BYD  စက်ရုံကို လေထုညစ်ညမ်းမှုဖြင့် စုံစမ်းစစ်ဆေး


BYD  စက်ရုံကို လေထုညစ်ညမ်းမှုဖြင့် စုံစမ်းစစ်ဆေး


တရုတ်နိုင်ငံမှ မော်တော်ယာဉ်လုပ်ငန်း  BYD ၏ စက်ရုံတစ်ရုံထံမှ လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်စေသဖြင့် စက်ရုံအနီးတွင် နေထိုင်သည့် ကလေးများ နှာခေါင်းသွေးယိုသည့် အဖြစ်ကို ကြုံကြရသည်ဟ စွပ်စွဲချက်များထွက်ပေါ်သဖြင့် အဆိုပါ စက်ရုံကို အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေသည်။

ချန်ရှမြို့မှ အာဏာပိုင်တို့က ဧပြီလ ၈ ရက် တနင်္ဂနွေနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ရာ၌ လေထုညစ်ညမ်းသည့်ကိစ္စရပ်ကို စုံစမ်းစစ်ဆေးရေးရန် အဖွဲ့တစ်ဖွဲ့ကို စက်ရုံသို့ စေလွှတ်ထားကြောင်း ဖော်ပြထားသည်။

အဆိုပါ စွပ်စွဲချက်ကို နိုင်ငံပိုင်သတင်းစာ People's Daily ၏ ဝဘ်ဆိုက်တွင် ဧပြီလလယ်ပိုင်းတွင် ဖော်ပြခဲ့သည်။ စက်ရုံအနီးတွင် နေထိုင်သူတို့သည် ပြင်းထန်သည့် အနံ့များ ရရှိကြပြီး အသက်ရှူလမ်း ကြောင်း လည်ချောင်းတွင် ယားယံသည်။ ကလေးများ နှာခေါင်းသွေး ယိုကြသည်ဟု စွပ်စွဲချက်တွင် ဖော်ပြထားသည်။

စက်ရုံအနီးတဝိုင် နေထိုင်ကြသူတို့က ဧပြီလ ၆ ရက် သောကြာနေ့တွင် စက်ရုံ အဝင်၀ရှေ့တွင် ဆန္ဒပြခဲ့ကြသည်။ ကုမ္ပဏီကို ပြဿနာဖြေရှင်းဖို့ တောင်းဆိုကြသည်။

ချန်ရှမြို့သည် ဟူနန်ပြည်နယ်၏ မြို့တော်ဖြစ်ပြီး မြို့တွင် လူဦးရေ ၁၀ သန်း နေထိုင်သည်။


BYD က ဆိုရှယ်မီဒီယာတွင် တင်ပြရာ၌  စက်ရုံမှ လေထုထဲ ထုတ်လွှတ်မှုများ အားလုံးသည် တရုတ်နိုင်ငံမှ ပြဋ္ဌာန်းထားသော စည်းကမ်းများနှင့်အညီ ဖြစ်သည်ဟု ပြောကြားသည်။ နှာခေါင်းသွေးယိုခြင်းများ တိုင်တန်းထားသည်မှာ အခြေအမြစ်မရှိဟုလည်း ဖြေရှင်းထားသည်။ စက်ရုံအနီးတဝိုက် နေထိုင်သူအပေါ် သက်ရောက်မှုကို သက်သာစေရန် ဆောင်ရွက်သွားမည်ဟု ကတိပေးထားသည်။

BYD သည် တရုတ်နိုင်ငံတွင် အီးဗီထုတ်လုပ်မှုမှာ စီးရေအရ အများဆုံး ထုတ်လုပ်နေသည့် ကုမ္ပဏီ ဖြစ်သည်။ယမန်နှစ် ပထမ ၄လ ထက် ယခုနှစ် ပထမ ၄ လတွင် ရောင်းအား ၅ ဆ နီးပါး ပိုများခဲ့သည်။ 

ချန်ရှမြို့တော်ရှိ BYD ၏ စက်ရုံကို ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့သည်။  ယခုနှစ် ပထမ ၃ လပတ်တွင် စီးရေ ၆၂,၅၀၀ ထုတ်လုပ်ခဲ့သည်။ BYD  ထုတ်လုပ်သည့် မော်တော်ယာဉ် စီးရေ စုစုပေါင်း၏ ငါးပုံတစ်ပုံခန့်ကို ချန်ရှစက်ရုံက ထုတ်လုပ်ပေးလျက် ရှိသည်။

Read 2833 times