2019 Mercedes-Benz GLC
2019 Mercedes-Benz GLC အမျိုးအစားကတော့ premium-compact-crossover-SUV လောကအတွက် နောက်ဆုံးပေါ်နည်းပညာတွေနဲ့အတူ ဇိမ်ခံကားတစ်စီးမှာရှိထိုက်တဲ့ တန်ဖိုးတွေပါ ဖြည့်စွက်ပေးထားတဲ့ ကားပါ။ နိုင်ငံတကာ ဈေးနှုန်းအနေနဲ့ကတော့ $41,695 ကနေပြီး $51,645 အကြား ရှိနိုင်ပါတယ်။
ဘာလို့ဝယ်သင့်လဲ
တကယ်လို့ ခင်ဗျားဟာ အဆင့်မြင့်မြင့်စီးချင်တယ်၊ all-wheel drive ကို ဂုဏ်သိက္ခာရှိရှိ မောင်းနှင်ချင်တယ်ဆိုရင်တော့ 2019 Mercedes-Benz GLC က ခင်ဗျားအတွက်ပါပဲ။ ဒါဟာ Mercedes-Benz တွေရဲ့ အားသာချက်လည်းဖြစ်ပါတယ်။ လှလှပပ ခန့်ခန့်ညားညားတည်ဆောက်ထားတဲ့ကားတွေမှာ ထူးထူးကဲကဲ ချောမွေ့စွာအသုံးပြုထားတဲ့ မော်တော်ယာဉ်ပိုင်းဆိုင်ရာ၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ ပညာရပ်တွေဟာ Mercedes-Benz ပိုင်ဆိုင်ထားတဲ့ ကျော်ကြားမှုလည်းဖြစ်နေတာပါပဲ။
ဘာလို့မဝယ်သင့်လဲ
တကယ်လို့ ခင်ဗျားဟာ ဝန်ကြီးကြီးမားမား တင်မယ့်သူဆိုရင်တော့ ထပ်ရှာလိုက်ပါဦး။ Mercedes-Benz GLC 2019 မှာက အရှေ့ထိုင်ခုံရဲ့နောက် အများဆုံးအကျယ်အဝန်းအနေနဲ့ 56.5 ကုဗပေသာဆန့်ပြီး ပစ္စည်းတင်ဖို့ ပိုပြီးနေရာကျယ်ကျယ်လိုအပ်သူတွေအတွက်ကတော့ 62.7 ကုဗပေအထိ ဆန့်တဲ့ BMW X3 ဟာ ရွေးချယ်စရာပါပဲ။
2019 Honda HR-V
2019 Honda HR-V ကိုခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ အတွင်းခန်းကျယ်ကျယ်၊ စတိုင်ကျကျနဲ့ လုံခြုံစိတ်ချက်ရတဲ့ စွယ်စုံသုံး အရွယ်ငယ်ငယ် SUV ပေါ့။ ဈေးနှုန်းလည်း သက်သာမယ်လေ။ နိုင်ငံတကာဈေးနှုန်းအနေနဲ့ကတော့ $21,515 ကနေ $29,535 ပဲကျသင့်မှာပါ။ ဒေါ်လာ သုံးသောင်းမကျော်ဘူးပေါ့။
ဘာလို့ဝယ်သင့်လဲ
တကယ်လို့ ခင်ဗျားဟာ အရွယ်ငယ်ငယ်၊ ဈေးချိုချို၊ all-wheel-drive စွမ်းဆောင်ရည်နဲ့ SUV ကိုလိုချင်ရတော့ 2019 Honda HR-V ကိုသာ ပြေးဝယ်လိုက်ပါတော့။ နောက်ပြီး ကိုယ်အသုံးပြုချင်တဲ့ လောင်စာ၊ ကိုယ်လိုချင်တဲ့ တန်ဆာပလာတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်မှာယူနိုင်ပါသေးတယ်။
ဘာလို့မဝယ်သင့်လဲ
တကယ်လို့ ခင်ဗျားဟာ လမ်းကြမ်းတွေမှာ ကြမ်းကြမ်းတမ်းတမ်းမောင်းချင်တယ်ဆိုရင်တော့ Jeep Renegade နဲ့ Subaru Crosstrek ကပိုမိုသင့်လျော်ပါလိမ့်မယ်။ 2019 Honda HR-V နဲ့အပြိုင် ရွေးချယ်စရာတွေကတော့ Mazda CX-3 နဲ့ Toyota C-HR တို့ဖြစ်ကြပါလိမ့်မယ်။
2019 Ford Expedition
ခန့်ထည်တဲ့ ဒီဇိုင်း၊ သေသပ်တဲ့ အနားသပ်တွေနဲ့ အားကောင်းမောင်းသန် 2019 Ford Expedition ဟာ မိသားစုစီး SUV အမျိုးအစားအတွက် အရည်အချင်းစစ်စာမေးပွဲကို လွယ်လွယ်ကလေး အောင်မှာပါ။ ဈေးနှုန်းအနေနဲ့ကတော့ $53,425 ကနေ $77,810 အကြား ကျသင့်မှာပါ။
ဘာလို့ဝယ်သင့်လဲ
ဒီဇိုင်းမိုက်မိုက်နဲ့ ဆိုဒ်ပြည့်ဂိုက်ပြည့် SUV တစ်စီးကို လိုချင်ရင်တော့ 2019 Ford Expendition က အသင့်လျော်ဆုံးပါပဲ။ ကျယ်ကျယ်ဝန်းဝန်းအတွင်းခန်းမှာလည်း ခေတ်မီနည်းပညာတွေအပြည့်တပ်ဆင်ထားလို့ မိသားစုလိုက် ခရီးသွားဝါသနာပါသူတွေအတွက် အကောင်းဆုံးဝယ်ယူမှုတစ်ခု ဖြစ်သွားလောက်တဲ့ ကားမျိုးပါ။
ဘာလို့မဝယ်သင့်လဲ
နည်းနည်းပိုသေးတဲ့ SUV မျိုးနဲ့သာ သင့်တော်မယ့် မိသားစုတွေအတွက်ကတော့ Chevrolet Traverse ဒါမှမဟုတ် Ford ထဲကပဲဆိုရင် Flex တို့ကိုဝယ်စီးတာ ပိုကောင်းမှာပါ။ လောင်စာချွေတာလိုသူတွေအတွက် ဆိုရင်တော့ Toyota Highlander Hybrid က ရွေးချယ်စရာတစ်ခုပါပဲ။
2019 Volvo XC40
ပုံစံ၊ နည်းပညာ၊ လုံခြုံစိတ်ချရမှု၊ တီထွင်ဆန်းသစ်မှုနဲ့ တန်ဖိုး အဲဒါတွေအားလုံးကို compact-luxury-SUV တစ်မျိုးတည်းမှာ လိုချင်တယ်ဆိုရင်တော့ Volvo XC40 2019 ကိုသာ ရွေးချယ်လိုက်ပါ။ ဈေးနှုန်းကတော့ နိုင်ငံတကာအနေနဲ့ $34,195 ကနေ $40,745 အကြားရှိပါတယ်။
ဘာလို့ဝယ်သင့်လဲ
Compact-luxury-crossover-SUV အမျိုးအစားကို Apple CarPlay/Android Auto စတဲ့ ခေတ်မီနည်းပညာအပြည့်နဲ့လိုချင်ရင် 2019 Volvo XC40 က အကောင်းဆုံးတွေထဲက တစ်ခုပါပဲ။ XC40 ကို ဝယ်ယူခြင်းဖြင့် မောင်းနှင်ရာမှာ ထိန်းချုပ်ရလွယ်ကူတဲ့အပြင် တောက်ပတဲ့ အတွင်းပိုင်း၊ အပြင်ပိုင်း ဒီဇိုင်းတွေနဲ့လာတာဖြစ်တဲ့အတွက် စတိုင်ကျလှတဲ့ SUV တစ်စီးကို ပိုင်ဆိုင်ရမှာပါ။
ဘာလို့မဝယ်သင့်လဲ
Mercedes-Benz ၊ Audi နဲ့ BMW တွေကိုကြိုက်တဲ့သူတွေအတွက်ကတော့ Volvo ကိုရွေးချယ်ဖို့က နည်းနည်းတော့ အင်တင်တင်ဖြစ်ကြပါလိမ့်မယ့်။
2019 Mazda CX-5
ဥရောပစတိုင်မျိုး ဂျပန် compact-crossover-SUV ကိုလိုချင်ရင်တော့ 2019 Mazda CX-5 ရှိလို့နေပါတယ်။ ဈေးနှုန်းကလည်း တန်မှတန်လို့တောင်ပြောလို့ရတယ်။ $25,325 ကနေ $37,865 အကြားပဲရှိတယ်။
ဘာလို့ဝယ်သင့်လဲ
စွမ်းအားကောင်းကောင်းနဲ့ လှတပတ SUV တစ်စီးကို စတိုင်ကျကျ စီးချင်တယ်ဆိုရင်တော့ Mazda CX-5 ဟာ ရွေးချယ်စရာတစ်ခုဖြစ်တာ သေချာပါတယ်။ လောင်စာဆီအသုံးပြုမှုအပေါ်ကိုလည်း သေသေချာချာ ပြင်ဆင်ထားတဲ့ model ဖြစ်တာကြောင့် ရေရှည်ငွေကုန်ကြေးကျလည်း သက်သာပါလိမ့်မယ်။
ဘာလို့မဝယ်သင့်လဲ
တကယ့် off-road စွမ်းဆောင်ရည် အားနည်းတာနဲ့ နေရာလွတ်နည်းပါးတာဟာ လိုအပ်သူတွေအတွက်တော့ လက်ရှောင်စရာ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ တကယ်လို့သာ စတိုင်ကျကျနဲ့ နေရာနည်းနည်းပိုကျယ်တာလိုချင်တယ်ဆိုရင်တော့ Honda CR-V ကရွေးချယ်စရာအဖြစ် ရှိပါလိမ့်မယ်။ 2019 Honda CR-V ရဲ့ နိုင်ငံတကာဈေးနှုန်းကတော့ $25,345 ကနေ $35,145 အကြားကျသင့်မှာဖြစ်တဲ့အတွက် သိပ်တော့ အကွာကြီးမဟုတ်လှပါဘူး။
ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေကို ခြုံငုံကြည့်မယ်ဆိုရင်တော့ လုံခြုံစိတ်ချရမှု၊ ခံနိုင်ရည်စွမ်းနဲ့ ပြန်လည်ရောင်းချရာမှာလည်း ဈေးကောင်းရလေ့ရှိတဲ့ 2019 Honda CR-V ဟာ တကယ်လို့သာ SUV တွေထဲက တစ်စီးကို မဖြစ်မနေ ရွေးချယ်မယ်ဆိုရင် ကျော်သွားလို့မရတဲ့ အမျိုးအစားပါဆိုပြီး ညွှန်းထားကြပါတယ်။
Credit;စိုင်းဆိုင်(ရန်ကုန်)