Mini MPV အမျိုးအစားဖြစ်တဲ့ Toyota Ractis ကို ၂ဝဝ၅ ခုနှစ်၊ အောက်တိုဘာလမှာ Toyota နဲ့ Kanto Auto Works တို့ကပူးပေါင်းပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
Toyota Ractis ကငါးယောက်စီး ကားအမျိုးအစား ဖြစ်သလို Toyota Vitz ကို အခြေခံပြီး ထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
၂ဝဝ၅ မိုဒယ်ကနေ ၂ဝ၁ဝ မိုဒယ်အထိကို ပထမမျိုးဆက်၊ ၂ဝ၁ဝ မိုဒယ်နောက်ပိုင်းကို ဒုတိယမျိုးဆက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၁၃ဝဝ စီစီမှာ ပထမမျိုးဆက်ရဲ့ Chassis က NCP 100 ဖြစ်ပြီး၊ ဒုတိယမျိုးဆက်ရဲ့ Chassis က NCP 120 ဖြစ်ပါတယ်။ ဒုတိယမျိုးဆက်ကို ၂ဝ၁ဝ ပါရီ ကားပြပွဲမှာ Toyota Verso-S အနေနဲ့ မိတ်ဆက်ပြသခဲ့တာ ဖြစ်ပါတယ်။ Ractis ဆိုတဲ့ အမည်နာမကတော့ Run ၊ Activity ၊ Space စတဲ့ စကားလုံးတွေကို ပေါင်းစုထားတာ ဖြစ်ပါတယ်။
အင်ဂျင်အမျိုးအစား
Toyota Ractis ကို ၁၃ဝဝ စီစီ၊ ၁၅ဝဝ စီစီ အင်ဂျင်နှစ်မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ ၁၅ဝဝ စီစီမှာ 2WD ၊ 4WD နှစ်မျိုးရှိပေမဲ့ ၁၃ဝဝ စီစီမှာတော့ 2WD တစ်မျိုးတည်းနဲ့ပဲ ထုတ်လုပ်ထားပါတယ်။ Paddle Shift Mode ကတော့ ၁၅ဝဝ စီစီ အင်ဂျင်ကားတွေမှာပဲ ရှိတတ်ပါတယ်။
အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်
ရုပ်ပြောင်းသွားတဲ့ ၂ဝ၁ဝ မိုဒယ်နောက်ပိုင်း ကားတွေက ရှေ့ရှဲလ်၊ ရှေ့မီးခွက်၊ နောက်မီးခွက်တွေ ပြောင်းသွားသလို ဘော်ဒီအချိုး ကလည်း အရင်ပုံဟောင်းနဲ့ မတူတော့ပါဘူး။ ရှေ့ဝိုက်ပါ ကလည်း Vitz ပုံပြောင်းလို တစ်ချောင်းတည်း ဖြစ်သွားပါတယ်။ အတွင်းခန်း အပြင်အဆင်၊ Dashboard ၊ ဒိုင်ခွက်အထိုင်တွေ ပြောင်းသွားပြီး ဂီယာအထိုင်ကလည်း ပုံဟောင်းလို Dashboard ဂီယာ မဟုတ်တော့ဘဲ ဘောဂီယာ ဖြစ်သွားပါတယ်။
Toyota Ractis မှာ G ၊ X ၊ S ၊ X V Package တို့အပြင် Lepice ဂရိတ်လည်း ရှိပါတယ်။ X နဲ့ X V Grade တွေက Base Grade ဖြစ်လို့ Manual Aircon နဲ့ Remote Key ပဲ ဖြစ်ပါတယ်။ Lepice Grade ကလည်း Manual Aircon နဲ့ Remote Key ဖြစ်ပြီး Paddle Shift Mode ပါသွားသလို Steering Leather ကြိုးချုပ် ဖြစ်သွားပါတယ်။ S Grade ကတော့ ၁၅ဝဝ စီစီမှာပဲရှိပြီး Auto Aircon နဲ့ Push-Start ဖြစ်သွားပါတယ်။ G Grade ကတော့ အမြင့်ဆုံးဖြစ်လို့ Auto Aircon ၊ Push-start ၊ Steering Leather ကြိုးချုပ်၊ ဂီယာလက်ကိုင် ကြိုးချုပ်နဲ့ အလွိုင်းအရွယ်အစား ၁၆ လက်မဖြစ်သွားပါတယ်။
Credit;Car Thadin Sone