ထိုင်းနိုင်ငံတွင်း လျှပ်စစ်ကားထုတ်လုပ်မှုအတွက် ဒေါ်လာ (၄၇၀) သန်းခန့် ရင်းနှီးမြှုပ်နှံရန် စီစဉ်


တရုတ်နိုင်ငံမှ လျှပ်စစ်ကားကားမ္ပဏီများအနေဖြင့် အရှေ့တောင်အာရှရှိ အိမ်နီးချင်းနိုင်ငံများသို့ မော်တော်ကား ထုတ်လုပ်ဖြန့်ချိရေး ဗဟိုချက်နေရာအဖြစ် ထိုင်းနိုင်ငံကို အထူးစိတ်ဝင်စားနေကြကာ အရှေ့တောင်အာရှဒေသအတွက် မော်တော်ကားထုတ်လုပ်မှု အခြေစိုက်ရာနေရာအဖြစ် ပိုမို ရင်းနှီးမြှုပ်နှံကြရန် စိတ်ဝင်စားနေကြကြောင်း သိရသည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၏ ပြည်ပ ရင်းနှီးမြှုပ်နှံမှု မက်လုံးပေးမှုများကြောင့် တရုတ်နိုင်ငံ မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီများသည် စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေခြင်း ဖြစ်ပြီး ၎င်းတို့သည် ရင်းနှီးမြှုပ်နှံရန်အတွက်လည်း  အဆင်သင့် ရှိနေပြီဟု ဆိုသည်။ 

Chongqing Changan Automobile နှင့် GAC Aion တို့သည် တန်ဖိုး ထိုင်းဘတ် ၁၆.၂ ဘီလီယံ ( ဒေါ်လာ ၄၇၀ သန်း ) ခန့်ရှိ  လျှပ်စစ်ကားထုတ်လုပ်မှုကို ထိုင်းနိုင်ငံတွင်း၌  ရင်းနှီးမြှုပ်နှံရန်  စီစဉ်လျက် ရှိသည်။ 

Great Wall Motor and BYD အနေဖြင့်လည်း ထိုင်းနိုင်ငံ အရှေ့ပိုင်း ရနောင်းပြည်နယ်တွင် မော်တော် ကားစက်ရုံများ တည်ထောင်ပြီး ဖြစ်သကဲ့သို့ Hozon Auto ကုမ္ပဏီသည်လည်း အရှေ့တောင် အာရှနိုင်ငံများသို့ မော်တော်ကား ဖြန့်ဖြူး ရောင်းချပေး ရန်အတွက်  ထိုင်းနိုင်ငံ၌  မော်တော်ကားများကို လာမည့် ၂၀၂၄ ခုနှစ်တွင် စတင် ထုတ်လုပ်တော့မည် ဖြစ်သည်။    

ထိုင်းနိုင်ငံအတွင်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ အထူးသဖြင့် လျှပ်စစ်မော်တော်ယာဉ် လုပ်ငန်းတွင် တိုးတက်လာခြင်းသည် မကြာသေးမီနှစ်များတွင် ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့် ကာဗွန်ထုတ်လွှတ်မှုနည်းသည့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် လျှပ်စစ်မော်တော်ယာဉ် လုပ်ငန်းကွင်းဆက်များနှင့် နည်းပညာများကို ယူဆောင်လာခဲ့ကြောင်း ထိုင်းနိုင်ငံ၊ အရှေ့ပိုင်းစီးပွားရေးစင်္ကြံ၏ အကြီးအကဲက ပြောကြားခဲ့သည်ဟု China Daily တွင် ဖော်ပြထားသည်။ 

အရှေ့တောင်အာရှတွင် မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် တင်ပို့မှု၏ အဓိကနိုင်ငံတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံသည် ယခင်နှစ်များအတွင်း ပိုမိုများပြားသည့် တရုတ်လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်သူများကို ဆွဲဆောင်နိုင်ခဲ့ကြောင်း အရှေ့ပိုင်းစီးပွားရေးစင်္ကြံ ( Eastern Economic Corridor - EEC ) ဆိုင်ရာ မူဝါဒကော်မတီ၏ အထွေထွေအတွင်းရေးမှူး Chula Sukmanop သည် ဘန်ကောက်မြို့၌ ရှင်းဟွာသတင်းအေဂျင်စီနှင့် တွေ့ဆုံ မေးမြန်းမှု တစ်ခုအတွင်း ပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်ကုမ္ပဏီများစွာသည် ထိုင်းနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံထားကြပြီး အချို့သည် ထိုင်းနိုင်ငံရှိ ပြည်တွင်းဈေးကွက်၏ ဝယ်လိုအားကို ဖြည့်ဆည်းရန်နှင့် အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရန် ဆောင်ရွက်နေကြကြောင်းနှင့် ထိုင်းနိုင်ငံသည် အနာဂတ်တွင် လျှပ်စစ်ကားများကို ပိုမိုတင်ပို့ရန် မျှော်လင့်ထားသည်ဟု ဆိုသည်။

Advertisement

Click Here > Phyo Eain Si

ထိုင်းနိုင်ငံရှိ မော်တော်ယာဉ်နှင့် ဆက်စပ်သည့် အသိုင်းအဝိုင်း၏ အဆိုအရ တရုတ်အမှတ်တံဆိပ် လျှပ်စစ်ကားများသည် ၂၀၂၁ ခုနှစ်တွင် ထိုင်းနိုင်ငံရှိ လျှပ်စစ်ကားဈေးကွက်၏ (၉၀) ရာခိုင်နှုန်းခန့် ရှိကြောင်း၊ MG နှင့် Great Wall ကဲ့သို့ တရုတ်လျှပ်စစ်ကားထုတ်လုပ်သူများသည် အရှေ့ပိုင်းစီးပွားရေးစင်္ကြံ (EEC) တွင် စက်ရုံများ တည်ထောင်ခဲ့ကြပြီး တရုတ်နိုင်ငံ၏ အကြီးဆုံး လျှပ်စစ်ကားထုတ်လုပ်သည့် BYD နှင့် EV startup ဖြစ်သည့် Neta Auto တို့သည်လည်း ထိုင်းနိုင်ငံတွင် အခြေချနေပြီ ဖြစ်သည်။

ထိုင်းအစိုးရသည် လျှပ်စစ်ကားထုတ်လုပ်မှုကို ၂၀၃၀ ပြည့်နှစ်တွင် မော်တော်ယာဉ်ထုတ်လုပ်မှု စုစုပေါင်း၏ (၃၀) ရာခိုင်နှုန်းခန့်အထိ ရောက်ရှိစေရန်နှင့် ထိုင်းနိုင်ငံရှိ လျှပ်စစ်ကားရောင်းချရမှု ပမာဏသည် ၂၀၂၁ ခုနှစ်တွင် အစီးရေ (၂,၀၀၀) အောက်သာ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် အစီးရေ (၁၀,၀၀၀) နီးပါးအထိ များပြားခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ရောင်းချမှုပမာဏ နှစ်ဆဖြစ်ရန် မျှော်လင့်လျက် ရှိသည်။

တရုတ်လျှပ်စစ်ကားကုမ္ပဏီများသည် မော်တော်ကားအစိတ်အပိုင်းများ၊ တာယာများ၊ ဘက်ထရီများနှင့် အားသွင်းရုံများ အပါအဝင် မော်တော်ယာဉ်လုပ်ငန်းနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများကိုပါ ဆွဲဆောင်နိုင်ခဲ့ပြီး ထိုအချက်သည် ဒေသတွင်းအလုပ်အကိုင်ကို  ဖန်တီးပေးနိုင်သည့်အပြင် ထိုင်းနိုင်ငံရှိ အလုပ် သမားများ၏ အရည်အသွေးတိုးတက်မှုကို အထောက်အကူဖြစ်စေသော နည်းပညာနှင့် စွမ်းရည်မြှင့်တင်ရေး သင်တန်းများကိုလည်း ရရှိစေသည်ဟု Chula Sukmanop က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံရှိ ကမ်းရိုးတန်းပြည်နယ် (၃) ဖြစ်သည့် Rayong၊ Chonburi နှင့် Chachoengsao တို့  ပါဝင်သည့် အရှေ့ပိုင်းစီးပွားရေးစင်္ကြံသည် မြို့တော်ဘန်ကောက်၏ အရှေ့ဘက်တွင် တည်ရှိပြီး အထူးသဖြင့် အဆင့်မြင့်နည်းပညာသုံး စက်မှုလုပ်ငန်းများ၏ တိုးတက်မှုကို မြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးရန် အစိုးရ၏ ကြိုးပမ်းမှုများအနက်မှ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရှိသည်။

အဆိုပါစီမံကိန်းသည် လုပ်အားခသက်သာသည့် အလုပ်သမားများအပေါ် မှီခို အားထားနေခြင်းကို ပြောင်းလဲလိုသောကြောင့် တန်ဖိုးမြင့် စက်မှုလုပ်ငန်းများကို ဆွဲဆောင်ရန်အတွက် အခြေခံအဆောက်အဦများ အဆင့်မြှင့်တင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မက်လုံးပေးမှုများကို အကောင်အထည်ဖော်ခြင်းတို့အပေါ် အလေးထားလျက် ရှိသည်။

လက်ရှိတွင် ရေနံဓာတုပစ္စည်းများ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ် အစိတ်အပိုင်းများ၊ လျှပ်စစ်ပစ္စည်းနှင့် အသုံးအဆောင်များကဲ့သို့ စက်မှုလုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကြောင်း သိရသည်။

Source : Xinhua

Read 476 times