လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်တုန်းက မော်တော်ယာဉ် ထုတ်လုပ်မှုကဏ္ဍမှာ Toyota Motor Corporation က လျှပ်စစ်နဲ့ ဓာတ်ဆီ နှစ်မျိုးသုံး အိမ်စီးကားကို အဆန်းထွင် နိုင်ခဲ့တယ်။ အကြီးအကျယ်လည်း အောင်မြင်ခဲ့တယ်။
ကမ္ဘာ့ပထမဆုံး နှစ်မျိုးစပ်ကား အမြောက်အမြား ထုတ်လုပ်မှုကို ၁၉၉၇ ခုနှစ်မှာ Prius ကို ထုတ်လုပ်ပြီး သမိုင်းမှတ်တိုင်ထူခဲ့တယ်။
လျှပ်စစ်ကားစစ်စစ် ထုတ်လုပ်တာမှာတော့ ခြေလှမ်းတွေ နောက်ကျ ကျန်ရစ်တယ်။
Tesla က အားလုံးကို ကျော်တက်သွားခဲ့တယ်။
အခု Toyota က ၎င်းရဲ့ ပထမဆုံး လျှပ်စစ်ကားစစ်စစ်ကို မိတ်ဆက်တယ်။ သွားနိုင်မယ့် ခရီးတာက Tesla နီးပါး ခရီးပေါက်တယ်လို့ ဆိုတယ်။
Toyota ရဲ့ လျှပ်စစ်ကား မော်ဒယ် bZ4X SUV က ရှေ့ဘီးယက် ဆိုရင် ၅၀၀ ကီလိုမီတာ၊ ၄ ဘီးယက် ဆိုရင် ၄၆၀ ကီလိုမီတာ ခရီးပေါက်တယ်။
Tesla Model 3 က ကီလိုမီတာ ၅၆၀ ခရီးပေါက်တယ်။ Nissan Motors Ariya နဲ့ Volkswagen ရဲ့ ID.3 တို့ကလည်း အလားတူ ခရီးပေါက်တယ်။
ခရီးတာမှာ Toyota က နည်းနည်းလျော့ပေမဲ့ ဘက်ထရီသက်တမ်းနဲ့ ကားမှာ သုံးထားတဲ့ နည်းစနစ်တွေက ပိုသာတယ်လို့ ဆိုတယ်။
bZ4X က ကမ္ဘာတစ်လွှား ရောင်းချခြင်းကို ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှာ စတင်ဖို့ ရည်မှန်းထားတယ်။ ၇၁.၄ kWh ဘက်ထရီ တပ်ပေးထားတယ်။ သက်တမ်း ၁၀ နှစ် ကြာပြီးချိန်မှာ ၉၀% အားသိမ်းထားနိုင်စွမ်း ဆက်ရှိနေမယ့် ဘက်ထရီမျိုး ဖြစ်ရမယ်။ ဘက်ထရီ သက်တမ်း တာရှည်ခံဖို့ အပူလွန်ကဲခြင်း မဖြစ်အောင် ဂရုစိုက်ပေးတဲ့ စနစ် ထည့်ပေးထားပြီး ဗို့အားနဲ့ အပူချိန်ကို အမြဲ စောင့်ကြည့် ထိန်းကျောင်းပေးထားမယ်။
နောက်ထပ် ထူးခြားချက်ကတော့ ဝါယာကြိုးနဲ့ပဲ ချိတ်ဆပ်ပြီး ထိန်းကျောင်းပေးတယ်။ ကြိုးနဲ့ ချိတ်ဆပ်တာ၊ ဘရိတ်ဆီ၊ ဟိုက်ေြဒာလစ်ဆီ စတဲ့ အရည်ကို ပိုက်နဲ့ချိတ်တက်ပြီး အရည်ဖိအား အတိုးအလျော့ဖြင့် ထိန်းကျောင်းတာမျိုး မသုံးထားဘူးလို့ ဆိုပါတယ်။ စတီရာယင်လည်း ဝါယာသုံး စတီရာယင် နည်းပညာ wire-steering technology သုံးထားလို့ စတီရာယင်နဲ့ ဘီးတွေအကြား ဝါယာကြိုးနဲ့ပဲ အချိတ်အဆက် ပြုထားတယ်။ လျှပ်စစ်ဖြင့် ထိန်းချုပ်စနစ်များ electrical control systems ၊ အီလက်ထရွန်းနစ်ဝင်ရိုး electronic axle စတာတွေ သုံးစွဲထားတယ်။
ဂျပန်နဲ့ တရုတ် နိုင်ငံတို့မှာ တည်ရှိတဲ့ ကားစက်ရုံတွေက bZ model ၇ မျိုး ထုတ်လုပ်မှာ ဖြစ်ပြီး bZ4X ကို SUV အဖြစ် ထုတ်လုပ်မှာ ဖြစ်ပါတယ်။
Toyota လက်အောက်ခံ Subaru နဲ့ ပူးပေါင်း လုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Subaru ရဲ့ ၄ဘီးယက် ကျွမ်းကျင်မှု၊ Toyota ရဲ့ ချိတ်ဆက်မှုနည်းပညာတို့ ပေါင်းစပ်ပေးထားတယ်။
ဘက်ထရီအတွက် အမေရိကန်ဒေါ်လာ ၁၃.၂ ဘီလျံ ရင်းနှီးမြှုပ်နှံထားပြီး အမေရိကန်မှာ ဘက်ထရီ စက်ရုံ ဆောက်ဖို့ ရည်ရွယ်ထားတယ်။
150 kW ဘက်ထရီကို အမြန်အားသွင်းစနစ်ဖြင့် အားပြန်သွင်းတဲ့အခါ ၈၀% အားဖြည့်ပြီးတဲ့ အခြေအနေကို နာရီဝက်အတွင်း ရောက်ရှိမယ်။
ခေါင်မိုးမှာ ဆိုလာပြား တပ်ပေးထားတယ်။ ဆိုလာပြားက ရတဲ့ဓာတ်အားက အကြမ်းအားဖြင့် တစ်နှစ်ကို ၁,၈၀၀ ကီလိုမီတာ ခရီးပေါက်မယ့် စွမ်းအင် ထောက်ပံ့ပေးမယ်။
ရောင်းအား ရည်မှန်းချက်က ၂၀၃၀ ပြည့်နှစ် မတိုင်ခင် စီးရေ ၆ သန်း ရောင်းချပြီးသား ဖြစ်ရမယ်။