Giga Shanghai စက်ရုံမှ Tesla ကားများ ၂၀၂၂ ပထမအသုတ် စတင် သင်္ဘောတင်
၂၀၂၁ မှာ ထုတ်လုပ်မှုစွမ်းအားမြင့်တက်ခဲ့တဲ့ Tesla China က ရှန်ဟိုင်းမြို့မှာ တည်ရှိတဲ့ Giga Shanghai စက်ရုံမှ ထုတ်လုပ်ထားတဲ့ ကားများကို ၂၀၂၂ ပထမ ၃ လပတ်အတွက် ပြည်ပသို့တင်ပို့မယ့် ပထမအသုတ်ကို သင်္ဘောတင်ခြင်း စတင်ပါတယ်။
ဒရုံးအော်ပရေတာ Wu Wa က Tesla China မှ ထုတ်လုပ်တင်ပို့တဲ့ Model 3 နှင့် Model Y ကားများကို ကောင်းကင်မှ မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးပြီး အင်တာနက်ပေါ် တင်ပေးခဲ့ပါတယ်။
မှတ်တမ်းဗီဒီယိုမှာ Tesla ကားတွေကို SLF Composer ကားတင်သင်္ဘောပေါ် တင်ဖို့ Luchao Port ဆိပ်ကမ်းမှာ အသင့် နေရာယူထားတာကိုလည်း ရိုက်ကူးထားပါတယ်။
ပရီမီယံအပြည့်အဝလျှပ်စစ်ကား မော်ဒယ် နှစ်မျိုး ဖြစ်တဲ့ Model 3 နှင့် Model Y ကားများကို Giga Shanghai က ပြည်ပတင်ပို့ရန် ဦးစားပေး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
Tesla China က ၂၀၂၂ ပထမ ၃လပတ် ပထမတစ်ခြမ်းမှာ ပြည်ပတင်ပို့ဖို့ ကားတွေကို ဦးစားပေး ထုတ်လုပ်မှာ ဖြစ်ပြီး ဒုတိယတစ်ခြမ်းမှာတော့ တရုတ်ပြည်တွင်းဈေးကွက်မှ အမှာစာများအတွက် ထုတ်လုပ်မှာဖြစ်ကြောင်း Tesla ရဲ့ အကြီးအကဲ Elon Musk က ပြောကြားခဲ့ပါတယ်။
Giga Shanghai ဟာ တရုတ်ပြည်တွင်း ဈေးကွက်အတွက် ကားများ ထုတ်လုပ်ခြင်းအပြင် ပြည်ပပို့ကုန်အဖြစ် တင်ပို့မယ့်ကားများကိုလည်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဥရောပဈေးကွက်အတွက် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
ဥရောပဈေးကွက်အတွက် Tesla ကားတွေ ထုတ်လုပ်ဖို့ ဂျာမနီမှာ Giga Berlin ကို တည်ဆောက်နေတာ ပြီးလုပြီ ဖြစ်ပါတယ်။ Model Y ကားများကို ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ Giga Berlin မှ ကားများ စတင်ထုတ်လုပ်တဲ့အခါမှာ Giga Shanghai စက်ရုံမှ တောင်ကိုရီးယား၊ ဂျပန်နှင့် ဩစတြေးလျတို့အတွက် ကားများ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ နောက်ထပ် ဈေးကွက်အသစ်များအဖြစ် အိန္ဒိယနှင့် ဖိလစ်ပိုင်တို့အတွက်လည်း Giga Shanghai စက်ရုံမှ ကားများ ထုတ်လုပ်မယ်လို့ ဆိုပါတယ်။
Model Y နှင့် Model 3 တစ်စီးအတွက် ထုတ်လုပ်မှု ကုန်ကျစရိတ် စုစုပေါင်း ပျမ်းမျှ အမေရိကန်ဒေါ်လာ ၃၆,၀၀၀ ရှိပြီး အမြတ် ၃၀% ဝန်းကျင် ပေါင်းထည့်ကာ ရောင်းဈေး သတ်မှတ်ပြီးရောင်းချကြောင်း၊ ၂၀၂၁ စတုတ္ထ ၃ လပတ်မှာ Tesla က အသားတင်အမြတ် အမေရိကန်ဒေါ်လာ ၂.၃၂ ဘီလျံ ရရှိခဲ့တယ်လို့ Tesla ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရှန်ဟိုင်းမှ Luchao Port မှ Tesla ရဲ့ ပြည်ပတင်ပို့တဲ့ ကားများ ကောင်းကင်ဗီဒီယို မှတ်တမ်းကို ဖော်ပြအပ်ပါတယ်။