Mitsubishi Pajero စက်ရုံဟောင်းကို တစ်ရှူးပေပါလုပ်ငန်းသို့ ရောင်းချ
Mitsubishi Pajero ဟာ သမိုင်းတွင်တဲ့ အမည်ဖြစ်ပါတယ်။ ဒါပေမဲ့ လေထုညစ်ညမ်းမှု တားဆီးရေးအတွက် တင်းကျပ်တဲ့ ဉပဒေတွေကို လိုက်နာဖြည့်ဆည်းဖို့ အကုန်အကျ ကြီးမားတာက တစ်ကြောင်း၊ ရောင်းအား ကျဆင်းလာတာက တစ်ကြောင်းတို့ကြောင့် Pajero ထုတ်လုပ်မှု ၂၀၂၁ မှာ နိဂုံးချုပ်လိုက်ပါတယ်။
ဆက်စပ်ဖတ်ရှုရန်
Mitsubishi က Pajero ထုတ်လုပ်မှု အပြီးအပြတ် ရပ်ဆိုင်း
ယခု Pajero ထုတ်လုပ်တဲ့ ကားစက်ရုံကိုပါ Mitsubishi က နိဂုံးချုပ်လိုက်ပါတယ်။
Mitsubishi Motors Company (MMC) က Pajero ထုတ်လုပ်တဲ့ ကားစက်ရုံကိုလည်း Pajero လို့ အမည်ပေးထားပါတယ်။ Gifu စီရင်စု Sagahogi မှာ တည်ရှိပါတယ်။ ဂျပန်နိုင်ငံရဲ့ တစ်ရှူးပေပါနှင့် ရေအိမ်သုံးစက္ကူ ထုတ်လုပ်တဲ့ကဏ္ဍမှာ ဦးဆောင်လုပ်ငန်းဖြစ်တဲ့ Daio Paper ထံ Pajero စက်ရုံကို ယန်း ၄ ဘီလျံဖြင့် ရောင်းချလိုက်ပါတယ်။
MMC ရဲ့ ပြန်လည်ဖွဲ့တည်တဲ့ အစီအစဉ်အရ Pajero စက်ရုံကို ရောင်းထုတ်လိုက်ခြင်း ဖြစ်ပါတယ်။
စက်ရုံမှာ လမ်းကြမ်းခရီးရှည် Dakar Rally ကားပြိုင်ပွဲမှာ အောင်ပွဲခံ Pajero အပြင် Delica D:5 နှင့် ယခင်မျိုးဆက် Outlander တို့ကိုလည်း ထုတ်လုပ်ပါတယ်။
၂၀၂၁ မှာ စက်ရုံကို ပိတ်သိမ်းတဲ့အခါ Delica D:5 ကို Aichi စီရင်စုမှာ တည်ရှိတဲ့ Okazaki Plant သို့ ပြောင်းရွှေ့ ထုတ်လုပ်ပါတယ်။
Pajeros စီးရေ ၆၄၅,၉၈၄ စီး ထုတ်လုပ်ပြီးတဲ့နောက်မှာ နိဂုံးချုပ်သွားခဲ့ပါတယ်
Pajero ကားစက်ရုံက Sagahogi ရဲ့ စီးပွားရေးကဏ္ဍအတွက် အရေးပါတယ်။ အဒါကြောင့်လည်း Sagahogi ကို Pajerotown လို့ ခေါ်ဝေါ်ကြပါတယ်။
အထွတ်အထိပ်ရောက်စဉ်မှာ စက်ရုံက တစ်နှစ်ကို ကားစီးရေ ၁၇၀,၀၀၀ ထုတ်လုပ်ပါတယ်။
စက်ရုံပိတ်ထားပြီးချိန်မှာ မြို့ခံတွေက စက်ရုံကို အခြားကားလုပ်ငန်း တစ်ခုခုက ဝယ်ယူလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ကားလုပ်ငန်းက ဝယ်ယူခဲ့ရင် စက်ရုံမှာ ယခင်လုပ်နေကျအလုပ်ကို ပြန်လုပ်ရတာမို့ မြို့ခံတွေအတွက် အဆင်ပြေမယ်။
ယခုလို တစ်ရှူးပေပါ ထုတ်လုပ်ရေး လုပ်ငန်းက ဝယ်ယူလိုက်တဲ့အတွက် ဝန်ထမ်းဦးရေ အကြမ်းအားဖြင့် ၁,၀၀၀ ခန့် ရှိတာမှာ ၃၀% ဝန်းကျင်ကို MMC က အခြားတစ်နေရာမှာ အလုပ်တာဝန် ပြန်ချပေးမှာ ဖြစ်ပြီး ၃၀% က တခြားလုပ်ငန်းများမှာ အလုပ်ပြောင်းလုပ်ကြမှာ ဖြစ်ပါတယ်။ ၂၅၀ ဦး ဝန်းကျင်က အငြိမ်းစားယူကြမှာ ဖြစ်ပါတယ်။