တိုက်ပွဲတွေကြား ရေပန်းစားတဲ့ Toyota Hilux
Toyota Hilux က တိုက်ပွဲတွေကြားမှာ ရေပန်းစားပါတယ်။ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသ တို့ရဲ့ စစ်ရေးပဋိပက္ခ ရှေ့တန်းမှာ Toyota Hilux က ပွဲခံပါတယ်။
Hilux က ကမ္ဘာ့အရောင်းရဆုံး ပစ်ကပ်ထရပ်တွေထဲမှာ အပါအဝင် ဖြစ်ပါတယ်။ အကြမ်းခံတယ်။ အားကိုးလို့ရတယ်။ စတိုင်ကောင်းတယ်။
Hilux ကို အမေရိကန်ဈေးကွက်သို့ တင်ပို့ခြင်း မပြုဘူး။ ကြက်သားခွန် Chicken Tax ၂၅% စည်းကြပ်ကောက်ခံတာကြောင့် မတင်သွင်းတာ ဖြစ်ပါတယ်။
ကြက်သားခွန် Chicken Tax
ကြက်သားခွန် Chicken Tax ၂၅% က အမေရိကန်သို့ တင်သွင်းတဲ့ ပစ်ကပ်ထရပ်ကားတွေအပေါ် စည်းကြပ်တဲ့ သွင်းကုန်ခွန်ဖြစ်ပါတယ်။
အမေရိကန်မှ တင်ပို့တဲ့ ကြက်သားတွေကို ဥရောပသို့ တင်ပို့တဲ့အခါ ဉရောပသမဂ္ဂက သွင်းကုန်ခွန် ကောက်ခံတော့ အမေရိကန်က လက်တုံ့ပြန်တဲ့အနေဖြင့် ဥရောပမှ တင်သွင်းတဲ့ အပေါ့စား ထရပ်ကားတွေကို သွင်းကုန်ခွန် ကောက်ခံဖို့အတွက် ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်သို့ တင်သွင်းတဲ့ အပေါ့စားထရပ်ကားတွေကို ၂၅% သွင်းကုန်ခွန်ကောက်ခံပါတယ်။ ကြက်သားကို အကြောင်းပြုပြီး ပေါ်ပေါက်လာတာဖြစ်လို့ ကြက်သားခွန် Chicken Tax လို့ ကားလောကမှာ အမည်တွင်ပါတယ်။
စတုတ္ထနေရာ
Hilux က အမေရိကန်ကားဈေးကွက်ကို လက်ရှောင်ထားသော်လည်း ကမ္ဘာ့အပေါ့စားထရပ်ကား ရောင်းအားမှာ စတုတ္ထနေရာကို Hilux က ရရှိထားပါတယ်။
ပထမနေရာမှာ Ford F-150
ဒုတိယနေရာမှာ Ram 1500
တတိယနေရာမှာ Chevy Silverado 1500
အသီးသီး နေရာယူထားပါတယ်။
Hilux ရဲ့ထူးြခားချက်က အိမ်သုံး၊ လုပ်ငန်းသုံး အပြင် စစ်ရေးအတွက်ပါ သုံးစွဲကြတာ ဖြစ်ပါတယ်။
Hilux သမိုင်းကြောင်း
Toyota က ပစ်ကပ်ထရပ်က်ု ၁၉၆၈ မှာ စတင် ထုတ်လုပ်ခဲ့ပါတယ်။ Toyota က Hino ကို ရယူပြီးခါစ ဖြစ်ပြီး Hino မှာ ရှိနေတဲ့ Briska ထရပ်ကို ဒီဇိုင်းပြန်ထုတ်ပြီး Hilux ကို ထုတ်လုပ်တယ်။ အခုဆိုရင် မျိုးဆက် ၈ ခု ရှိပါပြီ။
မျိုးဆက်တစ်ခုထက် နောက်တစ်ခုမှာ တာရှည်ခံနိုင်ရည် ပိုကောင်းအောင် လုပ်ဆောင်ခဲ့ပါတယ်။ သုံးစွဲသူတွေကလည်း Hilux အကြမ်းသုံးကြပါတယ်။
ယခုအခါ Hilux ကို အတန်းအစား ၄ မျိုးဖြင့် ထုတ်လုပ်ပါတယ်။
ဈေးနှုန်းများကို ယေဘုယျအားဖြင့် အမေရိကန်ဒေါ်လာ ၁၇,၀၀၀ မှ ၅၂,၀၀၀ ဝန်းကျင်အထိ အစားစား သတ်မှတ်ထားပါတယ်။
စစ်ရေးသုံးစွဲမှုမှာ ထင်ပေါ်ကျော်ကြား
Hilux ကို စစ်ရေးမှာလည်း သုံးစွဲကြပြီး ၁၉၈၆ ခုနှစ်မှာ ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။
လစ်ဗျားနှင့် ချဒ် အိမ်နီးနားချင်း နှစ်နိုင်ငံ စစ်ရေးပဋိပက္ခ ဖြစ်ပွားပါတယ်။ အဲဒီစစ်ပွဲကို Time မဂ္ဂဇင်းက The Great Toyota War လို့ အမည်တပ်ပေးလိုက်တာမှာ လွန်စွာလူသိများသွားခဲ့ပါတယ်။
ပဋိပက္ခမှာ ပြင်သစ်က ချဒ်ဘက်မှာ ထောက်ကူတယ်။ စစ်သုံးယာဉ် ထောက်ပံ့တံ့အခါ Humvee တွေက ဈေးကြီးလို့ ဈေးသက်သာတဲ့ တိုယိုတာ Hilux အစီး ၄၀၀ ပို့ပေးလိုက်တယ်။
လစ်ဗျားကျုးေကျာ်သိမ်းပိုက်ထားတဲ့ မြို့ကို တိုက်ဖို့ စစ်ချီပြီး တပ်ဖြန့်တဲ့အခါ Hilux တွေကို စစ်သုံးယာဉ်အဖြစ် သုံးစွဲကြတယ်။ မြို့ကို ပြန်သိမ်းပိုက်နိုင်ခဲ့တယ်။ တစ်နေရာမှ တစ်နေရာ နေရာပြောင်းရွှေ့တဲ့အခါ Hilux တွေက လျင်မြန်တယ်။
Hilux technical
Hilux ကို စစ်သည်တွေ တင်ဖို့ စစ်သုံးယာဉ်အဖြစ်သာမက လက်နက်ကြီးတပ်ဆင်ပြီး တိုက်ခိုက်ရေးယာဉ်အဖြစ်လည်း သုံးကြတယ်။
စက်သေနတ်အကြီးစား တပ်ဆင်တယ်။ ဒုံးကျည်ပစ်စင် တပ်ဆင်တယ်။ အခုလို တပ်ဆင်ထားတဲ့ Hilux ကို တက္ကနီကယ် 'technical' လို့ခေါ်ကြတယ်။
Google မှာ hilux technical လို့ ရှာလိုက်ရင် hilux တိုက်ခိုက်ရေးယာဉ် ပုံတွေ အစီအရီ ပြသပါလိမ့်မယ်။
တက္ကနီကယ်လို့သာ ပြောနေကြတယ်။ တကယ်တော့ ဒီဇိုင်းက ဘာမှ ရှုပ်ရှုပ်ထွေးထွေး မပါဘူး။
အသေအထိုင်ချပြီး ပစ်ခတ်ရတဲ့ လက်နက်ကြီးတွေကို တိုက်ပွဲ တိုက်မယ့်နေရာဆီ အလျင်အမြန် သယ်ဆောင်ဖို့ ကားပေါ်တင်ပြီး ကားနဲ့သယ်ကြတာမှာ ကားပေါ် အသေတပ်လိုက်ပြိး ကားကို သယ်ယူပို့ဆောင်ရေး ယာဉ်အဖြစ်မှ တိုက်ခိုက်ရေးယာဉ်အဖြစ် အသွင်ပြောင်းပေးလိုက်ကြတာ ဖြစ်ပါတယ်။ ကိုယ်ထည်မှာ များသောအားဖြင့် ကြမ်းပြင်မှာ ဘို့နှင့်နပ် သုံးပြီး တပ်ဆင်ထားလိုက်တာ ဖြစ်ပါတယ်။
hilux technical တွေမှာ ရုရှားမှ ထုတ်လုပ်တဲ့ လေယာဉ်ပစ် DShK စက်သေနတ်ကြီးကို တပ်ဆင်ကြတယ်။ တင့်ကားဖျက် ဒုံးကျည် စနစ် MILAN တပ်ဆင်ကြတယ်။