ရွှေဥ အုသည့် ငန်း Tesla Model 2 


ရွှေဥ အုသည့် ငန်း Tesla Model 2 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Tesla သည် လျှပ်စစ်မော်တော်ကား ထုတ်လုပ်သူများသာမက အစဉ်အလာ ရှိသည့်  ကားထုတ်လုပ်သူများပါ အကျုံးဝင်နေသည့် ဈေးကွက်ဝေစု ကြီးထွားရေးအတွက်  စျေးနှုန်းစစ်ပွဲ ဆက်နွှဲနေသည်ဟု သုံးသပ်ကြသည်။ 
Tesla သည် လက်ဦးမှု ရယူနိုင်ခဲ့သဖြင့် စျေးနှုန်းစစ်ပွဲတွင် အနိုင်ရရှိနေသည့် အရိပ်လက္ခဏာများ တွေ့ကြရသည်။


Elon Musk စီအီးအို အဖြစ် လုပ်ကိုင်နေသည့် Tesla သည် အမေရိကန်ဈေးကွက်တွင် အီးဗီ ဈေးနှုန်းစစ်ပွဲ ဆင်နွှဲနေသည်။
Tesla သည် ဈေးနှုန်းများကို ၂၀၂၃ ဇန်နဝါရီလတွင် တစ်ကြိမ်၊ ယခု မတ်လတွင် တစ်ကြိမ် သိသိသာသာ လျှော့ချသတ်မှတ်ခဲ့ပါသည်။
သို့ဖြစ်ရာ အခြားအီးဗီ ထုတ်လုပ်သူများသာမက Ford နှင့် GM ကဲ့သို့သော အစဉ်အလာ ရှိသည့် ကားထုတ်လုပ်သူများ အပေါ်၌လည်း ဖိအားကျရောက်နေပါသည်။
ဈေးနှုန်းစစ်ပွဲ အစပိုင်းကာလ ဈေးကွက်ဝေစု တိုးသည့် အရိပ်လက္ခဏာများ ရှိနေပြီး စစ်ပွဲကို အနိုင်ပိုင်းမည်ဟု ပြောဖို့ စောနေသေးသည်ဟု သုံးသပ်ကြသည်။

 Tesla ဈေးချသည့်အကြောင်း အသေးစိတ်ကို Myanmar Automobile Guide တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ Read more . . .

ဈေးနှုန်းစစ်ပွဲထဲ အပြိုင်ပါဝင်လာသည့် Ford က ပလပ်ထိုး Mustang Mach-E ဗားရှင်းအမျိုးမျိုးကို ၁% မှ ၈% အထိ ဈေးလျှော့ချပါသည်။


Tesla ကဲ့သို့သော သိသိသာသာ စျေးနှုန်းလျှော့ချခြင်းသည် ပြိုင်ဘက်များကို နောက်ကောက်ကျစေပြီး စျေးကွက်ဝေစုကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။
ကားထုတ်လုပ်သူများကြားတွင် ဈေးနှုန်းပြိုင်ဆိုင်မှုသည် အဆန်းမဟုတ်သော်လည်း ယခု Tesla က  များများစားစား ဈေးလျှော့ချပစ်ခြင်းသည် အီးဗီကဏ္ဍမျှသာ မဟုတ်ကဲ ကားဈေးကွက်တစ်ခုလုံးကို ကြီးစိုးသည်အထိ ရည်မှန်းထားပုံရသည်။
"Tesla ရဲ့ ပြိုင်ဆိုင်မှုက တခြား အီးဗီ ထုတ်လုပ်သူတွေတင် မဟုတ်ဘဲ တခြား ကားထုတ်လုပ်သူတွေပါ အကျုံးဝင်နေပါတယ်" ဟု Morningstar မှ ဆန်းစစ်သူ Seth Goldstein က ပြောကြားခဲ့သည်။
"သူတို့ ဈေးချတာက ကြမ်းတယ်။ Tesla Model 3 ဆီဒင်မော်ဒယ်က တခြားဆီဒင်မော်ဒယ်တေ‌ွ အကုန်လုံးကို ဈေးနှုမ်းအရ ပြိုင်နေတဲ့သဘော ဖြစ်သွားတယ်။ Tesla Model Y SUV ကလည်း တခြား SUV များ အားလုံးကို ယှဉ်ပြိုင်လိုက်တဲ့ သဘော ဖြစ်နေပါတယ်" ဟု ၎င်းက သုံးသပ်ပြောကြားသည်။


လျှော့စျေးများသည် ယခင်က Tesla ဝယ်စီးလိုပါသော်လည်း  တတ်နိုင်သည့် အတိုင်းအတာအတွင်း မရှိသဖြင့် မဝယ်ကြသောသူများကို Tesla ဝယ်စီးဖြစ်အောင် ဆွဲဆောင်လိမ့်မည်ဟု Musk ကယုံကြည်သည်။ ဝယ်လက်အသစ်များ ရရှိပြီး ရောင်းအားမြင့်တက်သဖြင့် ဈေးကွက်ဝေစု ပိုများလာမည် ဖြစ်သည်။

"Tesla ကားကို ဝယ်စီးချင်တဲ့သူတွေ အများကြီးရှိပေမဲ့လည်း သူတို့ ဝယ်ဖို့ မတတ်နိုင်ကြဘူး" ဟု ဇန်နဝါရီလတွင် ကျင်းပခဲ့သော Tesla ၏ စတုတ္ထသုံးလပတ် ဝင်ငွေ ‌အစီရင်ခံသည့်ပွဲတွင် Musk က ပြောကြားခဲ့သည်။
"ဒီစျေးနှုန်းပြောင်းလဲမှုတွေက သာမန် ကားဝယ်စီးသူများအတွက် တကယ့်ကို တစ်မူထူးခြားချက်တစ်ခု ဖြစ်စေပါတယ်" ဟု သူက ဆိုသည်။


ကားရောင်းချသည့် ဝဘ်ဆိုက် Edmunds မှ အမှုဆောင်ဒါရိုက်တာ Jessica Caldwell က "စျေးနှုန်း‌ေတွ လျှော့ချပြီးနောက် Model 3 နှင့် Model Y အတွက် စိတ်ဝင်စားမှု မြင့်တက်လာတာကို ကျွန်တော်တို့ တေ‌ွ့ကြပါတယ်။ ဒီအကွက် ရွှေ့တာ တကယ် သေချာပေါက် အလုပ်ဖြစ်တယ်" ဟု ပြောကြားသည်။
ဈေးပိုများသည့် Model S နှင့် Model X ထက် ဈေးသက်သာသည့် Model 3 နှင့် Model Y တို့အပေါ် စိတ်ဝင်စားမှု ရေချိန် ပိုမြင့်မားသည်ဟု သူမက ပြောကြားသည်။
မှာကြားသူ များပြားသွားသဖြင့် ကားရဖို့ စောင့်ရသည့်အချိန် ပိုကြာသွားသည်။ ဇန်နဝါရီ ဈေးချပြီးသည့် နောက်ပိုင်း ၂ ပတ်မှ ၄ ပတ်အထိ စောင့်ကြရသည်ဟု သုတေသနလုပ်ငန်း AllianceBernstein က ပြောကြားသည်။

ဈေးချပြီး ဈေးနှုန်းစစ်ပွဲ ဆင်နွဲခြင်းကို တရုတ်ကားဈေးကွက်တွင်လည်း Tesla ဆက်နွှဲခဲ့သည်။
Tesla ဈေးလျှော့ချသည်ကို ရင်ဆိုင်ရန် တရုတ်နိုင်ငံ အီးဗီဈေးကွက်မှာ ဦးဆောင်နေသည့်  BYD သည် ၎င်း၏ မော်ဒယ်အချို့ကို ဈေးလျှော့ခဲ့ရသဖြင့် ဖေဖော်ဝါရီလ ၁ ရက်မှ မတ်လ ၃ ရက်အထိ တစ်လသာသာကာလအတွင်း ဒေါ်လာ ၁၈ ဘီလီယံ ဆုံးရှုံးခဲ့သည်ဟု ဆန်းစစ်သူတို့က ခန့်မှန်းကြသည်။

ကားဈေးလျှော့ချခြင်းကြောင့် ဝယ်ယူသူများ ပိုများလာစေသည့် အကျိုးထိရောက်မှုတွင် Tesla ၏ ရောင်းချသည့်ပုံစံက တုတ်ထိ ထိရောက်မှု ရှိသည်။
Tesla သည် ဝဘ်ဆိုက်တွင် တိုက်ရိုက်ရောင်းချသည်။ ကြားခံ အရောင်းကိုယ်စားလှယ် မထားပေ။ သို့ဖြစ်ရာ ဝယ်ဖို့ အလားအလာရှိသူများကို တိုက်ရိုက်ထိတွေ့သည်။ 
သမားရိုးကျ ကားလုပ်ငန်းများသည် ကြားခံအရောင်းကိုယ်စားလှယ်များကို အားကိုးထားပြီး ၎င်းကိုယ်စားလှယ်များ၏ ပါးစပ်ထဲတွင် ကားဈေးနှုန်း ရှိနေတတ်သည်။ 

သာဓကအားဖြင့် ၂၀၂၂ ဇွန်လတွင် အမေရိကန်ကားဈေးကွက်ထဲတွင် Ford F-150 Lightning လျှပ်စစ်ပစ်ကပ် ဝယ်လိုအား တအားများနေရာ ဈေးကွက်ကို ချိန်ညှိသည်ဟုဆိုက အရောင်းကိုယ်စားလှယ်များက ဈေးတင်ရောင်းကြသည်။
Ford က ဈေးတင်ရောင်းသည့် အကျင့်ကို မလုပ်ကြရန် သတိပေးခဲ့သော်လည်း ထိရောက်မှု မရှိခဲ့ချေ။  ကားထုတ်လုပ်သူသည် F-150 Lighting ခွဲတမ်းကို ကန့်သတ်ထားနိုင်ပြီး ထိုသို့ ဈေးတင်တာ များလွန်းသည့် အရောင်းကိုယ်စားလှယ်ထံ ပို့ဆောင်ပေးသည့် ကားအရေအတွက်ကို ကန့်သတ်ထားနိုင်သည်။  အရောင်းကိုယ်စားလှယ်များ၏စျေးနှုန်းကို ထိန်းချုပ်ရာတွင် ဩဇာ သက်ရောက်မှုမှာမူ အကန့်အသတ် ရှိနေသည်။
သို့ဖြစ်ရာ စက်ရုံထုတ်ဈေးကို ဈေးချသော်လည်း ဈေးကွက်ထဲ ဈေးကျချင်မှ ကျမည် ဖြစ်သည်။ "ဘာလို့လဲဆို​တော့ အဆုံးသတ်နေရာမှာ အရောင်းကိုယ်စားလှယ်တွေကပဲ ဈေးစကား ပြောကြတာ မဟုတ်လား" ဟု Caldwell  က ပြောကြားသည်။ 
 
ဈေးချသည့်အတွက်  Tesla အပေါ် စိတ်ဆိုးကြသူများ ဖြစ်သည်။ ဈေးမချခင်က ဝယ်ထားသူတို့သည် လက်ထဲ ကားရောက်မလာသေးဘဲ စောင့်ဆိုင်းနေစဉ်မှာပင် ကားဈေးက များများစားစား ဈေးချလိုက်သည်။ ဆောလျင်စွာ ဝယ်သူများ ကံဆိုးပြီး နောက်မှ ဝယ်မည့်သူများက ကံကောင်းသွားကြသည်။ 
“နောက်ထပ် နှစ်လအတွင်းမှာ  နောက်ထပ်ဈေးချဦးမလားဆိုပြီး စောင့်တဲ့သူတွေ ရှိလာစေပါတယ်။ အဲဒါက ပြဿနာတစ်ခုပဲ” ဟု Benchmark Mineral Intelligence မှ ဒေတာအရာရှိချုပ်  Caspar Rawles က ပြောကြားသည်။ 
 

 

Tesla Model 2 သည် ၎င်း၏ စမ်းသပ်မှု အဆင့်ကို စတင်နေပြီ ဖြစ်ကြောင်း သတင်းရင်းမြစ် အများအပြားက အတည်ပြုခဲ့သည်။ 

Tesla က လူအများစု ဝယ်စီးဖို့ တတ်နိုင်မည့် ဈေးနှုန်းဖြင့် ရောင်းချပေးမည့် ကားမော်ဒယ်ကို ထုတ်လုပ်ရန် အစီအစဉ် ရှိသည်။ သို့သော် လာမည် ကြာမည် ဇာတ်ခင်းနေဆဲ ဖြစ်သည်။ အကယ်၍ ၎င်းမော်ဒယ်ကို ထုတ်လုပ်ရောင်းချနိုင်မည် ဆိုပါက ဈေးကွက်ဝေစု ကြီးထွားသွားမှာ သေချာနေသည်။ 
၎င်းဈေးသက်သာသည့် မော်ဒယ် ကုန်ကျစရိတ်ကို $25,000 ဝန်းကျင်ဟု ခန့်မှန်းထားသည်။ 
၎င်းမော်ဒယ်မှာ Tesla Model 2 ဖြစ်သည်။ 
လေ့လာ ဆန်းစစ်သူတို့က Model 2 သည် ၂၀၂၅ ခုနှစ် မတိုင်ခင် ထွက်လာစရာအကြောင်း မမြင်ဟု ဆိုကြသည်။

Wedbush မှ ဆန်းစစ်သူ Dan Ives က “စျေးနှုန်းသက်သာတဲ့ အနာဂတ် Model 2 ဟာ လူအများ လက်လှမ်းမီဖို့ အခရာကျတယ်။ $30,000 အောက် အီးဗီဟာ ရွှေဥ အုတဲ့ငန်းပဲ" ဟု ပြောကြားသည်။ 
Source businessinsider

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 466 times