နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်စီးနင်းခဲ့တဲ့ Toyota Mark II JZX 100 အမျိုးအစားကို အတာသင်္ကြန်အပြီးမှာ လေလံစနစ်နဲ့ဈေးပြိုင်ရောင်းချဖို့ ပြင်ဆင်ထားတဲ့အကြောင်း အွန်လိုင်းစာမျက် နှာတွေမှာဖော်ပြထားတာတွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့စာဖတ်ပရိတ်သတ်တွေအတွက် ၁၉၉၉ မော်ဒယ် Toyota Mark II ရဲ့အကြောင်းလေးကို သင်္ကြန်မတိုင်ခင်ဖော်ပြပေးလိုက်ရပါတယ်။
ဂျပန်နိုင်ငံအခြေစိုက် Toyota ကားကုမ္ပဏီရဲ့ နာမည်ကြီးအမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ၁၉၆၈ခုနှစ်ကနေ စလို့ ထုတ်လုပ်ခဲ့ပါတယ်။ မျိုးဆက်စုစုပေါင်း ၉ ခုရှိပြီး ၂၀၀၄ခုနှစ်မှာရပ်နားခဲ့ပါတယ်။ သူ့နေရာကို Mark X နဲ့အစားထိုး ဆက်ခံစေခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ ရွှေငါးကတော့ ကျွန်တော်တို့ မြန်မာပြည်မှာလက်ရှိအထိ လူကြိုက်များနေတုန်းပဲဖြစ်ပါတယ်။ အဋ္ဌမမျိုးဆက်ကိုတော့ ၁၉၉၆ခုနှစ်ကနေ ၂၀၀၀ ပြည့်နှစ်အထိ ထုတ်လုပ်ပေးခဲ့ပါတယ်။ အဆိုပါမျိုးဆက်အတွက် ထူးခြားမှုကတော့ all wheel drive စနစ်နဲ့ Toyota ရဲ့ VVTi အင်ဂျင်သစ်တွေကို Grande ရော Grande G ဂရိတ်တွေမှာပါ ရရှိစေဖို့ဖန်တီးပေးထားခဲ့တာပဲဖြစ်ပါတယ်။ ဆီတိုင်ကီဝင်ဆံ့မှုက ၇၀လီတာအထိရှိလို့ ခရီးသွားမယ်ဆိုလည်း လုံလောက်တဲ့အ နေအထားပဲဖြစ်ပါတယ်။
ဒီဇယ်ရော ဓာတ်ဆီအမျိုးအစားကိုပါ ထုတ်လုပ်ပေးထားပြီး ဒီဇယ်မှာတော့တာဘိုစွမ်းအင်သုံး 2.4 litre တစ်မျိုးတည်းကို အော်တိုဂီယာ ၄ ချက်နဲ့တွဲဖက်ပေးထားခဲ့ပါတယ်။ ပါဝါဝင်းဒိုးနဲ့ အဲကွန်းအော်တိုဖြစ်ပေ မယ့် traction control တို့ ABS တို့ကတော့ ရွေးပိုင်ခွင့်နဲ့မှရမှာဖြစ်ပါတယ်။ ဒီဇယ်ကတော့ ပြည်တွင်းမှာ အတွေ့ရနည်းတဲ့ကားအမျိုးအစားလည်းဖြစ်ပါတယ်။
ဓာတ်ဆီမှာဆိုရင်တော့ 2.0L ၊ 2.4L ၊ 2.5L နဲ့ 3.0L ဆိုပြီး ၄ မျိုးရှိပါတယ်။ ဂီယာက အော်တိုရော၊ မန်နူရယ်ပါရှိပေမယ့် အော်တိုကတော့လူကြိုက်ပိုများပါတယ်။ ပြည်တွင်းမှာအတွေ့များအသုံးများတဲ့ အင်ဂျင်အမျိုးအစားကတော့ 2.5L ပဲဖြစ်ပါတယ်။
2.5L မှာဆိုရင်တော့ Grande ၊ Grande G နဲ့ sport type အမျိုးအစားလို့ဆိုရမယ့် Tourer တွေရှိသလို Tourer ကိုလည်း S နဲ့ V ခွဲထားပါတယ်။ Tourer V ကတော့ electronic traction control system နဲ့ VVTi စတဲ့လုပ်ဆောင်မှုအမြင့်တွေပါတယ်လို့ Toyota ကဖော်ပြထားပါတယ်။ လေလံမှာလည်း S ကို အတွေ့ရနည်းပါတယ်။ စတီယာရင် ကြိုးချုပ်၊ ထိုင်ခုံကြိုးချုပ်၊ ဂီယာအုံအစွပ်ကြိုးချုပ်ဖြစ်လာသလို ဂီယာ ကလည်း sport type ဆန်ဆန် zip-zap ဖြစ်သွားပါတယ်။
Grande ကတော့ အခြေခံဂရိတ်လို့အလွယ်မှတ်နိုင်ပြီး ပါးခြမ်းမီး၊ ကိုယ်ထည်အရောင် တံခါးလက်ကိုင်၊ ကျွန်းခွက်၊ အဲကွန်းအော်တိုနဲ့ ထိုင်ခုံချိန်ညှိမယ့်ခလုတ်တွေအပြင် ထူးထူးခြားခြားအဖြစ်ပါကင်ဘရိတ်ကို လည်းစတီယာရင်အောက်မှာဆွဲသုံးရမယ့် အနေအထားနဲ့တွေ့မြင်နိုင်ပါတယ်။ ဂီယာကတော့ အော်တို ဆိုပေမယ့်တစ်တန်းဖြစ်ပြီး ဘေးမှာ Power ၊ ECT နဲ့ Snow drive ဆိုတဲ့ခလုတ်တွေပါဝင်မှာဖြစ်ပါတယ်။
Grande G package မှာဆိုရင်တော့ စတီယာရင်နဲ့ ထိုင်ခုံတွေကလည်သာဖြစ်လာသလို ယာဉ်မောင်းထိုင် ခုံချိန်ညှိမှုကလည်း ပါဝါဖြစ်လာပါတယ်။ ဒါ့အပြင် အခြားသော Limited ဂရိတ်တွေဖြစ်တဲ့ Grande Trente ၊ Grande Regalia နဲ့ Grande Regalia G ဆိုတာတွေလည်းရှိဦးမှာဖြစ်ပါတယ်။