မြန်မာမှာ ကားတပ်ဆင်ထုတ်လုပ်မှု Toyota Motor ပြန်လည်စတင်


မြန်မာမှာ ကားတပ်ဆင်ထုတ်လုပ်မှု Toyota Motor ပြန်လည်စတင်


Toyota Motor သည် မြန်မာနိုင်ငံတွင် ၁၉ လကျော် နှောင့်နှေးခဲ့ပြီးနောက် ရန်ကုန်မြို့ အနီးရှိ သီလဝါ အထူးစီးပွားရေးဇုန် (SEZ)တွင် တည်ရှိတဲ့  ကားတပ်ဆင်ထုတ်လုပ်‌ရေးစက်ရုံကို စတင်လည်ပတ်နေပြီလို့ Nikkei သတင်းဖော်ပြပါတယ်။
မူလက ၂၀၂၁ ဖေဖော်ဝါရီလမှာ စတင်ဖို့ အစီအစဉ် ရှိပြီး အာဏာသိမ်းခဲ့ပြီးတဲ့နောက်မှာ နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများကြောင့် လုပ်ငန်းစတင်ဖို့ နှောင့်နှေးခဲ့ပါတယ်။ 

ဩဂုတ်လကုန်ပိုင်းမှာ Toyota က လုပ်ငန်းစတင်မည့်အကြောင်း SEZ အာဏာပိုင်များထံ အသိပေးခဲ့ပါတယ်။ အဆိုပါစက်ရုံမှာ Hilux ပစ်ကပ်ထရပ်များ ထုတ်လုပ်မှာ ဖြစ်ပြီး အရေအတွက် အနည်းငယ်ဖြင့် စက်တင်ဘာလမှာ စတင်ပါတယ်။

လစဉ် စီးရေ ဆယ်ဂဏန်းမျှသာ ထုတ်လုပ်သွားဖို့ လျာထားပါတယ်။

ပြည်တွင်းမှ Toyota အရောင်းကိုယ်စားလှယ်များက အမှာစာများကို အင်္ဂါနေ့ (အောက်တိုဘာ ၁၁)မှာ  စတင်လက်ခံပါတယ်။ သို့သော် အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်လုပ်သွားမှာ ဖြစ်လို့  ကားရရှိမယ့်ရက်ကိုတော့ အာမခံချက် မပေးနိုင်သေးပါဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

၂၀၁၉ ခုနှစ် မေလတွင် ကြေညာခဲ့တဲ့ မူလအစီအစဉ်အရ Toyota က စက်ရုံတွင် ဒေါ်လာ ၅၂.၆ သန်း ရင်းနှီးမြှုပ်နှံပြီး တစ်နှစ်လျှင် Hilux ပစ်ကပ် အစီးရေ  ၂,၅၀၀ ထုတ်လုပ်ရန် လျာထားပါတယ်။  

Toyota ရဲ့ မြန်မာလုပ်ငန်းကဏ္ဍကို Toyota  က ၈၅% နှင့် Toyota Tsusho က ၁၅% ပိုင်ဆိုင်ပါတယ်။ 
Source asia.nikkei

Read 17543 times