ဘရာဇီးမှ သက်တမ်းနှစ် ၆၀ ရှိ  သမိုင်းဝင်စက်ရုံကို Toyota ပိတ်သိမ်း


ဘရာဇီးမှ သက်တမ်းနှစ် ၆၀ ရှိ  သမိုင်းဝင်စက်ရုံကို Toyota ပိတ်သိမ်း

 

ဘရာဇီးနိုင်ငံမှ Toyota ၏ São Bernardo do Campo (SP) စက်ရုံကို ယခုနှစ်ကုန်တွင် စတင်ပိတ်သိမ်းမည် ဖြစ်ကြောင်း Toyota က ထုတ်ပြန်ကြေညာပါသည်။ အဆိုပါစက်ရုံမှာ ဂျပန်နိုင်ငံပြင်ပတွင် Toyota လုပ်ကိုင်သည့် ပထမဆုံး စက်ရုံဖြစ်သည်။ Volkswagen လိပ်ခုံးကားများကို ဆေးမှုတ်ပေးခဲ့သည့် စက်ရုံလည်း ဖြစ်သည်။ 
São Bernardo do Campo (SP) စက်ရုံကို São Paulo ပြည်နယ်ရှိ Toyota စက်ရုံသို့ တဖြည်းဖြည်းချင်း ပြောင်းရွှေ့မည်ဖြစ်ရာ ၂၀၂၂ နိုဝင်ဘာလတွင် စတင်ရွှေ့ပြောင်းမည် ဖြစ်ပြီး ၂၀၂၃ နိုဝင်ဘာလတွင် အပြီးသတ်မည်ဖြစ်ရာ တစ်နှစ် အချိန်ယူ လုပ်ကိုင်မည် ဖြစ်သည်။ 
ဘရာဇီးဈေးကွက်အတွင်း Toyota ရင်ဆိုင်နေရသော စိန်ခေါ်မှုများအတွက် ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုအားကောင်းစေရန် ယခုလို ရွှေ့ပြောင်း ပိတ်သိမ်းရခြင်းဖြစ်သည်ဟု Toyota ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွန်ခဲ့သော နှစ်ပေါင်း ၆၀ ဖြစ်သည့် ၁၉၆၂ ခုနှစ်တွင် စက်ရုံ စတင်လည်ပတ်ခဲ့ရာ၌ လမ်းကြမ်းမောင်းနိုင်သည့် Bandeirante မော်ဒယ်ကို ထုတ်လုပ်ခဲ့သည်။

 Bandeirante သည် ဘရာဇီးဈေးကွက်အတွက် ထုတ်လုပ်သည့် Toyota Land Cruiser 40 Series ဖြစ်ပါသည်။ FJ40 နှင့် FJ45 ဆင်တူ ဖြစ်ပါသည်။
 
 

 1991 Toyota Bandeirante OJ50


 ယခုအခါ São Bernardo do Campo (SP) စက်ရုံတွင် Hilux, Corolla နှင့်အခြား မော်ဒယ်များအတွက် အစိတ်အပိုင်းများ ထုတ်လုပ်သည်။
ဘရာဇီးဈေးကွက်အတွက် ထုတ်လုပ်ခဲ့သော မော်ဒယ်များတွင် ဆက်လက်ထုတ်လုပ်ခြင်း မပြုတော့သည့် မော်ဒယ်အချို့အတွက် ယာဉ်အစိတ်အပိုင်းများကိုလည်း ထုတ်လုပ်ပေးသည်။ ထိုကားများသည် လမ်းများပေါ် မောင်းနှင်နေဆဲ ဖြစ်သဖြင့် ပြုပြင်ထိန်းသိမ်းရန် ယာဉ်အပိုပစ္စည်း ဝယ်ယူရရှိနိုင်စေဖို့ စက်ရုံမှာ ယာဉ်အစိတ်အပိုင်းများ ဆက်လက်ထုတ်လုပ်ပေးနေခြင်း ဖြစ်သည်။

 စက်ရုံတွင် လုပ်သားအင်အား ၅၀၀ ဝန်းကျင်ရှိပြီး ၎င်းတို့ကို Toyota ၏ အခြားစက်ရုံများတွင် ပြောင်းရွှေ့လုပ်ကိုင်နိုင်ရန် စီစဉ်ပေးသွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
 စက်ရုံပိတ်သိမ်းသည့်အတွက် အလုပ်ရပ်စဲခြင်း လုံးဝမရှိဟု ဆိုသည်။
 São Bernardo do Campo စက်ရုံပိတ်သိမ်းပြီးပါက ဘရာဇီးတွင် Toyota ကားစက်ရုံ ၃ ခု Porto Feliz, Indaiatuba နှင့်  Sorocaba တို့ ကျန်ရှိမည်ဖြစ်ရာ အဆင်ပြေမည့် စက်ရုံသို့ ပြောင်းရွှေ့ လုပ်ကိုင်ကြရမည် ဖြစ်သည်။ 

စက်ရုံတွင် လုပ်ကိုင်နေသည့် ယာဉ်အစိတ်အပိုင်း ထုတ်လုပ်မှုများကို ဘရာဇီး၊ အမေရိကန်နှင့် အာဂျင်တီးနားတို့တွင် တည်ရှိသော စက်ရုံများတွင် ထုတ်လုပ်ပေးမည် ဖြစ်သည်။

 

ဆက်စပ်ဖတ်ရှုရန်

ဆလင်ဒါ ၄ လုံးထိုး အင်ဂျင်များ ထုတ်လုပ်ရန် အမေရိကန်တွင် Toyota က ဒေါ်လာ ၃၈၃ သန်း ရင်းနှီးမြှုပ်နှံ 

 

ဘရာဇီးတွင် တည်ရှိသော Volkswagen ကားစက်ရုံတွင် လိပ်ခုံးကား beetle မော်ဒယ်များ ထုတ်လုပ်လျက်ရှိရာ၌ စက်ရုံ မီးလောင်ခဲ့သည်။ 

ထိုအခါ Toyota က လိပ်ခုံးကားများ အောက်ခံဆေးမှုတ်ခြင်းကို လုပ်ကိုင်ပေးခြင်းဖြင့် ကူညီခဲ့ဖူးသည်။ တစ်ရက်လျှင် လိပ်ခုံးကား ၂၀ စီး အောက်ခံဆေး မှုတ်ပေးသည်။ ထို့အတွက် စက်ရုံ အမြတ်ငွေ တိုးသည်ဖြစ်ရာ နှစ်ဦးနှစ်ဖက် အကျိုးရှိစေခဲ့သည်။
စက်ရုံသည် တစ်လလျှင် Bandeirante စီးရေ ၃၀၀ ထုတ်လုပ်နိုင်စွမ်း ရှိသော်လည်း ဈေးကွက်ရောင်းအားအရ ပထမနှစ်တွင် ၆၂၇ စီးမျှသာ ထုတ်လုပ်သည်။ ၁၉၆၄ တွင် ရောင်းအား အကောင်းဆုံး ဖြစ်လာခဲ့ပြီး စီးရေ ၂,၂၀၀ ထုတ်လုပ်ခဲ့သည်။
၁၉၉၁ တွင် Bandeirante ထုတ်လုပ်မှု ရပ်နားလိုက်ပြီး စက်ရုံကို ယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်ရန် အသုံးပြုခဲ့ပါသည်။ 

Read 5586 times