BYD  ၂၀၂၂ အီးဗီ မော်ဒယ် ၃ မျိုး 


BYD  ၂၀၂၂ အီးဗီ မော်ဒယ် ၃ မျိုး 


ဘက်ထရီနှင့် လျှပ်စစ်ကား ထုတ်လုပ်တဲ့  BYD (Build Your Dream) မှာ Warren Buffett အပါအဝင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများက ကျောထောက်နောက်ခံ ပြုပေးထားကြပါတယ်။ ၂၀၂၁ မှာ စွမ်းအင်သစ် မော်တော်ယာဉ် စီးရေ ၆၀၃,၇၈၂ စီး ရောင်းချခဲ့ပါတယ်။ ၂၀၂၀ မှာ စီးရေ ၁၈၉,၆၈၉ စီး ရောင်းချခဲ့ပါတယ်။ အရောင်းဝင်ငွေပမာဏက ၂၀၂၁ မှာ ၂၀၂၀ ထက် ၂၁၈%  မြင့်တက်ခဲ့ပါတယ်။
BYD က ကားမော်ဒယ် အမည်တွေကို သမုဒ္ဒရာနှင့် စစ်ရေး ဆိုပြီး နှစ်လိုင်းခွဲခြားထားပြီး ၂၀၂၁ မှာ သမုဒ္ဒရာနှင့် သက်ဆိုင်သောအမည်ဖြင့် လင်းပိုင်အီးဗီ BYD Dolphin EV မော်ဒယ်ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။  ၂၀၂၂ မှာလည်း သမုဒ္ဒရာနှင့် သက်ဆိုင်သောအမည်များဖြင့် မော်ဒယ် ၃ မျိုး ထုတ်လုပ်မယ်လို့ ဆိုပါတယ်။

  • ပင်လယ်ဖျံ BYD Seal
  • ပင်လယ်ဇင်ယော် BYD Seagull
  • ပင်လယ်ဖျံကြီး BYD Sea Lion

မော်ဒယ် ၃ ခု တန်းစီထားပါတယ်။


BYD Seal
BYD Seal ပင်လယ်ဖျံကို ရောင်းဈေး ကန်ဒေါ်လာ ၂၄,၀၀၀~၃၂,၀၀၀ အတွင်း သတ်မှတ်မှာဖြစ်ပြီး အပြည်အဝလျှပ်စစ်ဆီဒင်ကား ဖြစ်ပါတယ်။ အလယ်အလတ်တန်းဈေးကွက် အပိုင်းအကန့်ကို ရည်ရွယ်ပါတယ်။ 
  ကားအလျား ၄,၇၀၀ မီလီမီတာ၊ အကျယ် ၁,၈၆၀ မီလီမီတာ ၊ အမြင့် ၁,၄၆၀ မီလီမီတာ ဖြစ်ပါတယ်။ ရှေ့ဘီးနှင့်နောက်ဘီးကြား အကွာအဝေး ၂,၉၀၀ မီလီမီတာ ရှိပါတယ်။ 
 ၈၀၀ ဗို့အား ဘက်ထရီ သုံးထားပြီး ခရီးတာ ၇၀၀ ကီလိုမီတာ ရပါတယ်။
နောက် ၂ ဘီးယက် နဲ့ ၄ ဘီးယက်တို့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
RWD နောက်ဘီးယက်မှာ မော်တာ ၁ လုံး ထိုင်ပေးထားပြီး 150 kW နဲ့  180 kW နှစ်သက်ရာကို ရွေးနိုင်မှာ ဖြစ်ပါတယ်။
AWD ၄ ဘီးယက်မှာ မော်တာ ၂ လုံးကို ရှေ့ ၁ လုံး၊ နောက် ၁ လုံး ထိုင်ပေးထားမှာ ဖြစ်ပါတယ်။ 0-100 km/h ကို ၃.၃ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်တယ်။


BYD Seagull
ပင်လယ်ဇင်ယော် BYD Seagull ကို နှစ်လယ်ပိုင်းလောက်မှာ ထုတ်လုပ်မှာဖြစ်ပြီး ရောင်းဈေး ကန်ဒေါ်လာ ၉,၅၀၀~၁၂,၆၀၀ အတွင်း သတ်မှတ်မှာ ဖြစ်ပါတယ်။ BYD Seagull အသေးစိတ်အချက် အလက်များ အသိပေးကြေညာခြင်း မပြုသေးပါဘူး။ အနိမ့်တန်း အီးဗီဈေးကွက်ကို ဦးတည်ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ အရွယ်အစား အငယ်စား ဖြစ်ပါတယ်။


BYD Sea Lion
ပင်လယ်ဖျံကြီး BYD Sea Lion က လျှပ်စစ် SUV မော်ဒယ်ဖြစ်ပါတယ်။ ပရီမီယံတန်း ဖြစ်ပြီး ရောင်းဈေး ကန်ဒေါ်လာ ၃၂,၀၀၀~၄၀,၀၀၀ အတွင်း သတ်မှတ်မှာ ဖြစ်ပါတယ်။ နှစ်ကုန်ပိုင်းမှာ ထုတ်လုပ်ရောင်းချဖို့ အစီအစဉ် ရှိပါတယ်။ အသေးစိတ်အချက်အလက်များ ထုတ်ပြန်ခြင်း မပြုသေးပါဘူး။ ဈေးကွက်ထဲမှာ Tesla Model Y ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Toyota နဲ့အတူ BYD က ၂၀၂၂ မှာ ရောင်းဈေးကန်ဒေါ်လာ ၃၀,၀၀၀ ဝန်းကျင်ရှိမယ့် လျှပ်စစ်ကားကိုလည်း ထုတ်လုပ်ဖို့ ရှိတာကြောင့် BYD Sea Lion မော်ဒယ်ဟာ BYD ကိုယ်ပိုင်မော်ဒယ် ဖြစ်နိုင်သလို Toyota နဲ့အတူထုတ်လုပ်တဲ့ မော်ဒယ်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် 
Toyota နဲ့ BYD ကားထုတ်လုပ်မယ့်အကြောင်းကို Myanmar Automobile Guide မှာ  Toyota က တရုတ်ဈေးကွက်တွင် တန်ဖိုးသင့် အီးဗီများဖြင့် ယှဉ်ပြိုင်မည်   ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

 

 

 

Read 1779 times