ကားစလစ်ဈေး ကျပ်သိန်း(၁၂၀) ကနေ (၁၂၅)သိန်းကြား ဈေးငြိမ်နေ


၂၀၁၉ နှစ်စကနေ အခုမတ်လ လဝက်အထိ မြန်မာ့ကားဈေးကွက်မှာ ကားစလစ်ဈေးဟာ ကျပ်သိန်း(၁၂၀) ကနေ (၁၂၅)သိန်းကြားမှာသာရှိနေပြီး ဈေးငြိမ်နေတယ်လို့ ကားဈေးကွက်မှ သိရပါတယ်။

ယာဉ်အိုယာဉ်ဟောင်းအပ်နှံတဲ့ကားတွေအတွက် အစားထိုးကားဝယ်ယူခွင့်စလစ်အဖြစ် ကားစလစ်တွေပြန်လည် ထုတ်ပေးနေတာ ဖြစ်ပါတယ်။ ကားစလစ်ဈေးဟာ (၂၀၁၈) ဒီဇင်ဘာလအတွင်း ကျပ်သိန်း(၁၂၀) ဝန်းကျင်ကနေ ကျပ်သိန်း(၁၃၀) ဝန်းကျင် အတွင်းမှာ ဈေးအတက်အကျ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် နှစ်စပိုင်းမှာတော့ ဈေးအနည်းငယ် ပြန်လည်ကျဆင်းခဲ့ကာ ကျပ်သိန်း(၁၂၀) ကနေ (၁၂၅)သိန်းကြားမှာသာရှိနေပြီး လက်ရှိအချိန်အထိ ဒီဈေးနဲ့ ဈေးငြိမ်နေခဲ့တယ်လို့လည်း သိရပါတယ်။ ကားစလစ်အရောင်းအဝယ်တွေအနေနဲ့လည်း လှုပ်လှုပ်ရှားရှား သိပ်မရှိတော့ဘဲ ယခင်နှစ်တွေက အပ်ကုန်စနစ်တွေနဲ့ ပြည်တွင်းကိုတင်သွင်းထားပြီးသား ကားတွေအတွက်သာ ဝယ်ယူနေကြတာများပြီး လက်ရှိဈေးကွက်မှာ ကားစလစ်တွေ လိုအပ်သလောက် ဝယ်ယူလို့မရတော့လို့ ရှားပါးစပြုနေပြီလို့လည်း သိရပါတယ်။

လက်ရှိရန်ကုန်လိုင်စင်ထုတ်ပေးမှုတွေ ရပ်တန့်ထားလို့ စလစ်ဈေးကွက်ကခိုင်ခိုင်မာမာရှိနေသေးတာလည်း ဖြစ်ပါတယ်။ YVQC စနစ် အတည်ပြု မကျင့်သုံးနိုင်သေးတာရယ်၊ အပ်ကုန်စနစ်(ကွန်ဆိုင်းမန့်) နဲ့ တင်သွင်းထားတဲ့ကားတွေကို သက်တမ်းတိုးမြှင့်ပေးထားခဲ့တာကြောင့် ဒီကားတွေအတွက် စလစ်လိုအပ်မှုတွေ ရှိနေသေးတာ ဖြစ်ပါတယ်။ မြန်မာ့ကားဈေးကွက်မှာ ယာဉ်အိုယာဉ်ဟောင်းအပ်နှံရမယ့် ကားတွေဟာ အပ်နှံတာတွေနည်းပါးခဲ့သလို ရန်ကုန်မြို့တော် စည်ပင်သာယာ ပြင်ပ မြို့နယ်တွေအပါအဝင် နယ်မြို့တွေမှာ ဒီကားတွေကို ဆက်လက်သုံးစွဲနေတာကြောင့် ၂၀၁၈ ခုနှစ်အတွင်းမှာ ကားစလစ်လိုအပ်ချက်တွေများခဲ့ပြီး စလစ်တွေရှားပါးခဲ့တဲ့ အချိန်တွေရှိခဲ့ပါသေးတယ်။ မြန်မာ့ကားဈေးကွက်မှာ ၂၀၁၈ ခုနှစ်အတွင်း ကားစလစ်ဈေးဟာ အနိမ့်ဆုံးကျပ်(၉၅) သိန်းခန့် ဖြစ်ခဲ့ပြီး အမြင့်ဆုံးဈေးနှုန်းအဖြစ် ကျပ်သိန်း(၁၃၀) ဝန်းကျင်အထိ ဈေးဖြစ်ခဲ့ပါတယ်။

Source;MRTV4

Read 1026 times