Elon Musk က Tesla ရဲ့ ရင်းနှီးမြှုပ်နှံမှု မူဝါဒကို ထုတ်ဖော်ပြောကြား
အိန္ဒိယ ဈေးကွက်မှာ Tesla က ဝင်ရောက် လုပ်ကိုင်ဖို့ သွေးတိုးစမ်းကြည့်တာ မအောင်မြင်ပေမဲ့ အိန္ဒိယကို Tesla လာမှာလား ဆိုတာ သို့လောသို့လော ဖြစ်နေကြဆဲ ဖြစ်လို့ Twitter မှာ Tesla ရဲ့ စီအီးအို Elon Musk ကို မေးမြန်းတီးခေါက်ကြည့်ခဲ့ပါတယ်။
"Tesla က ဘယ်လိုလဲ။
Tesla က အနာဂတ်မှာ အိန္ဒိယမှာ စက်ရုံတစ်ခုဖြင့် ထုတ်လုပ်မှာလား။"
လို့ ၂၀၂၂ မေလ ၂၇ ရက် သောကြာနေ့မှာ Twitter အကောင့်ပိုင်ရှင် Madhu sudhan V က တဲ့တိုး မေးမြန်းခဲ့ပါတယ်။
Twitter အကောင့်ပိုင်ရှင် Elon Musk က မကြာမတင်မှာ အဖြေပြန်ပေးခဲ့ပါတယ်။ Tesla ရဲ့ ရင်းနှီးမြှုပ်နှံမှု မူဝါဒကို ပြောပြခဲ့ပါတယ်။
"Tesla သည် ကျွနု်ပ်တို့အား အရင်ဆုံး ကားများရို ရောင်းချရန်နှင့် ဝန်ဆောင်မှုပေးရန် ခွင့်မပြုသည့် မည်သည့်နေရာတွင်မဆို ထုတ်လုပ်ရေးစက်ရုံကို ထားရှိမည်မဟုတ်ပါ။"
လို့ အဖြေပေးခဲ့ပါတယ်။
Tesla will not put a manufacturing plant in any location where we are not allowed first to sell & service cars
— Elon Musk (@elonmusk) May 27, 2022
Tesla က အိန္ဒိယအစိုးရကို ချဉ်းကပ်ပြီး Tesla ကားတွေ တင်သွင်းရောင်းချတဲ့အခါ စည်းကြပ်မယ့် သွက်းကုန်ခွန် လျှော့ပေါ့ပေးဖို့ ဆွေးနွေးခဲ့ရာ ပယ်ချခံရပါတယ်။
Tesla ကားတွေက ဈေးအမြင့်တန်း ပရီမီယံ ဖြစ်လို့ ဈေးကြီးရင် အဝယ်မလိုက်တဲ့ အိန္ဒိယကားဈေးကွက်မှာ အရင် အစမ်းရောင်းကြည့်ပြီး တကယ်လို့ ရောင်းအားကောင်းရင် အိန္ဒိယမှာစက်ရုံတည်ဆောက်ပြီး ထုတ်လုပ်ရောင်းချမှာ ဖြစ်တယ်လို့ Tesla က ဆိုပါတယ်။
အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးက တရုတ်ပြည်မှာ ထုတ်လုပ်တဲ့ Tesla ကားများကို အိန္ဒိယမှာ လာမရောင်းဖို့ သတိပေး ပြောကြားခဲ့ပါတယ်။
Tesla က အိန္ဒိယဈေးကွက် ဝင်မယ့် အစီအစဉ်ကို စွန့်လွှတ်လိုက်ပါတယ်။ နယူးဒေလီ၊ မွမ်ဘိုင်းနှင့် ဘင်ဂါလူရူတို့မှာ အရောင်းပြခန်းအတွက် နေရာရှာဖွေနေတာ ရုပ်သိမ်းလိုက်ပါတယ်။ ဝန်ထမ်းတွေကိုလည်း တာဝန်များ ပြောင်းလဲပေးလိုက်ပါတယ်။ အာရပ်နိုင်ငံများသို့ စေလွှတ်ပြီး သက်ဆိုင်ရာ အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်တဲ့အပြင် ထိုင်းနိုင်ငံသုိ့လည်း စေလွှတ်ပြီး ဈေးကွက်ထဲ ဝင်ဖို့ ကနဦး လုပ်ဆောင်စရာ ရှိသည်များ စတင်ဆောင်ရွက်ဖို့ တာဝန်များ ပေးအပ်ထားပါတယ်။
၂၀၂၁ ဇန်နဝါရီလမှာ Tesla India ရဲ့ ညွှန်မှူးအဖြစ် ခန့်အပ်ခံရသူ David Jon Feinstein ကို Global Senior Director, Trade Market Access အဖြစ် ရာထူးတာဝန် ပြောင်းလဲပေးပြီး ထိုင်းဈေးကွက်အတွက် တာဝန်ပေးထားပါတယ်။
Myanmar Automobile Guide