ဥရောပနှင့် အမေရိကန် တို့တွင် VW Group လျှပ်စစ်ကားများ လက်ကျန်မရှိ ရောင်းထွက်
လျှပ်စစ်ကား ထုတ်လုပ်မှုတွင် စီးရေအရ ကမ္ဘာ့ဒုတိယအများဆုံးဖြစ်သော VW Group သည် ပစ္စည်းပေးသွင်း ကွင်းဆက် ကမောက်ကမဖြစ်ပွားခြင်းများကြောင့် ဝယ်လိုအားကို ပြည့်မီအောင် ထုတ်လုပ်နိုင်ခြင်း မရှိသဖြင့် ထုတ်လုပ်မည့်ကားများ အားလုံး ကြိုရောင်းပြီးသား ဖြစ်နေသည်။
ဂျာမနီနိုင်ငံ ဝုဖ်ဘတ်မြို့အခြေစိုက် VW Group သည် Porsche, Audi နှင့် Škoda အစရှိသည့် brand များကို ပိုင်ဆိုင်ထားပြီး ကမ္ဘာတစ်လွှားတွင် ၂၀၂၂ ပထမ ၃လတာအတွင်း လျှပ်စစ်ကား မော်ဒယ်အမျိုးမျိုး စီးရေ ၉၉,၀၀၀ ကျော် ရောင်းချခဲ့သည်။ ယူကရိန်းမှာ ဝါယာပိုင်းဆိုင်ရာ အစိတ်အပိုင်းများ မရရှိတော့သည့် အခက်အခဲကို ရင်ဆိုင်နေရသည်။ ချစ်ပ်အလုံအလောက်မရသည့် ပြဿနာလည်း ကြုံနေရသည်။
VW Group အကြီးအကဲ Herbert Diess က ပြောကြားသည်မှာ ဝယ်လိုအား အလွန်ကောင်းနေသည့်အတွက် အနောက်ဥရောပအတွက် အမှာစာ စီးရေ ၃၀၀,၀၀၀ ဝန်းကျင် ထုတ်လုပ်ပေးရမည်ဖြစ်သည်။ အမေရိကန်မှ အမှာစာများသည် လျှပ်စစ်ကားမော်ဒယ်များကို ၂၀၂၃ ခုနှစ်ကျမှ စတင်ရရှိကြမည် ဖြစ်သည်။
၂၀၂၂ တွင် လျှပ်စစ်ကားစီးရေ ၇၀၀,၀၀၀ ထုတ်လုပ်ရောင်းချရန် လျာထားသည်။
တရုတ်ပြည်တွင်း ကားဈေးကွက်တွင် လျှပ်စစ်မော်တော်ယာဉ် ၁၄၀,၀၀၀ စီးကို ၂၀၂၂ တွင် ရောင်းချရန် လျာထားသည်။
Volkswagen Group ၏ ပထမ ၃ လပတ် (Q1) အစီရင်ခံစာတွင် ဘက်ထရီလျှပ်စစ်မော်တော်ယာဉ် BEV ၉၉,၀၆၄ စီး ရောင်းချခဲ့သည်ဟု ဖော်ပြထားသည်။
ပလပ်ထိုး ဘက်ထရီအင်ဂျင်နှစ်မျိုးစပ် PHEV စီးရေ ၅၀,၇၄၀ ရောင်းချခဲ့သည်။
Volkswagen Group ၏ ရောင်းအား ကောင်းသည့် မော်ဒယ်များမှာ
Volkswagen ID.3 နှင့် ID.4
Audi e-tron နှင့် Q4 e-tron
ŠKODA Enyaq iV
CUPRA Born
Porsche Taycan နှင့် Taycan Cross Turismo တို့ဖြစ်သည်။