တိုယိုတာဝှစ်ရှ်အသုံးပြုတဲ့ ယာဉ်ပိုင်ရှင်တွေအတွက်ကားမှာဖြစ်တတ်တဲ့ ပြဿနာတွေကို ကြိုတင်သိရှိထားနိုင်ဖို့ဖြစ်ပါတယ်။
၁။ အင်ဂျင်မီးလင်းတာ
အင်ဂျင်ချက် မီးလင်းတာက VSC off blinking ဖြစ်တာပါ။ ကွန်ပျူတာထိုးပြီး scanning ဖတ်တဲ့အခါမှာလည်း ဘာပြဿနာမှရှိမနေတာမျိုးကို တိုယိုတာဝှစ်ရှ် (Toyota Wish)ကားတော်တော်များများမှာဖြစ်လေ့ရှိပါတယ်။ အဲဒါက အင်ဂျင်ချို့ယွင်းတာ မဟုတ်ဘဲ ဘက်ထရီ ဒါမှမဟုတ်ဘက်ထရီနဲ့ ချိတ်ဆက်တဲ့ဝါယာတွေအသစ်လဲ့လှယ်ဖို့လိုအပ်နေတာပါ။
၂။ မီးအပြာရောင်လင်းတာ
ဒက်ရှ်ဘုတ်မှာ မီးအပြာရောင်လင်းတာက အင်ဂျင်အေးနေတာကိုပြတာပါ။ မနက်ခင်းတွေမှာ အင်ဂျင်စနှိုးခါစမှာ အပြာရောင်မီးလင်းတတ်ပါတယ်။ အင်ဂျင်က ပုံမှန်အပူချိန် ကိုရောက်တဲ့အခါ အပြာရောင်မီးငြိမ်းသွားပါမယ်။ တကယ်လို့ အဲသည်အပြာရောင်မီးက အနီရောင်ပြောင်းသွားရင်တော့ အင်ဂျင်အပူချိန်မြင့်တက်နေတာကိုသတိပေးတာ ဖြစ်တယ်။
၃။ အေဘီ အက်စ် မီးလင်းတာ
ကားတိုင်းလိုလိုမှာ အေဘီအက်စ်မီးလင်းနေရင် ဘရိတ်စနစ်နဲ့ အေဘီအက်စ်စနစ်တွေမှာ ပြဿနာရှိနေလို့ပါ။ Diagnose tool ဖြစ်တဲ့ အိုဘီဒီတူးနဲ့ ကွန်ပျူတာထိုးစစ်ရင် ဘယ်အစိတ်အပိုင်းက ချို့ယွင်းတယ်ဆိုတာသိနိုင်ပါတယ်။
၄။ ပါဝါ စတီယာရင် မီးလင်းတာ
ကားမောင်းနှင်နေစဉ်မှာ ပါဝါစတီယာရင် မီးရုတ်တရက်လင်းလာပြီး ရေဒီယိုအတွင်းခန်း မီးတွေပိတ်သွားတာမျိုးကြုံရတတ်ပါတယ်။ အဲဒါဟာ စက္ကန့်ပိုင်းလောက်ပဲဖြစ်ပါတယ်။ စတီယာရင်ကို ပြန်လှည့်ပြီးတာနဲ့ ပါဝါစတီယာရင် မီးငြိမ်းသွားပြီး ရေဒီယိုနဲ့အတွင်းခန်းမီးတွေပြန်လင်းလာပါတယ်။ ဝါယာရင်းစနစ်တွေအသေးစိတ်စစ်ဆေးသင့်ပါတယ်။
၅။ စတီယာရင် ပြဿနာ
၂၀၁၁ မော်ဒယ်တိုယိုတာဝှစ်ရှ်မှာ စတီယာရင် ပြဿနာအနည်းငယ်ရှိပါတယ်။ အဲဒါက စတီယာရင်လေးနေပြီး ခပ်ကြမ်းကြမ်းဖိလှည့်ရတတ်တာပါ။ ပြန်ဖြောင့်တဲ့ အခါအား စိုက်ပြီး ပြန်လှည့်ရတတ်ပါတယ်။ အဲဒါဟာ စက္ကန့်ပိုင်းလောက်အတွင်းမှာပဲဖြစ်ပြီး ပုံမှန်ပြန်ကောင်းသွားပါတယ်။
၆။ ရှေ့ကားဘီးတုန်ခါကာ
ကားအင်ဂျင်ကို စက်နှိုးပြီး (idle) အလွတ်လည်ပတ်စေတဲ့အခါ တစ်ရှိန်ထိုးလည်ပတ်တာမျိုးရှိပါတယ်။ တစ်နာရီ ၄၀ ကီလိုမီတာနှုန်းလောက်ရောက်ရင် ဘယ်ဘက်ရှေ့ဘီးက တုန်ခါတာမျိုးခံစားရပါတယ်။ ဝပ်ရှော့မှာ ရှေ့ဘီးတာယာတွေ၊ စတီယာရင်နဲ့ လီဗာစနစ်တွေစစ်ဆေးရမှာဖြစ်ပါတယ်။
၇။ မောင်းနှင်ရင်းတုန်ခါ
၂၀၁၆ မော်ဒယ်တိုယိုတာ ဝှစ်မှာဖြစ်တာပါ။ သူရဲ့အင်ဂျင်မှာလည်း ဘာပြဿနာမှမရှိပါဘူး။ အဲဒါကတော့ တခြားကားအမျိုးအစားတွေမှာလည်းဖြစ်တတ်ပါတယ်။
ပြဿနာက ကားအလိုင်းမန့်မရှိတာကိုညွှန်ပြနေတာပါ။ အလိုင်းမန့်ချိန်ဖို့လိုအပ်နေတာဖြစ်သလို ဘီးတစ်ခုချင်းဆီဂွေချိန်ဖို့ (balancing of wheels)လိုအပ်နေတာဖြစ်ပါ တယ်။
၈။ အဲကွန်းမအေးတာ
၂၀ဝ၅ ခု မော်ဒယ်တိုယိုယာဝှစ်ရှ်ရဲ့ အဲကွန်းဟာ ဂက်စ်ယိုစိမ့်ပြီး မအေးတော့တာတာပါ။
ကူးလင်းကွိုင် (cooling coil) ဒါမှ မဟုတ်ကွန်ဒင်ဆာ condenser ကယိုစိမ့်တာပါ။ အဲဒါတွေစစ်ဆေးပြီး ချက်ချင်းလဲလှယ်သင့်ပါတယ်။
၉။ မိုင်နှုန်းပြဒိုင်ခွက်ပြဿနာ
Odometer ဒါမဟုတ် milometer လို့ခေါ်တဲ့ ခရီးမိုင်တိုင်း ကိရိယာဒိုင်ခွက်ရှိတဲ့ ဒက်ရှ်ဘုတ်ဝန်းကျင်ကကြားနေကျ မဟုတ်တဲ့ အသံတွေအဆက်မပြတ်ထွက်ပေါ်လာတာပါ။ အဲဒါဟာ ဒက်ရှ်ဘုတ်အောက်မှာရှိတဲ့ ရှုပ်ထွေးတဲ့ ဝါယာရင်းစနစ်တွေက ချို့ယွင်းလာတာပါ။
အောင်ထွန်းဦး(Kumudra)