ယခုနှစ်အတွင်း တိုက်ကြေကား ၆၉ စီး လာရောက်အပ်နှံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်မတော်တဆမှုကြောင့် တိုက်ကြေပျက်စီးသွားသည့်ကားများ၊ မီးလောင်ပျက်စီးသွားသော ကားများကို အရည်ကျိုအပ်နှံဖျက်သိမ်း၍ အစားထိုးယာဉ်တင်သွင်းခွင့်ပေးခြင်းကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လမှ စတင်ခွင့်ပြုခဲ့ရာ ၂၀၁၆ ခုနှစ်အတွင်း ၂,၇၂၃ စီး၊ ၂၀၁၇ ခုနှစ်အတွင်း ၁,၄၂၆ စီး အပ်နှံမှုရှိခဲ့ပါတယ်။
၂၀၁၈ ခုနှစ်အတွင်း၌ တိုက်ကြေကား အစီး ၄၇၀ ကျော် အပ်နံှခဲ့ရာ ဇန်နဝါရီလတွင် ရှစ်စီး၊ ဖေဖော်ဝါရီလတွင် ၃၇ စီး၊ မတ်လတွင် ၃၁ စီး၊ ဧပြီလတွင် ၄၁ စီး၊ မေလ တွင် ၆၁ စီး၊ ဇွန်လတွင် ၃၁ စီး၊ ဇူလိုင်လတွင် ၄၅ စီး၊ သြဂုတ်လတွင် ၄၆ စီး၊ စက်တင်ဘာလတွင် ၃၅ စီး၊ အောက်တိုဘာလတွင် ၅၄ စီး၊ နိုဝင်ဘာလတွင် ၆၂ စီးနှင့် ဒီဇင်ဘာလတွင် ၄၇ စီး အပ်နှံခဲ့သလို ယခုနှစ်အတွင်း၌လည်း ဖေဖော်ဝါရီလကုန်အထိ ၆၉ စီး အပ်နှံခဲ့ပြီးဖြစ်ပါတယ်။
“တိုက်ကြေ ဟုတ်/မဟုတ် စစ်ဆေးပြီးမှ အပ်နှံခွင့်ပြုတဲ့အတွက် ပြီးခဲ့တဲ့နှစ်ထဲမှာ တိုက်ကြေကား အပ်နှံမှုက အရင်နှစ်တွေထက်စာရင် တစ်ဝက်လောက်အထိ လျော့နည်းသွားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေမှာ တိုက်ကြေကား အပ်နှံမှုက တစ်နှစ်ကို အစီးတစ်ထောင်ကနေ နှစ်ထောင်ဝန်းကျင်အထိ ရှိခဲ့ပေမဲ့ ၂၀၁၈ ခုနှစ်မှာတော့ အစီး ၄၇၀ ကျော်ပဲ အပ်နှံခဲ့ပါတယ်။ အခုနှစ်စကနေ ဖေဖော်ဝါရီလကုန် အထိတော့ ၆၉ စီး အပ်နှံထားပါတယ်။ အပ်နှံတဲ့ကားတွေထဲက ၈၀ ရာခိုင်နှုန်းကျော်က လူစီးကားတွေ ဖြစ်ပါတယ်”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ယခုနှစ် ဖေဖော်ဝါရီလအတွင်း တိုက်ကြေကား ၆၉ စီး အပ်နှံခဲ့ရာတွင် သန်လျင်ကညနရုံး၌ ဇန်နဝါရီလအတွင်း ၄၆ စီးနှင့် ဖေဖော်ဝါရီလအတွင်း ၂၃ စီး အပ်နှံခဲ့ပါတယ်။ တိုက်ကြေစလစ်ဖြင့် ၁၃၅၀ စီစီနှင့်အောက် စတိနံပါတ် ကားများဝယ်ယူခွင့်ပါမစ် လျှောက် ထားနိုင်သောကြောင့် တိုက်ကြေစလစ်ကို အဝယ်များပြီး ကျပ် ၁၁၈ သိန်းဝန်းကျင် ပေါက်ဈေးရှိနေပါတယ်။ ရန်ကုန်လိုင်စင်ကားဝယ်ယူ အသုံးပြုခွင့်ပေးမည့် YVQC စနစ် ထွက်ပေါ်လာပါက စလစ်ဈေးများမှာ လက်ရှိပေါက်ဈေးထက် ကျဆင်းသွားနိုင်ဖွယ်ရှိကြောင်း ကား တင်သွင်းသူများက ခန့်မှန်းထားကြကြောင်းသိရှိရပါတယ်။
Source;Automobile Journal