ပြိုင်ဘက်တွေကို Tesla အပြတ်အသတ် ကျော်တက်


Tesla Inc ထံမှ လျှပ်စစ်ကား Tesla Model 3 စီးရေ တစ်သိန်း ဝယ်ဖို့ ကားအငှားလုပ်ငန်းကြီး Hertz က မှာယူလိုက်တဲ့ သတင်းကြောင့် Tesla ရဲ့ ရှယ်ယာဈေး ထိုးတက်သွားပြီး ရှယ်ယာအားလုံးရဲ့ စုစုပေါင်းတန်ဖိုးဖြစ်တဲ့ ကုမ္ပဏီဈေးကွက်တန်ဖိုးက အမေရိကန်ဒေါ်လာ ၁ ထရီလီယံ ကျော်သွားပါတယ်။

    


ပြိုင်ဘက်ကားထုတ်လုပ်ရေးကုမ္ပဏီတွေကြားမှာ  ကုမ္ပဏီဈေးကွက်တန်ဖိုး ၁ ထရီလီယံကို ပထမဆုံး ကျော်သွားတဲ့ ကားကုမ္ပဏီ ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ အလုပ်အမှုဆောင်ချုပ်  Elon Musk ရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၇၂ ဘီလျံ ဖြစ်သွားပါတယ်။ Toyota က လွဲလို့ တခြားကားကုမ္ပဏီတွေရဲ့ ကုမ္ပဏီတစ်ခုလုံးရဲ့ ဈေးကွက်တန်ဖိုးထက် Elon Musk တစ်ဦးတည်းရဲ့ ဈေးကွက်တန်ဖိုးက ပိုများပါတယ်။

Tesla က Toyota ကို ၂၀၂၀ ဇူလိုင်လမှာ ကျော်တက်ပြီး ဈေးကွက်တန်ဖိုး အများဆုံးကားကုမ္ပဏီ ဖြစ်လာခဲ့ပြီး သရဖူ ဆက်ဆောင်းထားနိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း Tesla ရဲ့ ဈေးကွက်‌တန်ဖိုး ၅ ဆ တိုးခဲ့တယ်။ 
အခုဆိုရင် ဈေးကွက်တန်ဖိုး အများဆုံး အခြားကားကုမ္ပဏီ ၉ ခု စုစုပေါင်း ဈေးကွက်တန်ဖိုးထက် ပိုများသွားပါပြီ။

 


အမေရိကန်ကုမ္ပဏီတွေထဲမှာ ထရီလီယံဒေါ်လာမျဉ်းကို ကျော်သွားတဲ့ ဆဌမမြောက် ကုမ္ပဏီ ဖြစ်ပါတယ်။ Apple, Microsoft, Alphabet, Amazon နဲ့ Facebook တို့နဲ့ အတူတူ ထရီလီယံဒေါ်လာ ကုမ္ပဏီ တစ်ခု ဖြစ်သွားပါပြီ။
 အမေရိကန်ပြည်ပကိုပါ ထည့်စဉ်းစားရင် သတ္တမမြောက် ကုမ္ပဏီ ဖြစ်ပါတယ်။ အမေရိကန်ပြည်ပမှာ ဈေးကွက်တန်ဖိုး တစ်ထရီလီယံကျော်တာ‌ အရှေ့အလယ်ပိုင်းဒေသမှ လုပ်ငန်းစုကြီး Saudi Aramco ဖြစ်ပါတယ်။
 


Tesla က အမြတ်မရတာ နှစ်အတန်ကြာခဲ့ပါတယ်။ အခုတော့ အမြတ်ရတဲ့ သုံးလပတ် ဆက်တိုက် ၈ ကြိမ် ရှိနေပါပြီ။
တခြား ကားလုပ်ငန်းတွေ ချစ်ပ်မရလို့ စီးရေလျှော့ထုတ်နေရချိန်မှာ Tesla က စီးရေ တိုးထုတ်နိုင်ခဲ့ပါတယ်။
စီးရေအရ ကြည့်ရင် Tesla  ထုတ်လုပ်တာ နည်းနေပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ စီးရေ ငါးသိန်းပဲ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ထုတ်လုပ်တဲ့ မော်ဒယ်ကလည်း ရောင်း‌အားကောင်းတဲ့ ဇိမ်ခံကားအမြင့်တန်းမှ Model 3 saloon နဲ့ Model Y SUV အပါအဝင် စုစုပေါင်း မော်ဒယ် ၄ မျိုးပဲ ရှိပါတယ်။
ဇိမ်ခံကားအမြင့်တန်းမှာ Tesla ရဲ့  Model 3 ကား ရောင်းအားက ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ Audi , BMW, Mercedes-Benz တို့မှ ရောင်းချလျက်ရှိတဲ့ မော်ဒယ်တွေထက် ပိုများပါတယ်။ 

၂၀၃၀ မှာ တစ်နှစ်စီးရေ သန်း ၂၀ ထုတ်လုပ်ဖို့ ရည်မှန်းချက် ထားရှိပါတယ်။ Volkswagen နဲ့  Toyota တို့ လက်ရှိထုတ်လုပ်နေတာထက် အကြမ်းအားဖြင့် နှစ်ဆ ရှိပါတယ်။ တကယ်လို့ Volkswagen နဲ့  Toyota တို့က လျှပ်စစ်ကားကို ဈေးကွက်ဝေစု ရအောင် မယူနိုင်ရင် ၂၀၃၀ မှာ Tesla က အပြတ်အသတ် သာနေပါလိမ့်မယ်။

Tesla က ကားပိုင်ရှင်တွေထံမှ လစဉ်ကြေး ကောက်ခံတဲ့ဆီမှလည်း ဝင်ငွေ ရပါတယ်။“full self-driving” ဆော့ဖ်ဝဲ ကို ငွေအကြေချေပြီး ဝယ်ရင် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ပေးရမှာ ဖြစ်ပြီး လစဉ်ကြေးနဲ့ သုံးရင်တော့ အမေရိကန်ဒေါ်လာ ၁၉၉ လစဉ်ပေးသွင်း ရမှာ ဖြစ်ပါတယ်။
ကားထုတ်လုပ် ရောင်းချတာထက် ဆော့ဖ်ဝဲ ရောင်းချရတာက တွက်ခြေ ပိုကိုက်တယ်။ အမြတ် စုစုပေါင်းရဲ့ ၇၅% ဝန်းကျင်ဟာ ဆော့ဖ်ဝဲ ရောင်းချလို့ ရတဲ့အမြတ် ဖြစ်လာလိမ့်မယ်။

အများပိုင်ကုမ္ပဏီတွေက ထုတ်ရောင်းထားတဲ့ ရှယ်ယာတွေ ဈေးကွက်ပေါက်ဈေး ဈေးတက်ရင် ရှယ်ယာစုစုပေါင်း တန်ဖိုးဖြစ်တဲ့ ဈေးကွက်တန်ဖိုး တက်တယ်။ 
 Hertz က ကားအစီး တစ်သိန်းမှာကြားတဲ့အတွက် ကားတန်ဖိုး စုစုပေါင်းက အမေရိကန်ဒေါ်လာ ၄.၂ ဘီလျံပဲ ရှိပါတယ်။ ရောင်းရငွေ ပမာဏ ဖြစ်ပါတယ်။ အခွန်၊ ထုတ်လုပ်မှုကုန်ကျစရိတ် စတာတွေ နုတ်ပယ်ပြီး ကျန်တဲ့ပမာဏကို အမြတ်အစွန်း ရရှိမှာ ဖြစ်ပါတယ်။ 
 ကားဝယ်တဲ့သတင်းကြောင့် စတော့ရှယ်ယာ ဈေးတက်သွားတာကြောင့် ကုမ္ပဏီဈေးကွက်တန်ဖိုး ပိုများသွားတာ အမေရိကန် ဒေါ်လာ ၈၀ ဘီလျံ ဖြစ်ပါတယ်။


 

Read 1715 times