စလစ်ဈေးများ မြင့်တက်နေ၍ နံပါတ်ထွက်ပြီးတဲ့ ကားများသာ အရောင်းအဝယ်ဖြစ်နေသည့် ကားဈေးကွက်


မတ်လ နောက်ဆုံးပတ်တွင် နယ်အဝယ်တချို့ပြန်ဆင်းလာ၍ ကားအရောင်း ၊ အဝယ် ပြန်ပြီးလှုပ်ခတ်လာသော်လည်း စလစ်ဈေးများ မြင့်တက်နေသည့် အတွက် စတိနံပါတ်ကားများထက် နံပါတ်ထွက်ပြီးတဲ့ ကားများသာ အရောင်းအဝယ် ဖြစ်နေပါတယ်။ ကျပ်သိန်း နှစ်ရာဝန်းကျင် ၁၃ဝဝ စီစီ ကားများ အဝယ်လိုက်နေသော်လည်း ပြည်ပမှ တင်သွင်းသော Brand New ကားများနှင့် ပြည်တွင်းထုတ် SKD ကားများမှာ အရောင်းအဝယ် အေးနေပါတယ်။

YVQC စနစ် ထွက်ပေါ်မလာသေးသကဲ့သို့ အပ်ကားရှားပါး နေခြင်းကြောင့် စလစ်ဈေးများမြင့်တက်နေရာ စတိနံပါတ်ကားများမှာ အ ရောင်းအဝယ် သိသိသာသာ အေးနေပါတယ်။ ဈေးကွက်အကြိုက် ဂျပန် ကားဟောင်းများ အရောင်းအဝယ်ဖြစ်ပြီး ရန်ကုန်လိုင်စင်နံပါတ်ထွက်ပြီးတဲ့ Honda Fit ၊ Toyota Probox ၊ Toyota Succeed ၊ Toyota Vitz ၊ Toyota Belta ၊ Toyota Fielder ၊ Toyota Wish ၊ Toyota Kluger တို့ အရောင်းအဝယ် ဖြစ်နေပါတယ်။

“ဒီရက်ပိုင်းမှာ အရောင်းအဝယ်ပုံမှန်ဖြစ်ပေမဲ့ ထင်သလောက် မ ကောင်းသေးပါဘူး၊ ဈေးကွက်အကြိုက် Probox ၊ Wish ၊ Kluger ၊ Vanguard တွေ အဝယ်ရှိပြီး လက်ငင်းဝယ်တာထက် အရစ်ကျစနစ်နဲ့ ဝယ်တာ ပိုများပါတယ်။ ခရီးသွားရာသီဖြစ်ပေမဲ့ နယ်အဝယ် သိသိသာသာ မဆင်းတဲ့အတွက် အမြင့်ကားဈေးကွက်က ထင်ထားသလောက် အရမ်း ကြီးမရောင်းရပါဘူး။ လက်ရှိမှာ ကားဟောင်းနဲ့ ကားသစ်ဈေးကွက် ဝယ် လိုအား မျှနေပြီး သုံးနိုင်တဲ့ငွေပမာဏတူရင် ကားသစ်ကို ဦးစားပေးရွေးချယ် တာတွေ့ရသလို ကားသစ်၊ ကားဟောင်း လဲလှယ် ဝယ်ယူကြတာတွေ ရှိပါတယ်”ဟု “မင်းမြန်မာချစ်ခန့် ကုမ္ပဏီ ́မှ မန်နေဂျင်းဒါရိုက်တာ ဦးမင်း ဇော်ဖေက ဆိုပါတယ်။

ယခုရက်ပိုင်းအတွင်း နယ်အဝယ် သိသိသာသာ မဆင်းသောကြောင့် အရောင်းအဝယ် အေးနေပါတယ်။ လက်ရှိနှစ် မူဝါဒအရ တင်သွင်းရန်ကား ရှားပါးနေ၍ ဂျပန်ကားဟောင်းဈေးကွက်မှာ ဆက်ပြီး ဦးဆောင်နေသော် လည်း Consignment လက်ကျန်ကားများမှာ အရောင်းအဝယ်အေးနေပါတယ်။ နံပါတ်ထွက်ပြီးတဲ့ ကားများကိုသာ အရောင်းအဝယ်လုပ်နေကြပြီး ရန်ကုန်လိုင်စင်နှင့် နယ်လိုင်စင် ဈေးကွာဟမှုများကြောင့် ရန်ကုန်အ ဝယ်က ရန်ကုန်လိုင်စင်ဝယ်ယူပြီး နယ်သမားများကလည်း သက်ဆိုင်ရာ နယ်လိုင်စင်များကိုသာ ဝယ်ယူကြပါတယ်။

“ ဒီရက်ပိုင်းမှာ ရန်ကုန်အဝယ်ရော၊ နယ်အဝယ်ရော အဆင်းနည်းနေ ပါတယ်၊ ပုံမှန်အရဆိုရင် အရောင်းအဝယ်ကောင်းရမယ့် ကာလ ဖြစ်ပါ တယ်၊ ဂျပန်ကားဟောင်းတွေနဲ့အတူ စလစ်ဈေးတွေလည်း အပြိုင်တက် နေတဲ့အတွက် စတိနံပါတ်အမြင့်ကားတွေ သိသိသာသာ အဝယ်အေးသွား ပါတယ်၊ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ Suzuki Swift ၊ Suzuki Carry ၊ Suzuki Ciaz တွေလည်း အရင်လ လောက်တော့ သိပ်မရောင်း ရတော့ပါဘူး။

ဒီရက်ပိုင်းမှာ အရောင်းအဝယ်ဖြစ်တဲ့ လုပ်ငန်းသုံးကားတွေ ကလည်း တက်ဈေးနဲ့ ရောင်းချနေတဲ့အတွက် အရောင်းအဝယ် ထင်သလောက် မဖြစ်ပါဘူး။ နံပါတ်ထွက်ပြီးသာ ၁၃၀၀ စီစီ ကားတွေကျတော့ လည်း ကားကောင်းတွေ ရှားလာတဲ့အတွက် အရောင်းအဝယ် ပြုရတာ ခက်ခဲနေပါတယ်''ဟု ‘RIXS Group မှ ကိုအောင်မျိုးသူက ဆိုပါတယ်။

ယခုနှစ်အတွင်း SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သည့် ကားအ မျိုးအစားအသစ်များ ဝင်ရောက်လာသော်လည်း အများစုလက်ခံသည့် ဂျပန်ညာမောင်းကားများမှာ ဈေးကွက်ကို ဆက်ပြီးဦးဆောင်နေပါတယ်။ ပြည်ပမှတင်သွင်းသည့် Brand New ကားသစ်ဈေးကွက်တွင် Brand အလိုက် ပရိုမိုးရှင်းအစီအစဉ်များဖြင့် ဈေးလျှော့ရောင်းချခြင်းနှင့်အတူ ကားအသုံးအဆောင် ပစ္စည်းများကို လက်ဆောင်ပေး၍ ရောင်းချမှုများရှိသော်လည်း ရန်ကုန်လိုင်စင် ခွင့်မပြုသေးသည့်အတွက် အရောင်းအဝယ် ပြုရန် ခက်ခဲနေပါတယ်။

“ ဒီရက်ပိုင်းမှာ အရောင်းအဝယ်က မျှော်မှန်းသလောက် မရောင်းရပေ မဲ့ အရောင်းအဝယ်တော့ ဖြစ်ပါတယ်၊ စတိကားထက် နံပါတ်ထွက်ပြီးတဲ့ ကားကိုပဲ ဝယ်ကြတာများပြီး စတိကားတွေက တစ်လကို သုံး၊ လေးစီး လောက်ပဲ အရောင်းအဝယ်ဖြစ်ပါတယ်၊ ကျပ်သိန်း ၂၅၀ အောက် သုံး နိုင်တဲ့သူတွေက ဂျပန်ကားဟောင်းတွေကို ရွေးချယ်ဝယ်ယူကြပါတယ်။ ရန်ကုန်လိုင်စင်နဲ့ နယ်လိုင်စင်ဈေးက ၁၃ဝဝ စီစီကားတွေမှာဆိုရင် ကျပ်သိန်းနှစ်ဆယ်ကျော် ကွာတဲ့အတွက် နယ်လိုင်စင် နံပါတ်ထွက်ပြီးတဲ့ ကားတွေ ဒီရက်ပိုင်း အရောင်းအဝယ်ပိုဖြစ်ပါတယ်။

နောက်ပိုင်းဝင်လာတဲ့ တရုတ်ကားတွေကို ပေးရတဲ့ဈေးနဲ့တန်တဲ့ အရည်အသွေးရှိ၊ မရှိ စောင့် ကြည့်နေကြတဲ့အတွက် ဂျပန်ကားတွေကိုပဲ လက်ရှိအချိန်အထိ အမေး များပါတယ်၊ ဒီရက်ပိုင်းမှာ ရောင်းအားကောင်းတဲ့ Brand New Showroom တွေရဲ့ စလစ်လိုအပ်ချက် ပိုများလာတဲ့အတွက် စလစ်ဈေးတွေ တက်ရိပ်ပြနေပါတယ်”ဟု ကားဝယ်ရောင်း ကိုစိုင်းက ဆိုပါတယ်။

လာမည့် လအနည်းငယ်အတွင်း YVQC စနစ်ကို မူကြမ်းပါအတိုင်း ခွင့်ပြုနိုင်ရန် ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြော ကြားထားကြောင်း ကားသစ်လုပ်ငန်းရှင်များထံမှ သိရပါတယ်။ သို့သော် မတ်လ စတုတ္ထပတ်အထိတိုင် YVQC စနစ် ထွက်ပေါ်မလာသေး၍ ပြည်ပမှ တင်သွင်းသော Brand New ကားများမှာ အရောင်းအဝယ် အေးနေပါတယ်။ ရန်ကုန်လိုင်စင်ရယူလိုသည့် Brand New ကားသစ်များအတွက် စလစ် လိုအပ်ချက်ရှိနေ၍ စလစ်ဈေးများ အမြင့်ဈေးတွင်ရှိနေပြီး ရန်ကုန်လိုင်စင် အမည်ပေါက်စလစ်သည် ကျပ် ၁၃၉ သိန်းဝန်းကျင်နှင့် တိုက်ကြေစလစ်မှာ ကျပ် ၁၂၅ သိန်းဝန်းကျင်တွင် ပေါက်ဈေးရှိကြောင်း ကားဈေးကွက်အတွင်းမှ သိရပါတယ်။

Source: Automobile Journal

Read 1289 times