သဲသောင်ပြင်မောင်းကားဆိုတာ


Sandrail ၊ ဒါမှမဟုတ် Sand Rail လို့ ခေါ်ဝေါ်ကြတဲ့ ယာဉ်ဟာ သဲထူထပ်တဲ့မြေဧရိယာမှာ မောင်းနှင်အသုံးပြုဖို့အတွက် အထူးတည်ဆောက် ဖန်တီးထားတဲ့ အပေါ့စား လမ်းကြမ်းမောင်းမော်တော်ယာဉ်ပဲ ဖြစ်ပါတယ်။

Sandrail ကို အမျိုးအစားချင်း အနည်းငယ်ကွဲပြားတဲ့ သဲသောင်ပြင်မောင်း Dune Buggy တွေနဲ့ မှားလေ့ရှိကြပါတယ်။

တကယ့်သဲသောင်စစ်စစ်ပေါ် မောင်းနှင်ရာမှာ နာမည်ကျော်ကြားတဲ့ Sandrail တွေကို တခြားလမ်းကြမ်းတွေမှာ မောင်းနှင်အသုံးပြုနိုင်ပေမဲ့ သဲပြင်ပေါ်မောင်းနှင်ဖို့အတွက် အထူး ဒီဇိုင်းထွင်တည်ဆောက်ထားတာပါ။

တခြားလမ်းကြမ်းမောင်းကားအများစုလိုပဲ ဘီးလေးဘီးတပ် Sandrail ဟာ တောင်ကုန်းအဆင်းအတက် နဲ့ သဲထူထပ်တဲ့နေရာတွေမှာ လုံခြုံစိတ်ချစွာ မောင်းနှင်အသုံးပြုနိုင်ပါ တယ်။

အဲဒီယာဉ်တွေရဲ့ ကားရှေ့ဘီးမှာ တခြားကားတာယာတွေနဲ့မတူဘဲ ပိုပြီးကြီးမားပေါ်လွင်တဲ့ တာယာပန်းခုံး၊ ဒါမှမဟုတ် လယ်ထွန်စက်သုံး တာယာတွေ တပ်ဆင်ထားတတ်ပြီး ကားနောက်ဘီးမှာတော့

သဲနဲ့ရွံ့ ထူထပ်တဲ့လမ်းတွေမှာ အသုံးပြုတဲ့ ကုပ်အားကောင်း Paddle Tire တွေကို တပ်ဆင်အသုံးပြုလေ့ရှိပါတယ်။

ကိုယ်ထည် အလေးချိန် ပေါင်ရှစ်ရာကနေ ၁,၅ဝဝ အတွင်းပဲရှိတဲ့ Sandrail ဟာ ကိုယ်ထည် အနေအထား ကလည်း ခပ်နိမ့်နိမ့်ပဲရှိတာကြောင့် သဲသောင်ခုံပေါ်မှာတောင် ကျဉ်းမြောင်း တဲ့ဧရိယာအတွင်း ချိုးကွေ့နိုင်ပါတယ်။

Sandrail ကို Roll Cage ပါဝင်တဲ့ Tubular Space Frame အောက်ခံထည်ပေါ်မှာ တည်ဆောက်ထားပြီး တခြား သဲသောင်ပြင်သုံးကားတွေနဲ့မတူတဲ့ ထူးခြားချက်ကတော့

ကားပြတင်းပေါက်နဲ့ တံခါးတွေလို ကိုယ်ထည်အစိတ်အပိုင်းအပြည့်အစုံကို တပ်ဆင်ထားလေ့မရှိတာပါပဲ။

သမားရိုးကျ သဲသောင်ပြင်မောင်းကား တွေထက် ပိုပြီးပေါ့ပါးတဲ့ Sandrail ယာဉ်မှာ မိုတာနဲ့ ဂီယာအုံကို ကိုယ်ထည် အနောက်ဘက်မှာ တပ်ဆင်ထားလေ့ရှိပါတယ်။

အဲဒီလို ဒီဇိုင်းအပြင်အဆင်က Sandrail ရဲ့ ရှေ့ပိုင်းကို အလွန်ပေါ့ပါးသွားစေပြီး သဲထူထပ်တဲ့ တောင်ကုန်းဧရိယာတွေကို မောင်းတက်နိုင်စွမ်း ရှိသွားစေပါတယ်။

၁၉၆ဝ ပြည့်နှစ်ဝန်းကျင်မှာ Sportster လို့ခေါ်တဲ့ ပထမဆုံး ထုတ်လုပ်မှုမိုဒယ် Dune Buggy စတင်ပေါ်ပေါက်လာခဲ့ပေမဲ့ ၁၉၇ဝ ပြည့်လွန်နှစ်တွေမှာတော့ လမ်းကြမ်းမောင်းယာဉ်ဝါသနာရှင်တွေဟာ

သဲ ထူထပ်မြင့်မားတဲ့ သဲသောင်ကုန်းတွေကို ကျော်ဖြတ်နိုင်လောက်အောင် စွမ်းအားပိုပြည့်ဝပြီး ပိုလည်းပေါ့ပါးတဲ့ သဲပြင်မောင်းယာဉ်တွေ လိုအပ်လာ ကြပါတယ်။

အဲဒီလို တီထွင်ကြံဆရင်းကနေ Sandrail တွေ ပေါ်ပေါက် လာခဲ့ပြီး အလေးချိန်နဲ့ စွမ်းအင် ညီညွတ်မျှတတဲ့ Sandrail ယာဉ်တွေကို တည်ဆောက်ထုတ်လုပ်လာကြပါတယ်။

အစပိုင်းမှာ Volkswagen အင်ဂျင် လို အလေးချိန်ပေါ့ပါးတဲ့ Air-cooled အင်ဂျင်တွေ အသုံးပြုကြပြီး ဒီနေ့ခေတ်အခါမှာလည်း ဈေးနှုန်းသင့်တင့်တဲ့ အစိတ်အပိုင်းတွေ ရရှိနိုင်တာကြောင့်

VW အင်ဂျင်ကို Sandrail ယာဉ်အတော်များများမှာ အဓိက အသုံးပြုနေဆဲ ဖြစ်ပါတယ်။

အစောပိုင်း Sandrail ယာဉ်တွေမှာ စတီယာရင်၊ ဘရိတ်နဲ့ Accelerator တို့အပြင် တခြားနည်းပညာပစ္စည်း အနည်းငယ်ပဲ ပါဝင်ခဲ့ပေမဲ့ အခုခေတ်မှာတော့ HID နဲ့ LED ကားရှေ့မီးတွေ၊

ရေဒီယိုတွေနဲ့ GPS လမ်းကြောင်းပြစနစ်လို နည်းပညာအသုံးအဆောင်ပစ္စည်းတွေ အစုံအလင် ပါဝင်လာပါပြီ။

အရီဇိုးနားနဲ့ Utah လို အမေရိကန်ပြည်ထောင်စုရဲ့ တချို့ ပြည်နယ်တွေမှာ Sandrail တွေကို လမ်းပေါ်အသုံးပြုဖို့အတွက် မှတ်ပုံတင် ခွင့်ပြုပါတယ်။

ဒါ့ပြင် Sandrail တွေကို အမေရိကန်အာဏာပိုင်အဖွဲ့အစည်း တွေမှာ အသုံးပြုခဲ့ပြီး ဒီနေ့ခေတ်အထိလည်း Navy SEALs အဖွဲ့အတွက် အသုံးပြုနေဆဲဖြစ်ပါတယ်။

Sandrail တွေကို သဲပြင်ပေါ်မောင်းနှင်ဖို့အတွက် အထူးဒီဇိုင်းထွင်ထားတာဖြစ်ပေမဲ့ ရွံ့နွံတွေနဲ့ ဆီးနှင်း ဖုံးလမ်းတွေမှာလည်း အသုံးပြုနိုင်ပါတယ်။

တည်ဆောက်စရိတ်နဲ့ ပြုပြင် ထိန်းသိမ်းခသက်သာတဲ့ Sandrail တွေကို ဒီနေ့ခေတ်အခါမှာလည်း ဆက်လက်အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။ တချို့နေရာဒေသတွေမှာ Sandrail ယာဉ်တွေကိုအသုံးပြုပြီး

သဲပြင်ကားမောင်းပြိုင်ပွဲနဲ့ သဲတောင်တက်မောင်းနှင်ပြိုင်ပွဲတွေလည်းပြုလုပ်ကျင်းပကြပါတယ်။

Read 583 times