ဂျပန်ပြည်တွင်း ဈေးကွက်အတွက် ထုတ်လုပ်တဲ့ 2022 Toyota HiLux မော်ဒယ်ကို HiLux GR Sport မူကွဲမော်ဒယ်အဖြစ် ထုတ်လုပ်မှာ ဖြစ်ပါတယ်။
ထိုင်းပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်ခဲ့တဲ့ Hilux Revo GR Sport ကို ထိုင်းနိုင်ငံမှာ ဩဂုတ်လတုန်းက မိတ်ဆက်ပြသပေးခဲ့ပြီး ယခု Hilux Revo GR Sport ရဲ့ နောက်ဆက်ဆွဲမော်ဒယ်အဖြစ် HiLux GR Sport ကို ထုတ်လုပ်လိုက်တာဖြစ်လို့ အမည်အားဖြင့်သာ ကွဲပြားပေမဲ့ Hilux Revo GR Sport နဲ့ ဆင်ဆင်တူပါတယ်။
ကိုယ်ထည် အကျယ်က ၄၅ မီလိမီတာ ပိုကျယ်သွားတယ်။ ရှေ့မျက်နှာစာပိုခန့်ထည်သွားပြီး Toyota စာလုံး ပိုကြီးပေးထားတယ်။ ဇာကာကွက်အလှကို မည်းနက်တဲ့အရောင်ဖြင့် ကိုယ်ထည်အဖြူရောင်ကို အရောင်တွဲပေးထားတယ်။ ဘီးခွေအမည်းရဲ့ နောက်မှာ ဘရိတ်အစိတ်အပိုင်းကို အနီရဲရဲဖြင့် အရောင်တွဲပေးထားတယ်။ အလားတူပင် နောက်ဘန်ပါကိုလည်း အမည်းရောင်သုံးပြီး ကိုယ်ထည်အဖြူကို အရောင်တွဲစပ်ပေးထားခြင်းဖြင့် ခန့်ထည်နေစေတယ်။
အတွင်းပိုင်းမှာ သားရေတု ထိုင်ခုံတွေ ပါတယ်။ ခေါင်းမှီမှာ GR တံဆိပ်ဖော်ပြပေးထားတယ်။ အမည်းကွက်နဲ့ အနီကွက်တွဲကပ်ထားပြီး GR စာသားဖော်ပြထားတဲ့ တံဆိပ်ကို နေရာအတော်များများမှာ တွေ့ရမှာ ဖြစ်ပါတယ်။
အလားတူပင် စတီယာရင်မှာလည်း GR တံဆိပ် ဖော်ပြပေးထားတယ်။ စက်နှိုးစက်သတ် ခလုတ်မှာလည်း GR တံဆိပ် ဖော်ပြပေးထားတယ်။ ဒိုင်ခွက်ထဲမှာလည်း GR တံဆိပ် ဖော်ပြပေးထားတယ်။ ကားသော့မှာလည်း ပါတယ်။
လီဗာနဲ့ ဘရိတ် ခြေနင်းပြားကို အလူမီနီယမ် သတ္တုအုပ်ပေးထားတယ်။
ဂျပန်ပြည်တွင်းထုတ် Toyota HiLux GR Sport မှာ ဒီဇယ်အင်ဂျင်ကို သုံးစွဲထားပြီး 2.4-liter turbocharged အင်ဂျင် ဖြစ်ပါတယ်။ ဆလင်ဒါ လေးလုံးထိုးဖြစ်ပြီး ပါဝါ 147 hp (110 kW) နဲ့ ရုန်းအား 295 lb-ft (400 Nm) အထိ ထုတ်ပေးနိုင်တယ်။ ဂီယာက အော်တို ၆ ချက် ဖြစ်ပါတယ်။ စတီယာရင် ထိန်းကျောင်းပေးနေတာကို တုံ့ပြန်မှု ပိုကောင်းစေတဲ့ ယာဉ်အောက်ပိုင်း ဒီဇိုင်းကို တပ်ဆင်ပေးထားတယ်။