ကမ္ဘာတစ်လွှား ကိုဗစ်ရောဂါ ဖိစီးခြင်းနှင့် ကွန်ပျူတာအတွက် ချစ်ပ်များ ရှားပါးခြင်း ဖြစ်ပေါ်နေသော်လည်း ဘဏ္ဍာရေးနှစ် ပထမ သုံးလပတ်အတွင်း Toyota ရောင်းအားခိုင်မာနေခဲ့ပြီး ကုန်ကျစရိတ် လျော့နည်းအောင် စီမံထိန်းချုပ်နိုင်ခဲ့သဖြင့် အရှိန်မပျက် ဆက်လက် ထုတ်လုပ်ရောင်းချနိုင်ခဲ့လို့ Toyota အမြတ်ရရှိခဲ့တယ်။
Toyota ကုမ္ပဏီရဲ့ ဘဏ္ဍာရေးနှစ် ပထမ သုံးလပတ်ကုန်ဆုံးတဲ့ ဇွန်လ ၃၀ ရက်မှာ လုပ်ငန်းလည်ပတ်မှုအမြတ် ယန်း ၉၉၇.၄ ဘီလျံ (ကန်ဒေါ်လာ ၉.၁၄ ဘီလျံ) ရရှိခဲ့ပါတယ်။
ဘဏ္ဍာရေးနှစ် ပထမ သုံးလပတ်ဖြစ်တဲ့ ဧပြီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ ကာလအတွင်းမှာ အသားတင်ဝင်ငွေက ငါးဆ မြင့်တက်ခဲ့ပြီးယန်း ၈၉၇.၈ ဘီလျံ(ကန်ဒေါ်လာ ၈.၂၃ ဘီလျံ) ရှိခဲ့တယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ကမ္ဘာတစ်လွှား ရောင်းချခဲ့တဲ့ ကားစီးရေက ၂.၇၆ သန်း ဖြစ်ပါတယ်။
ကမ္ဘာတစ်လွှား ချစ်ပ်ရှားပါးမှုကြောင့် ကားထဲမှာ ထည့်တဲ့ ကွန်ပျူတာအတွက် ချစ်ပ်တွေ လိုသလောက် မရရှိခဲ့လို့ ထုတ်လုပ်မှုမှာ ကားစီးရေ လျှော့ချခဲ့ရတာတွေ ရှိနေခဲ့ပြီး ဘဏ္ဍာရေးနှစ် ပထမ သုံးလပတ်အတွင်းမှာ ရောင်းအား ကားစီးရေ ၁၀၀,၀၀၀ ဝန်းကျင် နစ်နာခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအခြေအနေမှာလည်း ကိုဗစ်Delta ဇီဝမျိုးကွဲ ကူးစက်မှု လှိုင်းထနေပြီး ချစ်ပ်လည်း ဆက်လက်ရှားပါးနေတဲ့အတွက် လက်ရှိ သုံးလပတ်အခြေအနေကို ကြိုတင်ခန့်မှန်းဖို့ မရေမရာ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။