လော့ဒေါင်းကြောင့် မထိခိုက်ခဲ့တဲ့ တရုတ်အီးဗီ ဘီလျံနာ ဒေါ်လာ ၇ ဘီလီယံ ပိုချမ်းသာ
တရုတ်လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်း BYD က တရုတ်နိုင်ငံရဲ့ ကိုဗစ်လော့ဒေါင်းများကြောင့် ဖြစ်ပေါ်လာသော အနှောက်အယှက်များကို လွတ်ကင်းနေစေရုံသာမက ကုမ္ပဏီ ရှယ်ယာတွေက ယခင်ထင်ပင် တန်ဖိုး တက်သွားခဲ့ပါတယ်။
BYD ရဲ့ စတော့ရှယ်ယာဈေးနှုန်း မတ်လနောက်ပိုင်း ၉၀% မြင့်တက်ခဲ့ပါတယ်။ ကားရောင်းအားလည်း စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ BYD သူဌေး ဝမ်ချွမ်ဖူ Wang Chuanfu ရဲ့ ကြွယ်ဝမှု ကန်ဒေါ်လာ ၇ ဘီလျံ တိုးသွားခဲ့ပါတယ်။
အမေရိကန်ထိပ်တန်း ရင်းနှီးမြှုပ်နှံသူ Warren Buffett ရဲ့ Berkshire Hathaway က ရှယ်ယာ ၇.၇% ဝယ်ပြီး ရင်းနှီးမြှုပ်နှံထားတဲ့ BYD ကို ပူးတွဲထူထောင်သူ စီအီးအို ဝမ်ချွမ်ဖူ ရဲ့ ယခုအခါ အသားတင်တန်ဖိုးက ကန်ဒေါ်လာ ၂၇ ဘီလီယံ ဖြစ်ပြီး Forbes ရဲ့ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေတဲ့ တရုတ်ပြည် အချမ်းသာဆုံးသူဌေးစာရင်းမှာ ဝမ်ချွမ်ဖူ က နံပါတ်(၅) နေရာမှာ ရှိနေပါတယ်။ အလီဘာဘာ ပူးတွဲထူထောင်သူ ဂျက်မာက နံပါတ်(၆) နေရာမှာ ရှိနေပါတယ်။
အသက် ၅၆ နှစ်ရှိသူ ဝမ်က ဟောင်ကောင်နှင့် ရှန်ကျန်း စတော့အိပ်ချိန်းများမှာ စာရင်းဝင်ထားတဲ့ BYD ရဲ့ ရှယ်ယာ ၁၇.၆% ပိုင်ဆိုင်ထားပါတယ်။
BYD က လုပ်ငန်းလည်ပတ်မှုများကို ခက်ဖြာထားတဲ့ ပစ္စည်းပေးသွင်းကွင်းဆက်ပေါ်မှာ တည်ဆောက်ထားပါတယ်။ ထုတ်လုပ်မှု အခြေစိုက်ရာ နေရာများကိုလည်း နေရာအချို့မှာ ဖြန့်ကျက်ထားပါတယ်။
အမေရိကန်မှ အီးဗီထုတ်လုပ်သူ ဘီလျံနာမတ်စ် အနေဖြင့် ရှန်ဟိုင်း လော့ဒေါင်း ချထားတဲ့ကာလမှာ မှတစ်ပါးအခြားမရှိ ရွေးချယ်စရာ မရှိလို့ Tesla ထုတ်လုပ်တဲ့ Gigafactory Shanghai ကို ပိတ်ထားရတဲ့အကြောင်း Myanmar Automobile Guide မှာ အကြောင်းစုံ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
ရှန်ဟိုင်းကို ၂ လတိုင်တိုင် လော့ဒေါင်း တင်းတင်းကျပ်ကျပ် ချထားချိန်မှာ ဝမ်ရဲ့ BYD (Build Your Dream) က ထုတ်လုပ်မှုများကို ချန်ရှနှင့် ရှန်ကျန်းတို့မှာ ဟန်မပျက် ဆက်လက် လုပ်ကိုင်နေနိုင်ခဲ့ပါတယ်။
ထို့ပြင် BYD မှာ တစ်မူထူးတဲ့ စီးပွားရှာ စံပုံစံ ရှိနေပါတယ်။
မော်တော်ယာဉ် ထုတ်လုပ်သူတွေက ပစ္စည်းများကို အထူးပြု ထုတ်လုပ်သူများထံမှ ရယူကြပါတယ်။ ဥပမာ ဘက်ထရီကို ဘက်ထရီ အထူးပြု လုပ်ကိုင်တဲ့ မဟာလုပ်ငန်းကြီး Contemporary Amperex Technology Ltd. (CATL) ထံမှ BMW, Geely, Tesla အစရှိတဲ့လုပ်ငန်းများက ရယူကြပါတယ်။
BYD က မော်တော်ယာဉ်သုံး ဘက်ထရီတွေလည်း ကိုယ်တိုင်ထုတ်လုပ်ပါတယ်။ ချစ်ပ်များကိုလည်း ကိုယ်တိုင် ထုတ်လုပ်ပါတယ်။
ရှန်ဟိုင်း အခြေစိုက် Automotive Foresight အတိုင်ပင်ခံလုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာ Yale Zhang က ခန့်မှန်းထားတာမှာ BYD က ကားတွေမှာ သုံးစွဲတဲ့ ပစ္စည်းများရဲ့ ၉၀% ကို ကုမ္ပဏီတွင်းမှာ ထုတ်လုပ်တဲ့ ရှားရှားပါးပါး မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းဖြစ်ပါတယ်။
ပြင်ပလုပ်ငန်းများထံ ကန်ထရိုက်အပ်နှံပြီး ရယူတဲ့ ပစ္စည်းအမျိုးအမည် နည်းပါးတဲ့အတွက် လိုအပ်သမျှ ကိုယ့်ခြေကိုယ့်လက် လုပ်ဆောင်ကာ ထုတ်လုပ်နိုင်နေစေပါတယ်။ အီးဗီတွေ၊ ဟိုက်ဘရစ်တွေကို ဈေးကွက်ဝယ်လိုအား ပြည့်မီအောင် ထုတ်လုပ်နိုင်၊ ဖြည့်ဆည်းနိုင်နေစေပါတယ်။
"တရုတ်နိုင်ငံရှိ ကားထုတ်လုပ်သူများ အားလုံးထဲမှာ BYD က လော့ဒေါင်းကြောင့် ထိခိုက်မှုအနည်းဆုံးလုပ်ငန်းလို့ ဆိုနိုင်ပါတယ်" လို့ Yale Zhang က ပြောကြားပါတယ်။
"BYD က ရှန်ဟိုင်းမြို့တစ်ဝိုက်ရှိ နေရာများထံမှ ပစ္စည်းများကို ရင်းမြစ်ပြုမထားဘူး။ ကုမ္ပဏီရဲ့ ထုတ်လုပ်မှုကို ကျစ်ကျစ်လစ်လစ် ပေါင်းစည်းထားပါတယ်" လို့ ၎င်းက ပြောကြားပါတယ်။
ရလဒ်အဖြစ် ယခုနှစ် ပထမနှစ်ဝက်မှာ BYD က စွမ်းအင်သစ်မော်တော်ယာဉ် new energy vehicle (NEV) စီးရေ ၆၄၁,၃၅၀ ရောင်းချခဲ့ပါတယ်။ ယမန်နှစ် ပထမနှစ်ဝက်ထက် ၃၁၅% ရောင်းအား ကြီးထွားခဲ့ပါတယ်။
တရုတ်ပြည်တွင်းဈေးကွက်ထဲမှာ BYD ရယူထားတဲ့ အနေအထားက ရောင်းဈေး ယွမ် ၁ သိန်းမှ ၂ သိန်း ($15,000 ~ $30,000) ကြားမှာရှိတဲ့ မော်တော်ယာဉ် အတန်းအစား ဖြစ်ပါတယ်။
မေလမှာ လျှပ်စစ်ဗင် Denza D9 မော်ဒယ်ကို BYD က ပြသခဲ့ပါတယ်။ ရောင်းဈေးက $50,000 က စပါတယ်။ တန်းအမြင့်မှာ အခြေခိုင်တဲ့ Mercedes-Benz နှင့် ဖက်စပ်လုပ်ငန်း ထူထောင်ပြီး ထုတ်လုပ်ထားတဲ့ တန်းအမြင့်မော်ဒယ် ဖြစ်ပါတယ်။ တန်းအမြင့်ကို BYD အနေအထား စတင်ရယူဖို့ အစပျိုးလိုက်တာ ဖြစ်ပါတယ်။ ဈေးကြီးတဲ့ ကားတွေက ယေယုဘျအားဖြင့် အမြတ်မာဂျင် ပိုကြီးမားပါတယ်။ BYD ရဲ့ အသားတင်အမြတ် မာဂျင် တိုးတက်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီတွေအတွက် မရမဖြစ် လိုအပ်တဲ့ ကုန်ကြမ်းဖြစ်တဲ့ လစ်သီယံသတ္တု တူးဖော်ထုတ်လုပ်နေတဲ့ မိုင်းတွင်း ၆ ခုကို အာဖရိကမှာ BYD က ဝယ်ယူခဲ့တယ်လို့ တရုတ်သတင်းဌာန The Paper က သတင်းဖော်ပြခဲ့ပါတယ်။
ဇွန်လမှာ ဂျပန်မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းကြီး Nomura မှ ဆန်းစစ်သူ Benjamin Lo နှင့် Martin Heung တို့က ယခုနှစ်မှာ BYD ရဲ့ ကားအရောင်းကို ယခင်က ၁.၀၈ သန်းလို့ ခန့်မှန်းထားတာကို ၁.၅ သန်း လို့ တိုးမြှင့်ခန့်မှန်းပါတယ်။
#MyanmarAutomobileGuide
Telegram Channel
Source : forbes