ဩဂုတ်လဆန်းပိုင်းမှာ ဗီယက်နမ်နိုင်ငံ ဟန္နိုင်မြိုုနဲ့ ဆိပ်ကမ်းမြို့ ဟိုင်ဖောင်တို့အကြား ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမ နဘေးမှာ တည်ရှိတဲ့ စက်ရုံတစ်ခုမှာ လုပ်သားတစ်ဦး COVID-19 ကူးစက်ခံ အတည်ပြုလူနာဖြစ်သွားတယ်။ အရှေ့တောင်အာရှနိုင်ငံတွေကို Delta မျိုးကွဲ လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေတဲ့အတွက် အခုလို အတည်ပြုလူနာ လုပ်သားတစ်ဦး စက်ရုံမှာ တွေ့တဲ့အခါ ဩဂုတ်လ ၄ ရက်မှာ ဒေသအာဏာပိုင်တွေက ပိုးတွေ့လူနာ လုပ်ကိုင်နေတဲ့ မော်တော်ယာဉ် အစိတ်အပိုင်း ထုတ်လုပ်တဲ့စက်ရုံကို ယာယီပိတ်ထားစေတယ်။
ပင်လယ်ရပ်ခြားမှာ တည်ရှိတဲ့ Toyota Motor Corp ရဲ့ ဝယ်ယူရေးအဖွဲ့ရဲ့ အရာရှိချုပ်ဖြစ်သူ Kazunari Kumakura က အခြေအနေကို ဂရုတစိုက်ဖြင့် စောင့်ကြည့်နေတယ်။ ယာယီပိတ်လိုက်တဲ့ စက်ရုံက တိုယိုတာအတွက် ခရာကျတဲ့ ပစ္စည်းပေးသွင်းသူရဲ့ စက်ရုံ ဖြစ်နေတယ်။ ကားတစ်စီးစာ ဝါယာအစိတ်အပိုင်းတွေ ထုတ်လုပ်ပေးနေတဲ့ စက်ရုံဖြစ်ပြီး ဗီယက်နမ်မှာ အကြီးမားဆုံး မော်တော်ယာဉ်သုံး ဝါယာနှင့် ဝါယာဆက်စပ်ပစ္စည်းများ ထုတ်လုပ်တဲ့ စက်ရုံ ဖြစ်ပါတယ်။
အခုလို စက်ရုံကို ပိတ်ထားလိုက်ရတော့ တိုယိုတာမှာ ပစ္စည်းလက်ကျန် နည်းလာတယ်။စက်ရုံမှာ ကိုဗစ်အခြေအနေ အချိန်မရွေး ဆိုးဝါးသွားနိုင်တာကြောင့် တိုယိုတာက သူ့ဆီ ပစ္စည်းပေးသွင်းနေတဲ့ စက်ရုံတွေကို နေ့စဉ် အဆက်အသွယ်ပြုတယ်။
နောက်ဆုံးမှာတော့ ဗီယက်နမ်မှ ဝါယာအစိတ်အပိုင်းတွေ၊ မလေးရှားမှ ချစ်ပ်တွေ အပါအဝင် ယာဉ်တပ်ဆင်ဖို့ လိုအပ်တဲ့အစိတ်အပိုင်းတွေ ရရှိမှာ စိတ်ချသေချာအောင် စီစဉ်နိုင်ခြင်း မရှိတော့တဲ့အဖြစ်ကို ဆိုက်ရောက်သွား တယ်။ တိုယိုတာ တုန်ခါနေပြီ။ ကမ္ဘာနံပါတ်(၁) မော်တော်ယာဉ်ထုတ်လုပ်သူ တိုယိုတာ လက်လျှော့လိုက်ရတယ်။
၂၀၂၁ စက်တင်ဘာလမျာ သူ့ရဲ့ မော်တော်ယာဉ် ထုတ်လုပ်မှုမှာ ထွက်တဲ့စီးရေဟာ မူလစီစဉ်ထားတာထက် ၄၀ % လျှော့ထုတ်ရတော့မှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့တယ်။
ဩဂုတ် ၁၉ ရက်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ Kumakura က “ကြီးမားတဲ့ ကိစ္စက အရှေ့တောင် အာရှမှာ လုပ်ငန်းလည်ပတ်မှုတွေ ဆက်လုပ်နိုင်မှာလား ဆိုတာပဲ ဖြစ်ပါတယ်” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
COVID-19 အစုအဖွဲ့လိုက် ကူးစက်မှုတွေ ပိုများလာနေတယ်။ အစိုးရက ကုန်ထုတ်လုပ်ငန်းတွေမှာ တားမြစ်ချက်တွေ ပြဋ္ဌာန်းပြီး ကူးစက်မှုတွေကို တားဆီးနေတယ်။ လော့ဒေါင်းတွေ ချတယ်။ မော်တော်ယာဉ် အစိတ်အပိုင်း ထုတ်လုပ်တဲ့ စက်ရုံတွေ အထူးသဖြင့် မလေးရှားနဲ့ ဗီယက်နမ်တို့မှာ အလုပ်ဆက်မလုပ်နိုင်ကြတော့ဘူး။ “ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှုအပိုင်းမှာ သပွတ်အူ လိုက်ကုန်ပြီ။ ဖြစ်ပွားတာက မြန်ဆန်တယ်” လို့ Kumakura က ပြောပြတယ်။
ကမ္ဘာကားဈေးကွက်မှာ ချစ်ပ်တွေ မလုံလောက်လို့ ကားတွေ စီးရေလျှော့ထုတ်နေတဲ့ သတင်းတွေကြောင့် ကားအသစ် ဝယ်စီးမယ့်သူတွေက ကးမရမှာ စိုးရိမ်လို့ ဝိရိယကောင်းကောင်းဖြင့် ဝယ်ကုန်ကြတယ်။ တိုယိုတာ အနေဖြင့် ဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်တဲ့ အခြေအနေကို ပြန်မရသေးဘူး။ ယာဉ်တပ်ဆင်မှုအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေ လက်ကျန်နည်းနေတယ်။ ထုတ်လုပ်မှုပမာဏ လျှော့ချနေရတယ်။ တိုယိုတာ ကျင့်သုံးတဲ့ just-in-time အချိန်မီ ရယူတပ်ဆင်ထုတ်လုပ်တဲ့ စီမံခန့်ခွဲမှုနဲ့ လုပ်ကိုင်ဖို့ မဖြစ်နိုင်တော့ဘူး။ ပစ္စည်းလက်ကျန် ဖြစ်နိုင်သရွေ့ အနည်းဆုံးဖြင့် ထုတ်လုပ်မှုကို လုပ်ကိုင်ခြင်းဖြင့် ကုန်ကျစရိတ်ချွေတာတဲ့နည်းလမ်းက အလုပ်မဖြစ်တော့ဘူး။
ကမ္ဘာတစ်လွှားမှ မော်တော်ယာဉ် ထုတ်လုပ်သူတွေ ယာဉ်စီးရေ လျှော့ထုတ်ကြရလို့ ဝင်ငွေတွေ လျော့ကျကုန်တယ်။ ဥပမာ အိန္ဒိယနိုင်ငံမှ အကြီးမားဆုံး မော်တော်ယာဉ် ထုတ်လုပ်သူ Maruti Suzuki India Ltd က ၄၀% ဝန်းကျင် စက်တင်ဘာလထဲမှာ လျော့ကျမယ်လို့ ဆိုတယ်။ Tata Motors Ltd. က အရှေ့အာရှမှာ လော့ဒေါင်းချထားလို့ ပစ္စည်းပေးသွင်း ကွင်းဆက် ရပ်နေတယ်လို့ ပြောကြားခဲ့တယ်။ တရုတ်နိုင်ငံမှ Nio Inc. က မလေးရှားမှ စီးပွားဖက် စက်ရုံယာယီပိတ်ထားလို့ အသက်ရှူကျပ်နေတယ်။ ဂျပန်မှ Suzuki Motor Corp. ကလည်း စက်တင်ဘာလထဲမှာ ယာဉ်ထုတ်လုပ်မှုစီးရေ ပမာဏကို ၂၀% လျှော့ချမယ်လို့ ကြေညာခဲ့တယ်။ ဥရောပမှာတော့ Renault က စပိန်မှာတည်ရှိတဲ့ ယာဉ်တန်းစီတပ်ဆင်မှု စက်ရုံတွေကို ယခုနှစ်ကုန်အထိ ၆၁ ရက်တိုင်တိုင် ပိတ်ထားမှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့တယ်။
မော်တော်ယာဉ် ထုတ်လုပ်မှုကဏ္ဍမှာ အမြတ်ပါးပါးလေးပဲ ရတာကို ကျင့်သားရထားကြပြီးသား ဖြစ်ပါတယ်။ ဒီတော့ မော်တော်ယာဉ်လုပ်ငန်းကြီးတွေ တောင့်ခံနိုင်ကြမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တစ်ဆယ်နှစ်အတွင်းမှာ ဂျပန်မော်တော်ယာဉ် ထုတ်လုပ်သူတွေက အရှေ့တောင်အာရှမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့ကြတယ်။ လုပ်သားခ ဈေးသက်သာခြင်း၊ တရုတ်ပြည်မှာ ထုတ်လုပ်မယ့်အစား အခြားနေရာများ ဖြန့်ကျက်ထားရှိနိုင်ခြင်း၊ တရုတ်အမေရိကန် ကုန်သွယ်ရေးတင်းမာမှုမှ စက်ကွင်းလွတ်ခြင်း အစရှိတဲ့ အကြောင်းအချက်များကြောင့် အရှေ့တောင်အာရှကို မျက်စိကျခဲ့ကြတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံက Toyota, Mitsubishi Motors Corp., Honda Motor Co. နဲ့ Nissan Motor Co. တို့အတွက် အချက်အချာ ဘူမိနက်သန် ဖြစ်လာခဲ့တယ်။ အဲဒီကုမ္ပဏီတွေက ထိုင်းနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်မှုရဲ့ ထက်ဝက်ဝန်းကျင်ကို ထုတ်လုပ်နေကြတယ်။ လိုအပ်တဲ့ ယာဉ်အစိတ်အပိုင်းတွေကို အိမ်နီးနားချင်း နိုင်ငံတွေမှာ ထုတ်လုပ်ပြီး ယာဉ်တပ်ဆင်ဖို့အတွက် ရယူကြတယ်။ ဗီယက်နမ်နိုင်ငံနဲ့ မလေးရှားနိုင်ငံမှာ ယာဉ်အစိတ်အပိုင်းထုတ်လုပ်တဲ့ စက်ရုံ ပေါင်း ၄၀၀ ကျော် တိုယိုတာအတွက် လုပ်ကိုင်နေတယ်။
မော်တော်ယာဉ်အတွက် ဝါယာအပိုင်း ထုတ်လုပ်မှုကို ဗီယက်နမ်မှာ အများဆုံး လုပ်ကိုင်တယ်။ မော်တော်ယာဉ် ဝါယာအစိတ်အပိုင်း ပေးသွင်းသူ Sumitomo Electric Industries Ltd., ရဲ့ ဗီယက်နမ်မှာ တည်ရှိတဲ့ Hai Duong စက်ရုံက ကိုဗစ်ကြောင့် ပိတ်ထားရတယ်။ တိုယိုတာအတွက် နောက်ထပ် ဝါယာအစိတ်အပိုင်း ပေးသွင်းနေတဲ့ Furukawa Electric Co., စက်ရုံလည်း ထုတ်လုပ်မှုကို အကန့်အသတ်ဖြင့်သာ လုပ်ကိုင်ခွင့် ရရှိတယ်။
မလေးရှားက လတ်တလောနှစ်များအတွင်း ချစ်ပ်ထုတ်လုပ်မှုရဲ့ အဆုံးသတ်အပိုင်းကို လုပ်ကိုင်တဲ့ အဓိက ဗဟိုချက် ဖြစ်လာတယ်။ ချစ်ပ်ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျှောက်မှာ အသေးငယ်ဆုံး အပိုင်းဖြစ်ပြီး အမြတ်အစွန်းရနိုင်မှုမှာလည်း အနည်းဆုံး ဖြစ်တဲ့ လုပ်ငန်းစဉ်အပိုင်းအကန့် ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် STMicroelectronics နဲ့ Infineon Technologies တို့ရဲ့ ချစ်ပ်စက်ရုံတွေ ပိတ်ထားလိုက်ရတယ်။ ကားထုတ်လုပ်သူတွေအတွက် ချစ်ပ်တွေ ထုတ်လုပ်ပေးသွင်းနေတဲ့ လုပ်ငန်းနှစ်ခု ဖြစ်တာကြောင့် မော်တော်ယာဉ်အတွက် လိုအပ်တဲ့ချစ်ပ်တွေ လုံလုံလောက်လောက် မရနိုင်တော့ဘူး။ တိုယိုတာက အဆိုပါ ကုမ္ပဏီနှစ်ခုစလုံးထံမှ ချစ်ပ်တွေ ရယူသုံးစွဲနေတာဖြစ်လို့ တိုယိုတာ ချစ်ပ်လိုသလောက် မရတော့တဲ့ အဖြစ်ကို ဆိုက်ရောက်သွားတယ်။
ဩဂုတ်လ ဒုတိယပတ်မှာ Sumitomo Electric ရဲ့ Hai Duong စက်ရုံ ပြန်လည်ဖွင့်လှစ် လုပ်ကိုင်တယ်။ ဩဂုတ်လ တတိယပတ်မှာ မလေးရှားမှ ချစ်ပ်ကုမ္ပဏီတွေ စက်ရုံပြန်ဖွင့်လှစ် လုပ်ကိုင်တယ်။
တိုယိုတာ အနေဖြင့် လာမယ့် အောက်တိုဘာလကျရင် ပုံမှန်အခြေအနေဖြင့် လိုအပ်တဲ့ အစိတ်အပိုင်းတွေ ရရှိမယ်လို့ မျှော်လင့်ထားတယ်။ ကံကောင်းရင် စက်တင်ဘာလမှာ လျှော့ထုတ်ထားတဲ့ စီးရေကို ထေမိအောင် အောက်တိုဘာလအတွင်းမှာ စီးရေပိုထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။
latimes.com