လေလံဈေးကောင်းရသည့် Toyota 2000 GT


လေလံဈေးကောင်းရသည့် Toyota 2000 GT

 

1967 Toyota-Shelby 2000 GT သည် Toyota မှ ထုတ်လုပ်သော ကားများတွင် လေလံဈေးအမြင့်ဆုံး ရရှိသည့်ကားအဖြစ် သမိုင်းတွင်ပါသည်။ 


၂၀၂၂ မတ်လ ၅ ရက်တွင် ကျင်းပခဲ့သော  Gooding & Company ၏  Amelia Island လေလံပွဲတွင် US$2,535,000 ဖြင့်လေလံအောင်ခဲ့ပါသည်။ 
အဆိုပါ ဈေးအမြင့်ဆုံးရခဲ့သည့် 2000GT ကို ၁၉၆၇ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည်ဟု သိရပါသည်။ ထိုစဉ်က အမေရိကန်ကားဈေးကွက်ထဲတွင် ကားအသစ်ကို US$7,150 ဖြင့် ရောင်းချခဲ့ပါသည်။ 
ထိုစဉ်က V8 Chevrolet C2 Corvette ၏ အခြေခံဈေးနှုန်းမှာ US$4,240 ဖြစ်ပါသည်။ ထိုစဉ်က အမေရိကန်နိုင်ငံသားတစ်ဦး၏ ပျမ်းမျှ တစ်နှစ်တာဝင်ငွေမှာ US$7,300 ဖြစ်ပါသည်ာ
သို့ဖြစ်ရာ Corvette ထက် ဈေးအများကြီးပိုပေးရပြီး တစ်နှစ်ဝင်ငွေနီးပါးပေးရမည့် 2000 GT ကို လက်တွန့်ကြသည်။ 2000cc ဆလင်ဒါခြောက်လုံး အိမ်စီးပြိုင်ကားအသေးစားကို အမေရိကန်လူထုက မရွေးချယ်ခဲ့ကြချေ။
ဂျပန်က အမေရိကန်ရေတပ်ကို ပုလဲဆိပ်ကမ်းကို တိုက်ခိုက်ခဲ့သည့်အတွက် ဂျပန်မုန်းတီးမှု စိတ်အခံလည်း ရှိနေကြဆဲဖြစ်သည်။
ထိုစဉ်က "Made in Japan" ထုတ်ကုန်များ၏ အရည်အသွေးသည် အပေါစားပစ္စည်း အရည်အသွေးဟု သတ်မှတ်ခံထားရသည့် အချန်အခါလည်း ဖြစ်နေသည်။ ဂျပန်ထုတ်ကုန်များ အရည်အသွေး မြင့်မားစေရေးကို အမေရိကန် အင်ဂျင်နီယာ William Edwards Deming  က ဆောင်ရွက်ပေးခဲ့သဖြင့် ဂျပန်ထုတ်ကုန်များ အရည်အသွေးကောင်းမွန်လာသည်ကို အမေရိကန် လူထုက သတိမပြုမိကြသေးသည့် အချိန်အခါ ဖြစ်သည်။

 

William Edwards Deming 


ဂျပန်တွင် မဟာမိတ်တပ်များ ရှိနေစဉ်ကာလမှာ ဂျပန်စက်မှုဖွံ့ဖြိုးရေးတွင် ထုတ်ကုန်အရည်အသွေး ကောင်းမွန်စေရေးအတွက် အမေရိကန်စစ်တပ်မှ ဗိုလ်ချုပ်ကြီး ဒေါက်ကလပ်စ်မက်အာသာက အကူအညီတောင်းခံသဖြင့် Deming က ဂျပန်သို့ သွားရောက်ပြီး သင်တန်းများ ပို့ချပေးခဲ့ပါသည်။ သူကျွမ်းကျင်နိုင်နင်းသည့် အရည်အသွေး ထိန်းချုပ်ရေးနည်းလမ်းများကို ရာချီသော ဦးရေရှိသည့် အင်ဂျင်နီယာများ၊ မန်နေဂျာများ၊ တက္ကသိုလ်ပညာတတ်များအား သင်ပြပေးခဲ့ပါသည်။ ထို့ပြင် Sony Corp. ပူးတွဲထူထောင်သူ Akio Morita အပါအဝင် စက်မှုကုမ္ပဏီများမှ ထိပ်ပိုင်းတွင် ရှိနေသူများကိုလည်း သင်တန်းပို့ချပေးခဲ့သည်။
အရည်အသွေး ပိုကောင်းအောင် လုပ်ပေးလျှင် ကုန်ကျစရိတ်များ လျော့ကျပြီး ကုန်ထုတ်စွမ်းအား ပိုမြင့်မားသည့် အကျိုးကျေးဇူးများ ရရှိသည့်အပြင် အရည်အသွေး ကောင်းသည့်အတွက် ဈေးကွက်ဝေစု ပိုရစေကြောင်း သူက သွန်သင်ပေးခဲ့ပါသည်။

Toyota 2000GT အိမ်စီးပြိုင်ကားကို ဂျပန်ပြည်ဖြစ် ကားဖြစ်သဖြင့် အရည်အသွေး အထင်သေးနေကြပြီး ရောင်းဈေးက Jaguar E-Type နှင့် Porsche 911 တို့ထက် မြင့်နေသည်။
သို့ဖြစ်ရာ မရောင်းရသလောက် ဖြစ်နေသည်။ အမေရိကန်တွင် ၆၂ စီးမျှသာ ရောင်းရသည်။
ရောင်းအားမကောင်းလွန်းသဖြင့် Toyota  က လက်လျှော့လိုက်ပြီး ၃၃၇ စီးသာ ထုတ်လုပ်ခဲ့သည်။ ထိုသို့ အရေအတွက် နည်းနည်းသာ ထုတ်လုပ်ခြင်းသည် နောင်တစ်ချိန်တွင် ရှားပါးကားအမျိုးအစားအဖြစ် လေလံတွင်ဈေးကောင်း ရရှိစေသည်။ 
လေလံတွင် ဈေးအမြင့်ဆုံးရသည့် ဂျပန်ကားများ ထိပ်တန်း(၁၀) စာရင်းတွင် Toyota 2000GT ၆ ကြိမ်တိုင်တိုင် ပါဝင်သည်ကို တွေ့ရပါသည်။

လေလံတွင် ဈေးအမြင့်ဆုံးရသည့် ဂျပန်ကားများ စာရင်းကို ဖော်ပြအပ်ပါသည်။

 

အမေရိကန်နိုင်ငံ ပြင်ပတွင် လေလံတင်သည့် ကားများအတွက် လေလံအောင်သည့် ရက်တွင ဖြစ်ပေါ်နေသည့် ငွေလဲနှုန်းအရ အမေရိကန်ဒေါ်လာသို့ ပြောင်းလဲတွက်ချက်ထားပါသည်။
charity ဟု ဖော်ပြထားသည်မှာ အလှူရန်ပုံငွေအတွက် လေလံတင်ခြင်း ဖြစ်ပေရာ သာမန်လေလံပွဲနှင့် ကွာခြားပါသည်။ လေလံဆွဲသည့် ငွေမှာ အလှူငွေ ဖြစ်သဖြင့် အခွန်ပေးဆောင်ရန် မလိုခြင်း၊ လှူဒါန်းလိုစိတ်ရှိခြင်းတို့ကြောင့် ဈေးပိုပေးဖို့ ဝန်မလေးကြချေ။ သို့ဖြစ်ရာ နံပါတ်စဉ် ထိုးပေးခြင်းမပြုဘဲ စာရင်းဖော်ပြလေ့ ရှိပါသည်။  များသောအားဖြင့် မော်ဒယ်အသစ် ထုတ်လုပ်သောအခါ အဦးဆုံး ထုတ်လုပ်သည့်ကား၊ ဒုတိယမြောက် ထုတ်လုပ်သည့်ကားတို့ကို အလှူရန်ပုံငွေအတွက် လေလံပစ်လေ့ ရှိပါသည်။ 

Toyota ရှားပါးပြိုင်ကား ဒေါ်လာ ၂ သန်းခွဲဖြင့် လေလံဆွဲ

 

Read 663 times