတွေထဲ ကမ္ဘာပေါ်မှာ အမြင့်မားဆုံး ဖြစ်နေတယ်" လို့ ဆိုပါတယ်။ 
နောက်ထပ်တစ်ချက်က အိန္ဒိယမှာ သန့်ရှင်းစွမ်းအင် မော်တော်ယာဉ်တွေကို ဓာတ်ဆီဒီဇယ်ဆီ မော်တော်ယာဉ်တွေနဲ့ တန်းတူထားပြီး သတ်မှတ်ထားတာ ဖြစ်ပါတယ်။ လျှပ်စစ်ကား ဖြစ်နေတာကြောင့် အခွန်ကိစ္စ အပါအဝင် သက်သာရာသက်သာကြောင်း တစ်ခုမှ မရရှိနိုင်ဘူး။ ပ,စားပေးတာ မရရှိနိုင်ဘူး။

Musk က "စိန်ခေါ်မှု အများအပြားကို အစိုးရနဲ့ ဖြေရှင်းဆောင်ရွက်နေဆဲ" လို့အဖြေပေးလေ့ ရှိပေမဲ့ ဘယ်လို စိန်ခေါ်မှု အများအပြားကို ရင်ဆိုင်နေရတာလဲဆိုတာတော့ ပြောမပြပါဘူး။ 

 အိန္ဒိယဈေးကွက်က ပရီမီယံအီးဗီတွေအတွက် နုနယ်နေသေးတယ်။ အားသွင်းဖို့ စီစဉ်ပေးထားတာလည်း မရှိသလောက် ရှားတယ်။ ၂၀၂၁ မှာ  အိန္ဒိယဈေးကွက်ထဲ ကားအသစ် စီးရေ ၂.၄ သန်း ရောင်းချခဲ့တာမှာ အီးဗီက ၅,၀၀၀ ဝန်းကျင်သာ ရှိပြီး ဆယ်ဂဏန်းလောက်သာ ပရီမီယံအီးဗီတွေ ဖြစ်ပါတယ်။ 

အိန္ဒိယ အစိုးရအနေဖြင့် သွင်းကုန်ခွန်ကိစ္စကို အသာထားပြီး ကားထုတ်လုပ်ရေးကို အိန္ဒိယ ပြည်တွင်းမှာ စက်ရုံထူထောင် လုပ်ကိုင်စေလိုတယ်။  Tesla က ကားတွေ တင်သွင်းပြီး အရင်ရောင်းကြည့်မယ်။ ရောင်းအားကေင်းရင် အိန္ဒိယ ပြည်တွင်းမှာ စက်ရုံထူထောင် လုပ်ကိုင်မယ်။ ဈေးကွက်ကို အရင်စမ်းကြည့်ချင်သေးတယ်။ 
Mercedes-Benz က အိန္ဒိယဈေးကွက်မှာ နာမည်ရထားပြီးသား ဖြစ်ပါတယ်။ ဈေးကွက်အခြေအနေကို လက်တွေ့သိထားပြီးသား ဖြစ်ပါတယ်။ ၂၀၂၁ မှာ စီး‌ရေ ၁၁,၂၄၂ ရောင်းချခဲ့ရပြီး ဇိမ်ခံကားတွေထဲမှာ အရောင်းရဆုံး နံပါတ်(၁) ဖြစ်ပါတယ်။ ဒါပေမဲ့ လျှပ်စစ်ကား Mercedes-Benz ကို တစ်နှစ်လျှင် ဘယ်နှစီး ရောင်းရမလဲဆိုတာတော့ မသိနိုင်ပါဘူး။
 Mercedes-Benz က ၎င်းရဲ့ ဂုဏ်ဆောင်မော်ဒယ်ဖြစ်တဲ့  S-Class sedan ရဲ့ လျှပ်စစ်ကားဗားရှင်း EQSကို ယခုနှစ်အတွင်း အိန္ဒိယမှာ စက်ရုံထူထောင်ပြီး တပ်ဆင်ထုတ်လုပ်ဖို့် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ 

Read 422 times