အသစ်အတိုင်းရှိနေဆဲ 1978 VW လိပ်ခုံးကား လေလံတင်ထား
ဂျာမန်ကားထုတ်လုပ်ရေးလုပ်ငန်း Volkswagen ရဲ့ နာမည်ကျော်လိပ်ခုံးကား တစ်စီးကို ၈ ရက်ကြာ လေလံတင်ထားပါတယ်။
ကားမော်ဒယ်အဟောင်း စုဆောင်းသူတွေအတွက် ရည်ရွယ်ထားတဲ့ Thecollectables ဝဘ်ဆိုက်ကားလေလံ ဖြစ်ပါတယ်။
1978 မော်ဒယ် လိပ်ခုံးကား အနီရောင်က စက်ရုံက ထုတ်လုပ်ထားတဲ့အတိုင်း ဖြစ်ပြီး ဘာတစ်ခုမှ ပြုပြင်ထားတာ၊ ပစ္စည်းလဲထားတာ မရှိပါဘူး။
ကားကို ၃၁ ကီလိုမီတာ (၁၉ မိုင်) မျှသာ မောင်း ထားပါတယ်။
ကားကို အနွေးဓာတ်ပေးထားတဲ့ ဂိုထောင်ထဲမှာ တောက်လျှောက် သိမ်းဆည်းပေးထားပါတယ်။ ရေခဲတဲ့ ဆောင်းတွင်း အအေးဒဏ် မကြုံဖူးသေးတဲ့ လိပ်ခုံးကားနီနီ ဖြစ်ပါတယ်။
ကားထိုင်ခုံတွေမှာ စက်ရုံက အုပ်ပေးလိုက်တဲ့ ပလတ်စတစ်အစတွေကိုတောင် မခွာရသေးပါဘူး။
ချေးပိုးထိုးကောင်လို ခုံးနေလို့ Beetle လို့ ချစ်စနိုးခေါ်ကြရတဲ့ လိပ်ခုံးကား စီးရေ သန်း ၂၀ ကျော် ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ ထုတ်လုပ်မှု အပြီးအပိုင် ရပ်ခဲ့ပါတယ်။
လိပ်ခုံးကားနီနီရဲ့ မော်ဒယ်က 1978 Beetle 1200 ဖြစ်ပါတယ်။ ဂျာမနီမှာ လိပ်ခုံးကား ထုတ်လုပ်မှု အပြီးအပိုင် ရပ်လိုက်ပြီး မက္ကဆီကို၊ ဘရာဇီး အစရှိတဲ့ နိုင်ငံများရှိ VW ကားစက်ရုံတွေမှာတော့ ဆက်လက်ထုတ်လုပ်ပါတယ်။
နယ်သာလန်နိုင်ငံမှာ လိပ်ခုံးကားအသစ်တွေ ဝယ်စီးတဲ့သူများ ရှိနေဆဲဖြစ်တာကြောင့် ကားအရောင်းကိုယ်စားလှယ် Pon က မက္ကဆီကိုမှာ ထုတ်လုပ်နေတဲ့ လိပ်ခုံးကား စီးရေ ၅၀၀ ကို မှာယူခဲ့ပါတယ်။
မက္ကဆီနိုင်ငံမှာ ထုတ်လုပ်တာကို အကြောင်းပြုပြီး "မက္ကဆီကို လိပ်ခုံး" "Mexico Beetle" လို့ အမည်တွင်တဲ့ VW လိပ်ခုံးကား စီးရေ ၅၀၀ ရောက်ရှိလာတဲ့အခါ Pon က တစ်စီးကို အိမ်မှာ ယူထားလိုက်ပါတယ်။
သူ့အမေအတွက် အရန်သင့် ထားပေးဖို့ တစ်စီးကို မရောင်းဘဲ ဖယ်ထားလိုက်တာ ဖြစ်ပါတယ်။
သူ့အမေက 1974 Beetle ကို သုံးနေပြီး ကားကို အလွန်သံယောဇဉ် တွယ်ပါတယ်။ တကယ်လို့ အမေဖြစ်သူ စီးနေတဲ့ လိပ်ခုံးကား ပျက်သွားရင် အစားထိုးဖို့ သားဖြစ်သူ ကားအရောင်းကိုယ်စားလှယ်က ရောင်းမယ့်အထဲမှ တစ်စီးဖယ်ထားပြီး အဆင်သင့် သိမ်းဆည်းပေးထားခဲ့ပါတယ်။ မိခင်ကို ပေးတဲ့အခါ အသစ်အတိုင်း ပေးချင်လို့ ကားကို 'ခြင်ထောင်ချ' ထားခဲ့ပါတယ်။
အမေ မောင်းနေတဲ့ 1974 Beetle က အဆင်ပြေနေပါတယ်။ ကားအသစ် အစားထိုးဖို့ အခွင့်မသာခဲ့ပါဘူး။
အဲဒီ "Mexico Beetle" လိပ်ခုံးကားနီနီကို အွန်လိုင်းမှာ ၈ ရက်ကြာ လေလံတင်ထားပါတယ်။
လေလံဝဘ်စာမျက်နှာ လင့်
https://thecollectables.nl/volkswagen-kever-1978-marsrood-mexico-31-km-ongerestaureerd-nieuwstaat
ယခု ဩဂုတ်လ ၁ ရက် မြန်မာစံတော်ချိန် ၆ နာရီသာသာမှာ လေလံဆွဲထားသူ ၁၄ ဦး ရှိနေပြီး အများဆုံးပေးထားတဲ့ ဈေးက ယူရို ၁၃,၇၅၀ ဖြစ်ပါတယ်။
#MyanmarAutomobileGuide
Join Telegram https://t.me/Guid4U
ource : thecollectables