လိုအပ်သည့် စက်ပစ္စည်းများကို အရှေ့တောင်အာရှမှာ ကိုဗစ်ကြောင့် အလျဉ်မီအောင် မရရှိခြင်းနှင့် ချစ်ပ် အလုံအလောက် မရရှိခြင်းတို့ကြောင့် မော်တော်ယာဉ် ထုတ်လုပ်မှု အစီအစဉ်များ ပြန်လည်လျာထားခဲ့ရာ စီးရေ တစ်သန်းကျော် လျှော့ထုတ်ကြမည် ဖြစ်သည်။
Toyota Motor အပါအဝင် ဂျပန်မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းကြီး ခြောက်ခုတို့က လက်ရှိဘဏ္ဍာရေးနှစ်တွင် စီးရေ တစ်သန်းကျော်ကို လျှော့ထုတ်ကြမည် ဖြစ်ပြီး ယမန်နှစ် ထုတ်လုပ်သည့် ပမာဏနှင့် အတူတူနီးပါး ဖြစ်လိမ့်မည်။
အရှေ့တောင်အာရှတွင် ကိုဗစ်ကူးစက်မှု ဆိုးဝါးခြင်းကြောင့် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရန် ပစ္စည်းအစိတ်အပိုင်းများ မရရှိသည့်အပြင် ချစ်ပ်များလည်း လိုသလောက် မရနိုင်သဖြင့် ယခုလို လျှော့ချလိုက်ကြခြင်း ဖြစ်ပြီး ယင်းပြဿနာကို အမေရိကန်နှင့် ဥရောပရှိ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများလည်း ခံစားကြရသည်။
.မတ်လ ၂၀၀၂၂ ခုနှစ်တွင် ကုန်ဆုံးမည့် ဘဏ္ဍာရေးနှစ်အတွက် ထုတ်လုပ်မှု ၃% လျှော့ချမည်ဖြစ်ရာ စီးရေ ကိုးသန်းအထိသာ ထုတ်လုပ်တော့မည် ဖြစ်သည်။
Nissan Motor က စီးရေ ၂၅၀,၀၀၀ လျှော့ထုတ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
Honda Motor က စီးရေ ၁၅၀,၀၀၀ လျော့နည်းလိမ့်မည်ဟု ခန့်မှန်းထားသည်။
Suzuki Motor က ယမန်နှစ်ကထက် ၁၀% ခန့် လျော့နည်းမည်ဟု ဆိုပေရာ စီးရေ ၃၅၀,၀၀၀ လျော့ကျမည် ဖြစ်သည်။
မော်တော်ယာဉ် ထုတ်လုပ်သူများသည် ချစ်ပ်(ဝါ) ဆီးမီးကွန်ဒတ်တာ ပုံမှန် ရရှိရေးကို မဆောင်ရွက်နိုင်ကြသေးသဖြင့် ဂျပန်၊ ထိုင်းနှင့် ဟန်ဂေရီ အပါအဝင် နိုင်ငံများရှိ စက်ရုံများတွင် ထုတ်လုပ်မှု လျှော့ချထားကြရသည်။ အိန္ဒိယနိုင်ငံတွင် မော်တော်ယာဉ်ထုတ်လုပ်မှုသည် ပုံမှန်ထုတ်လုပ်နေကျထက် ၄၀% လျော့နည်းလိမ့်မည်။
Mazda Motor, Mitsubishi Motors နှင့် Subaru တို့ကလည်း ထုတ်လုပ်မှု လျှော့ချမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ကြသည်။ ရလဒ်အဖြစ် ကုမ္ပဏီ ၆ ခုတို့၏ ထုတ်လုပ်မှုများ စီးရေ ၁.၁၅ သန်း လျော့ကျမည် ဖြစ်သည်။
တိုယိုတာအတွက် ဆီမီးကွန်ဒတ်များ ထုတ်လုပ်ပေးသည့် မလေးရှားမှ STMicroelectronics စက်ရုံသည် ကိုဗစ် ကူးစက်မှုကြောင့် ပိတ်ထားဆဲ ဖြစ်သည်ဟု တိုယိုတာက ပြောကြားသည်။ ထိုကုမ္ပဏီမှာ ဆွစ်ကုမ္ပဏီဖြစ်ပြီး မလေးရှားနိုင်ငံတွင် စက်ရုံထူထောင်ကာ ထုတ်လုပ်မှု လုပ်ကိုင်ခြင်း ဖြစ်သည်။ ကိုဗစ်လှိုင်းပြန်ထသဖြင့် လုပ်သားများ အလုပ်မဆင်းရန် တားမြစ်ထားသဖြင့် စက်ရုံ ပိတ်ထားရသည်။ ယခုအခါ ထုတ်လုပ်မှုသည် ၁၈ လ စာ နောက်ကျနေပြီဟု ဆိုသည်။ အမှာစာများကို ထုတ်လုပ်ပေးရန် စက်ရုံများ ပြန်ဖွင့်ဖို့ ကြာမြင့်သည့်အတွက်ကြောင့် ဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံများတွ် ဘရိတ်ပစ္စည်းကဲ့သို့သော ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်သည့် အခြားစက်ရုံများလည်း အလားတူပင် ပိတ်ထားကြသဖြင့် ယာဉ်တပ်ဆင်ထုတ်လုပ်ရန် မဖြစ်နိုင်တော့ချေ။ ဂျာမနီမှ Bosch သည် အရှေ့တောင်အာရှတွင် စက်ရုံ ခုနစ်ရုံ ရှိနေပြီး လျှပ်စစ်အစိတ်အပိုင်းများ အပါအဝင် ယာဉ်သုံး ပစ္စည်းများ ထုတ်လုပ်သော စက်ရုံများ ဖြစ်သည်။
မလေးရှားတောင်ပိုင်းတွင် တည်ရှိသော မာလာကာမြို့ရှိ စက်ရုံတွင် မော်တော်ယာဉ်သုံး ချစ်ပ်များ ထုတ်လုပ်သည့် ဂျာမန်ကုမ္ပဏီ Infineon Technologies သည် ဇွန်လနောက်ပိုင်း စက်ရုံ ပိတ်ထားရသည်မှာ ရက်ပေါင်း ၂၀ ကြာမြင်ခဲ့သည်။ ၎င်းထုတ်လုပ်သည့် ချစ်ပ်များကို ဘရိတ်စနစ်နှင့် စတီယာရင်စနစ်များအတွက် အသုံးပြုသည်။
အမေရိကန်ကုမ္ပဏီဖြစ်သော General Motors သည် မြောက်အမေရိကရှိ ၎င်း၏ စက်ရုံ (၈)ခုကို ပိတ်ထားရသည်။ ထိုစက်ရုံများသည် ကုမ္ပဏီ၏ မော်တော်ယာဉ် ထုတ်လုပ်မှု ပမာဏ စုစုပေါင်း၏ ထက်ဝက်ကို ထုတ်လုပ်ပေးနေသည့် စက်ရုံများ ဖြစ်သည်။ စက်တင်ဘာလ ဆန်းမှ စ၍ တစ်ပတ်မှ လေးပတ်အထိ ယာယီ ပိတ်ထားလိုက်သည်။
ပြင်သစ်မှ Renault က စပိန်နိုင်ငံရှိ ၎င်း၏ စက်ရုံများကို ရက်ပေါင်း (၆၀) ပိတ်ထားလိုက်သည်မှာ ဩဂုတ်လကုန်ကတည်းက ဖြစ်သည်။
ဂျာမနီမှ Volkswagen သည်လည်း ဂျာမနီနိုင်ငံ Wolfsburg ရှိ ပင်မစက်ရုံတွင် ထုတ်လုပ်မှုများ ထပ်မံလျှော့ချမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
တစ်ကမ္ဘာလုံးအနေဖြင့် ယခုနှစ်တွင် မော်တော်ယာဉ်ထုတ်လုပ်မှု စီးရေ သန်း ၈၀ အထိ လျော့နည်းဖွယ် ရှိသည်။ အရောင်းပမာဏအနေဖြင် အမေရိကန်ဒေါ်လာ ၁၃၀ ဘီလျံကျော် လျော့နည်းမည် ဖြစ်သည်။