ဈေးနှုန်းမြှင့်တင်လျှင် ဝယ်လိုအားကို ထိခိုက်နိုင်ဟု မတ်စ် ပြောကြား
Tesla က ပြီးခဲ့တဲ့ ၃ လပတ် အစီရင်ခံစာကို ဇူလိုင်လ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့ရာ မျှော်မှန်းထားတာထက် အမြတ်ပိုရရှိခဲ့ပြီး Tesla စီအီးအို Elon Musk က ကားရောင်းဈေးနှုန်း အကြိမ်ကြိမ် မြှင့်တင်ခဲ့ခြင်းကြောင့် အမြတ်များရခြင်းဖြစ်ကြောင်း ပြောကြားပါတယ်။
Elon Musk က "ရှက်စရာကောင်းလောက်အောင်မြင့်မား" နေကြောင်းနှင့် ဝယ်လိုအားကိုထိခိုက်စေနိုင်ကြောင်း ပြောကြားပါတယ်။
၃လပတ်အတွင်းမှာ Tesla က လက်ထဲရှိတဲ့ Bitcoin အများစုကိုလည်း ရောင်းချခဲ့ပြီး cryptocurrency တန်ဖိုးထိုးကျနေလို့ အရှုံးပေါ်ခဲ့ပါတယ်။
စီးပွားရှာဖို့ မသေချာမရေရာ ဖြစ်နေကြလို့ အီးဗီ ဝယ်လိုအား ကျဆင်းဖွယ်ရှိနေသော်လည်း Tesla အဖို့ ဝယ်လိုအား ပြဿနာ မရှိဘဲ ကြိုတင်အမှာစာများကို အလျဉ်မီအောင် မထုတ်လုပ်နိုင်တဲ့ ထုတ်လုပ်မှုပြဿနာ ရှိနေကြောင်း မတ်စ်က ပြောကြားပါတယ်။
"ဈေးနှုန်းကို စိတ်ထင်တိုင်း တင်လိုရတဲ့အစားမျိုး မဟုတ်ဘူး။ ဝယ်စီးဖို့ တတ်နိုင်တဲ့ အတိုင်းအတာ ကျော်လွန်သွားရင် မဝယ်ကြတော့ဘူး။ အဲဒီအခါ ဝယ်လိုအားက ချောက်ထဲကျသလို ထိုးကျသွားလိမ့်မယ်" လို့ မတ်စ်က သတိပေးပါတယ်။
"ဈေးနှုန်းတွေက ဘွင်းဘွင်းပြောရရင် ရှယ်ဖွယ်လိလိ အဆင့်တွေကို ရောက်နေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ထုတ်လုပ်မှုမှာ ရှော့ခ်ရတယ်။ ပစ္စည်းပေးသွင်းကွင်းဆက်မှာ ပြဿနာတွေ အများကြီးရှိနေတယ်။ ပြီးတော့ ငွေဖောင်းပွမှု ရှိနေတယ်" လို့ မတ်စ်က ပြောကြားပါတယ်။
Tesla က ရောင်းဈေးနှုန်းတွေကို အကြိမ်ကြိမ် မြှင့်တင်ခဲ့ပါတယ်။ အမေရိကန်မှာ Model Y ခရီးတာ ပိုများတဲ့ မော်ဒယ်က ယခုအခါ တစ်စီးလျှင် $65,990 သတ်မှတ်ထားပါတယ်။ ၂၀၂၁ နှစ်စကထက် ၃၀% ပိုများပါတယ်။
ငွေဖောင်းပွမှုက နှစ်ကုန်ပိုင်းကျမှ စတင်လျော့ကျလိမ့်မယ်လို့ သူခန့်မှန်းကြောင်း၊ ကုန်ဈေးနှုန်းများ တည်ငြိမ်သွားတဲ့အခါ Tesla ရောင်းဈေးနှုန်းများကို နည်းနည်းပါးပါး ပြန်လျှော့ချမယ်လို့ မတ်စ်က ပြောကြားပါတယ်။
ဘာလင်နှင့် တက္ကဆက်ရှိ စက်ရုံအသစ်များသည် ယခုနှစ်ကုန်တွင် တစ်ပတ်လျှင် ကားအစီးရေ ၅၀၀၀ ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း မတ်စ်က ပြောကြားပါတယ်။
#MyanmarAutomobileGuide
Telegram Channel https://t.me/Guid4U