တိုယိုတာသည် ကမ္ဘာလုံးဆိုင်ရာ microchip ရှားပါးမှုကြောင့် စက်တင်ဘာလတွင် ကမ္ဘာတစ်ဝန်း မော်တော်ယာဉ်ထုတ်လုပ်မှုကို ၄၀ ရာခိုင်နှုန်းလျှော့ချရန်ရှိသည်။
ကမ္ဘာ့အကြီးဆုံး ကားထုတ်လုပ်သူသည် လာမည့်လတွင် ကားအစီးရေ ၉၀၀,၀၀၀ နီးပါး ထုတ်လုပ်ရန် စီစဉ်ခဲ့သော်လည်းယခုအခါ ကားအစီးရေ ၅၄၀,၀၀၀ သို့ လျှော့ချလိုက်သည်။
ကမ္ဘာ့ဒုတိယအကြီးဆုံး ကားထုတ်လုပ်သူ Volkswagen က ၎င်းသည် ထုတ်လုပ်မှုကို ထပ်မံဖြတ်တောက်ရန် ဖိအားပေးခံရနိုင်သည်ဟု ပြောကြားခဲ့သည်။
Covid ကူးစက်ရောဂါသည် ဖုန်းများ၊ တီဗီများနှင့် ဂိမ်းစက်များကဲ့သို့ ချစ်ပ်များ သုံးစွဲသောစက်ပစ္စည်းများ ဝယ်လိုအားကိုမြင့်တက်စေသဖြင့် ထိုပစ္စည်းများ ထုတ်လုပ်ရန် ချစ်ပ်လိုအပ်မှု မြင့်တက်နေသဖြင့် ချစ်ပ်မလုံလောက်သည့် ပြဿနာ ပေါ်ပေါက်လျက် ရှိသည်။
ယခုနှစ်ဆန်းပိုင်းတွင် ထုတ်လုပ်မှု ပမာဏ ဖြတ်တောက်လျှော့ချခဲ့ပြီးပြီဖြစ်သော Volkswagen က “လက်ရှိမှာ ကျွန်တော်တို့ တတိယသုံးလပတ်အတွင်း ချစ်ပ်တွေ ပေးသွင်းမှု အလွန်မတည်ငြိမ်ပဲ ကျပ်တည်းလိမ့်မယ်လို့ မျှော်လင့်ထားတယ်” ဟု ရိုက်တာ သတင်းမီဒီယာကို ပြောကြားသည်။
“ထုတ်လုပ်မှု ထပ်ပြောင်းတော့မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ အပြတ်မပြောနိုင်ဘူး” ဟု ဖြည့်စွက်ပြောကြားသည်။
Toyota သည် ပြင်သစ်၊ ချက်သမ္မတနိုင်ငံနှင့်တူရကီတို့တွင် နွေရာသီအားလပ်ရက်ရှည်ကို ရက်သတ္တပတ်တစ်ပတ် ထပ်မံတိုးချဲ့ကာ ကားထုတ်လုပ်မှု ယာယီရပ်နားထားခဲ့ရသည်။
Toyota ၏ အခြားပြိုင်ဘက်များ ဖြစ်သော General Motors, Ford, Nissan, Daimler, BMW နှင့် Renault တို့သည်လည်း ထုတ်လုပ်မှုကို လျှော့ချခဲ့သည်။
ကားအသစ်တစ်စီးလျှင် လျှပ်ချို့ပစ္စည်း (ဝါ) ဆီမီးကွန်ဒတ်ဒါဟုလည်း ခေါ်ဝေါ်သည့် ချစ်ပ်များ ဒါဇင်ချီပြီး သုံးစွဲရသည်။ Toyota သည် ရှေးယခင်ကတည်း က ချစ်များ ကြိုတင်စုဆောင်းထားခြင်းကို ပမာဏ ပိုကြီးမားစွာဖြင့် ဆောင်ရွက်ထားလေ့ရှိသည်။
ယခုအခါ အရှေ့တောင် အာရှတွင် ကိုဗစ်လှိုင်းကြမ်းနေသဖြင့် ယာဉ်အစိတ်အပိုင်း ထုတ်လုပ်သည့် စက်ရုံများ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိသည့်အပြင် ပို့ဆောင်ရေးတွင်လည်း ပုံမှန်အနေအထား မရှိသဖြင့် လိုအပ်သော အစိတ်အပိုင်းများ အချိန်မီ မရရှိသည့် ပြဿနာက တစ်ပူပေါ် နှစ်ပူဆင့်နေသည်။ သို့ဖြစ်ရာ မော်တော်ယာဉ် ထုတ်လုပ်မှုများကို ဂျပန်အပါအဝင် နိုင်ငံအချို့တို့တွင် ဖြတ်တောက်လျှော့ချထားရသည်။
စက်တင်ဘာလထဲတွင် စီးရေ ၃၆၀,၀၀ ဖြတ်တောက်လျှော့ချခြင်းကို အာရှနှင့် အမေရိကန်တို့ရှိ စက်ရုံများတွင် လုပ်ဆောင်သွားမည် ဖြစ်သည်။ ယူကေမှ စက်ရုံနှစ်ရုံကို မူလအစီအစဉ်အတိုင်း ဆက်လက်ထုတ်လုပ်သွားမည် ဖြစ်သည်။
ဘီဘီစီ