ထိုင်းတွင် Toyota နှင့် Isuzu ထုတ်လုပ်မှု ယာယီရပ်ဆိုင်း


ထိုင်းနိုင်ငံမှာ မော်တော်ယာဉ် ထုတ်လုပ်မှု လုပ်ကိုင်နေတဲ့ ကားထုတ်လုပ်ရေး လုပ်ငန်းကြီးအနက်  Toyota နှင့် Isuzu တို့က မော်တော်ယာဉ် ထုတ်လုပ်မှုကို အနည်းဆုံး သီတင်းပတ် တစ်ပတ် ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။

ကမ္ဘာတစ်လွှား ချစ်ပ် လုံလောက်စွာ မရရှိတဲ့ ပြဿနာကြောင့် စီးရေ လျှော့ထုတ်ရမှာ ဖြစ်တဲ့အတွက် စက်ရုံတွေကို အနည်းဆုံး တစ်ပတ်ရပ်နားထားလိုက်တာ ဖြစ်ပါတယ်။

COVID-19 ကပ်ရောဂါကြောင့်လည်း လိုအပ်တဲ့ ယာဉ်အစိတ်အပိုင်းများ၊ စက်အစိတ်အပိုင်းများ အချိန်မီ မရရှိတာကလည်း စက်ရုံယာယီရပ်နားထားလိုက်ရခြင်းရဲ့ အကြောင်းတစ်ချက် ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံမှ Toyota Motor က ၎င်းရဲ စက်ရုံ လေးရုံကို တစ်ပတ်ရပ်နားထားလိုက်ပြီ ဖြစ်ကြောင်း ဇူလိုင်လ ၂၁ ရက်က အသိပေးကြေညာခဲ့ပါတယ်။

Camry, Yaris ATIV, Yaris, Vios, Corolla Altis, Corolla Cross နဲ့  C-HR ကားမော်ဒယ်များ ထုတ်လုပ်နေတဲ့ Chachoengsao မှ စက်ရုံနှစ်ရုံကို ရပ်နားထားလိုက်တယ်။
Hilux နဲ့ Fortuner ကားမော်ဒယ်များ ထုတ်လုပ်တဲ့ Samrong မှ စက်ရုံကိုလည်း အလားတူ ရပ်နားထားလိုက်ပြီ ဖြစ်ပါတယ်။ 

 Toyota က ထိုင်းနိုင်ငံမှာ  Hilux ထုတ်လုပ်တဲ့ စက်ရုံနှစ်ခု ထားရှိပြီး တစ်ရုံက ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်ပါတယ်။ ကျန်တစ်ရုံက ပြည်ပတင်ပို့ဖို့ ထုတ်လုပ်ပါတယ်။ 
Hilux တစ်မျိုးတည်း ထုတ်လုပ်လျက် ရှိတဲ့ Ban Pho မှ စက်ရုံကိုလည်း ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

Isuzu ကတော့ ဘယ်စက်ရုံတွေ ပိတ်တယ်ဆိုတာကို ထုတ်ပြန်ကြေညာခြင်း မပြုသေးပါဘူး။ 
 

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ကို ထိပါ

တစ်ကမ္ဘာလုံးအတွက် ဒိုင်ခံထုတ်တဲ့ တိုင်ဝမ်ချစ်ပ်လုပ်ငန်း ပြဿနာ

Read 10289 times