ထိုင်း အီးဗီမက်လုံးအသစ် လျော့နည်းမည်ဟု ခန့်မှန်း
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ထိုင်းနိုင်ငံတွင် အီးဗီ မက်လုံးပေးသည့် နောက်ဆုံး အစီအစဉ်သည် ယခင် မက်လုံးအစီအစဉ်ထက် ဆွဲဆောင်မှုနည်းသည်ဟု ယူဆရသော်လည်း ထိုင်းနိုင်ငံတွင် လျှပ်စစ်ကားထုတ်လုပ်သူများ ပိုမိုရောက်လာပြီး ရင်းနှီးမြှုပ်နှံကြလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ထိုင်းနိုင်ငံ လျှပ်စစ်မော်တော်ယာဉ်အသင်း Electric Vehicle Association of Thailand (EVAT) မှ ပြောကြားသည်။
ကားထုတ်လုပ်သူများနှင့် တင်သွင်းသူများအား ဘတ် ၇ သောင်း မှ ၁ သိန်းခွဲအထိ ပေးထားသည့် ထောက်ပံ့မှုများနှင့် အခွန်နှုန်းထား လျှော့ပေးခြင်း အပါအဝင် လက်ရှိ မက်လုံးများ အစီအစဉ်သည် ၂၀၂၂ မှ ၂၀၂၃ ခုနှစ်အတွင်း အီးဗီ သုံးစွဲမှုနှင့် ထုတ်လုပ်မှုကို မြှင့်တင်ရန် ရည်ရွယ်သည်။
၎င်း အီးဗီ မြှင့်တင်ရေးမူဝါဒတွင် ပါဝင်သည့် ကားထုတ်လုပ်သူများသည် ထိုင်းနိုင်ငံတွင် အီးဗီ ထုတ်လုပ်သည့် စက်ရုံ ထူထောင်ပါမည်ဟု ကတိကဝတ် ပြုရသည်။
ယခုအခါ ၂၀၂၄ ခုနှစ်အတွက် ဝန်ကြီးချုပ်အသစ် ဆရီသာ သာဗီစင် စီမံအုပ်ချုပ်မှုမှ ချမှတ်ပေးမည့် အီးဗီမက်လုံး အစီအစဉ်ကို မည်သို့ရှိမည် ဆိုသည်ကို အီးဗီ ထုတ်လုပ်သူများက စောင့်ကြည့်နေကြပါသည်။
ပြည်ပမှ အီးဗီ ထုတ်လုပ်သူအချို့တို့သည် ထိုင်းနိုင်ငံတွင် ၎င်းတို့၏ လုပ်ငန်းတိုးချဲ့မှုနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် မချသေးဘဲ အီးဗီ မူဝါဒအသစ်ကို ရှင်းရှင်းလင်းလင်း သိရသည်အထိ စောင့်ဆိုင်းနေကြသည်။
EVAT ဥက္ကဋ္ဌ Krisda Utamote၊l က "အီးဗီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံသူ တစ်ဦး နှစ်ဦး အထူးသဖြင့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုသူတွေက ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာဖွေမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်"ဟု ပြောကြားသည်။
အီးဗီမက်လုံး အစီအစဉ်အသစ်သည် အမျိုးသား အီးဗီ မူဝါဒကော်မတီ National EV Policy Committee အသစ်၏ အတည်ပြုချက် လိုအပ်သည်။
အီးဗီမက်လုံး အစီအစဉ်အသစ်သည် လက်ရှိထက် လျော့နည်းမည်ဟု Mr Krisda က မျှော်လင့်ထားသည်။ လက်ရှိ အီးဗီမက်လုံး အစီအစဉ်သည် ယခင်နှစ်အစောပိုင်းက ပရာယွတ်ချန်အိုချာ အစိုးရအဖွဲ့မှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်ကာလက အစိုးရသည် ပြည်တွင်း အီးဗီလုပ်ငန်းကဏ္ဍကို စတင်တည်ဆောက်ခဲ့ပြီး တိုးတက်မှုကို အရှိန်မြှင့်ရန်အတွက် နည်းပညာဆိုင်ရာ အသိပညာများနှင့်အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ လိုအပ်နေသည်။
"EV incentive package အသစ်မှာ အများဆုံးထောက်ပံ့ကြေးက ဘတ် ၁ သိန်း ဖြစ်နိုင်ပါတယ်" ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံကို ဒေသအတွင်း အီးဗီ အချက်အချာတစ်ခုဖြစ်အောင် အကောင်အထည်ဖော်မည့် ရည်မှန်းချက် ကြီးမားသည့် အစီအစဉ်အရ ၂၀၃၀ တွင် ပြည်တွင်း ထုတ်လုပ်သည့်ကား အရေအတွက် ထက်ဝက်သည် အီးဗီ ဖြစ်ရမည်ဟု ချမှတ်ထားကြောင်း ယခင် အမျိုးသား အီးဗီ မူဝါဒ ကော်မတီက ကြေညာခဲ့ပါသည်။
ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ထိုင်းနိုင်ငံတွင် ဘက်ထရီ အီးဗီ ရောင်းအား ၃၅,၇၈၁ စီး ရှိပြီး ယမန်နှစ်ထက် ၁,၆၀၅.၄% ပိုများသည်။
အင်ဂျင်ကား ရောင်းအား ၃၈၁,၄၅၃ စီး ရှိပြီး ယမန်နှစ်ထက် ၁၅,၇% လျော့ကျကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ်Federation of Thai Industries (FTI)က အချက်အလက် ထုတ်ပြန်ခဲ့ပါသည်။
Source bangkokpost
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL