ကားဝယ်စီးသူများရဲ့ ရွေးချယ်မှုသာ ပဓာနဟု Toyota ပြောကြား
ဘက်ထရီ လျှပ်စစ်မော်တော်ယာဉ် battery electric vehicles (BEV) သို့ ကူးပြောင်းဖို့ နှေးကွေးနေတယ်လို့ ဝေဖန်သူများကို Toyota Motor Corp က နှစ်ပတ်လည် စုံညီအစည်းအဝေးမှာ တွန်းလှန်လိုက်ပါတယ်။ မတူညီတဲ့ ဈေးကွက်များ၊ မတူညီကြတဲ့ ကားဝယ်စီးကြသူများအတွက် မတူညီတဲ့ ကားအမျိုးမျိုး ရွေးချယ်စရာများကို ပေးထားဖို့ လိုအပ်ပါတယ်လို့ ရှင်းပြခဲ့ပါတယ်။
နှစ်ပတ်လည် စုံညီအစည်းအဝေး annual general meeting (AGM)ကို ဗုဒ္ဓဟူးနေ့ (ဇွန် ၁၅ ရက်) မှာ ကျင်းပခဲ့ပါတယ်။
ကမ္ဘာ့အကြီးမားဆုံး မော်တော်ယာဉ် ထုတ်လုပ်သူ Toyota Motor က လောင်စာဆဲလ် မော်တော်ယာဉ်များနှင့် ဘက်ထရီဓာတ်ဆီနှစ်မျိုးစပ်မော်တော်ယာဉ်များ အပါအဝင် လက်ရှိနည်းပညာများဖြင့် ဆက်လက်မောင်းနှင်သွားမှာ ဖြစ်ကြောင်း အခိုင်အမာ ပြောကြားပါတယ်။ လေထုညစ်ညမ်းမှု နည်းပါးတဲ့ ကားများ ထုတ်လုပ်ရာမှာ ဘက်ထရီဓာတ်ဆီနှစ်မျိုးစပ်ဟုိင်းဘရစ် မော်တော်ယာဉ်များဖြင့် ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ တိုင်တိုင် ဦးဆောင်နေခဲ့တဲ့ အနေအထားကို ဆက်လက်ရယူထားမယ်လို့ ဆိုပါတယ်။
လူကြိုက်များ ရောင်းအားကောင်း ဟိုင်းဘရစ် Prius မော်ဒယ်အတွက် သဘာဝပတ်ဝန်းကျင်သမားတွေက Toyota Motor ကို သဘောကျခဲ့ကြပြီး ယခုအခါမှာတော့ ဓာတ်ဆီပါဝါကားတွေ ထုတ်လုပ်နေတာ မရပ်သေးတာအတွက် ဝေဖန်ခံနေရပါတယ်။
Toyota ရဲ့ နည်းပညာအရာရှိချုပ် Masahiko Maeda က ကားတွေကြောင့် လေထုထဲ ကာဘွန်ပါတဲ့ ဓာတ်ငွေ့တွေ ထပ်မတိုးစေရေးဟာ ပန်းတိုင်ဖြစ်ကြောင်း အစည်းအဝေးမှာ ပြောကြားပါတယ်။
ပလပ်ထိုး နှစ်မျိုးစပ် ကားများ၊ လျှပ်စစ်ကားများ ရေပန်းစားလာဖို့အတွက် ကားဝယ်စီးသူတွေက ကားအမျိုးအစားကို ရွေးချယ်ခွင့် ရှိနေဖို့ လိုအပ်ကြောင်း Maeda က ပြောကြားပါတယ်။ သူတို့ တွေ့ကြုံနေရတဲ့ အခြေအနေအရပ်ရပ်နှင့် အဆင်ပြေမယ့် ကားအမျိုးအစားကို ရွေးချယ်နိုင်ကြစေဖို့ ရွေးစရာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသင့်ကြောင်း၊ ကားထုတ်လုပ်သူက ရွေးစရာ မပေးပဲ ကျဉ်းမြောင်းအောင် မလုပ်သင့်ကြောင်း ပြောကြားပါတယ်။
BEV သို့ မြန်မြန်ဆန်ဆန် ကူးပြောင်းဖို့့အတွက် အားသွင်းပွိုင့်များ နေရာအနှံ့ လုံလုံလောက်လောက် ရှိနေခြင်း၊ အားသွင်းရုံများအတွက် လျှပ်စစ်ဓာတ်အား အမြဲမပြတ် လုံလုံလောက်လောက် ပေးနိုင်ခြင်း စသဖြင့် အခြေခံအဆောက်အအုံ အဆင်သင့်မဖြစ်နိုင်သေးတဲ့ ဈေးကွက်တွေမှာ ဟိုင်းဘရစ်ကားအမျိုးအစားတွေသာ ဆီလျော်မှု ရှိနေဆဲဖြစ်ကြောင်း Toyota က ပြောကြားပါတယ်။
အတွင်းမီးလောင် ပေါက်ကွဲအင်ဂျင် internal combustion engine (ICE) ကားများအတွက် ဟိုက်ဒြိုဂျင် အပါအဝင် ကာဘွန်မတိုးစေတဲ့ လောင်စာအမျိုးအစားများကို Toyota က လေ့လာစူးမ်းလျက်ရှိကြောင်းလည်း Toyota က ပြောကြားပါတယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များက ချက်ချင်းအရေးယူ ဆောင်ရွက်ပေးစေလိုတယ်။ Toyota က ကားဝယ်စီးသူတွေကို ငဲ့ညှာတယ်။ ကာဘွန်ဒိုင်အောက်ဆိုဒ် (CO2)၊ မီသိန်း (CH4) အစရှိတဲ့ ကာဘွန်ပါဓာတ်ငွေ့ ထုတ်လွှတ်မှုများ လျော့ကျစေရေးကို Toyota က လက်တွေ့ကျတဲ့ လုပ်နည်းကိုင်ဟန်ဖြင့် လုပ်ဆောင်နေတယ်။ ဒီတော့ ချက်ချင်း မဆောင်ရွက်တဲ့အတွက် လက်နှေးနေတယ်လို့ ဝေဖန်ခံရတယ်။
၂၀၂၂ မေလမှာ Toyota က အပြည့်အဝလျှပ်စစ်ကား ပထမဆုံးမော်ဒယ်ကို ဂျပန်ပြည်တွင်း ဈေးကွက်အတွက် စတင်ထုတ်လုပ်ခဲ့တယ်။ အီးဗီတွေကို မရောင်းဘူး။ အငှားစနစ်ဖြင့်သာ ပေးအပ်ပါတယ်။ ဂျပန်မှာ ဓာတ်ဆီဘက်ထရီ ၂မျိုးစပ် ကားအမျိုးအစားကိုသာ လူကြိုက်များနေဆဲ ဖြစ်ပါတယ်။
#MyanmarAutomobileGuide