ကမ္ဘာ့ အီးဗီဈေးကွက်ထဲ ထွန်းပေါက်လာမယ့် BYD
ဘက်ထရီကျွမ်းကျင်မှုနှင့် ဇွဲသန်ခြင်းတို့သည် BYD အား ကမ္ဘာကားထုတ်လုပ်ရေးလုပ်ငန်းနယ်ပယ်တွင် ကြောက်ခမန်းလိလိ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လုပ်ငန်းစု ဖြစ်လာစေခဲ့သည်။
သို့သော်ငြားလည်း Tesla ကို ကမ္ဘာက သိသော်လည်း BYD ကို ကမ္ဘာ့ဈေးကွက်ထဲတွင် လူသိနည်းနေဆဲ ဖြစ်သည်။
ကမ္ဘာ့ရေပန်းအစားဆုံး ဘက်ထရီစွမ်းအင်သုံးကားများ ထုတ်လုပ်သူအဖြစ် သုံးနှစ်ကြာ သရဖူဆောင်းထားခဲ့သော Tesla သည် အဆိုပါသရဖူကို လူသိနည်းသော တရုတ် ကားထုတ်လုပ်ရေး လုပ်ငန်း BYD သို့ လွှဲပြောင်းပေးခဲ့ရသည်။ “build your dreams” ကို အတိုကောက်ပြုထားသော BYD က ၂၀၂၂ ပထမနှစ်ဝက် အရောင်းပမာဏကို ထုတ်ပြန်ခဲ့ရာ ကားစီးရေ ၆၄၁,၀၀၀ စီး ရောင်းချခဲ့သည်။ Tesla က စီးရေ ၅၆၄,၀၀၀ ရောင်းချခဲ့သည်။
စွမ်းအင်သစ် မော်တော်ယာဉ် ကဏ္ဍတွင် Volkswagen, Ford, General Motors တို့က Tesla ကို ကျော်တက်ရန် ပန်းတိုင်ထားရှိကြောင်း လူသိရှင်ကြား ပြောဆိုနေစဉ် BYD က လက်တွေ့ ကျော်တက်နိုင်ခဲ့သည်။ BYD တွင် အဆင့်မြင့်မားသော ထောင်လိုက်ပေါင်းစပ်မှုဖြင့် ရပ်တည်ထားသည်။ ကိုယ်ပိုင် ဘက်ထရီ လုပ်ငန်းဌာန ရှိသည်။ ကွန်ပျူတာချစ်ပ်အတွက်လည်း လုပ်ငန်းဌာန ရှိသည်။
"BYD က အလားအလာ အလွန်ကောင်းတယ်။ တရုတ်လျှပ်စစ်ကား လုပ်ငန်းကဏ္ဍမှာတော့ BYD က Toyota ပဲ" ဟု တရုတ်ကားလောက ကျွမ်းကျင်သူ Michael Dunne က ပြောကြားသည်။ အင်ဂျင်ကားခေတ်တစ်လျှောက် တရုတ်ကားများ ကမ္ဘာ့ဈေးကွက်ထဲ ဈေးကွက်ဝေစု မည်မည်ရရ မရရှိကြသော်လည်း လျှပ်စစ်ကားခေတ်သို့ ရောက်ရှိလျှင် ကမ္ဘာ့လျှပ်စစ်ကားဈေးကွက်ထဲမှာ တရုတ်အီးဗီကုမ္ပဏီများ ဈေးကွက်ဝေစု များများစားစား ရရှိလိမ့်မည်ဟု ကျွမ်းကျင်သူတို့က ခန့်မှန်းထားကြသည်။
တရုတ်မော်တော်ယာဉ် ထုတ်လုပ်ရေးလောကတွင် ထက်မြက်ပြီး ဇွဲသန်သူများ ရှိနေကြောင်း Tesla စီအီးအို Elon Musk က မေလမှာ ကျင်းပခဲ့တဲ့ FT conference မှာ ပြောကြားခဲ့ပါတယ်။ "ဝန်ဆောင်မှု လုပ်ငန်းထက် ကုန်ထုတ်လုပ်မှုကို ပြင်းပြင်းထန်ထန် ယုံကြည်တဲ့ အလွန်ထက်မြက်ပြီး အလုပ်ကြိုးစားသူတွေ တရုတ်နိုင်ငံမှာ အများကြီးမှ အများကြီးပဲ။ သူတို့က သန်းခေါင်သန်းလွှဲအထိ အလုပ်လုပ်ကြရုံတင်မကဘူး မနက် ၃ နာရီ ကျော်တဲ့အထိ အလုပ်လုပ်ဖို့ ဝန်မလေးကြဘူး"ဟု သူက ပြောကြားခဲ့သည်။
အနောက်တိုင်းသားများအနေဖြင့် BYD က ကျန်သူများထက် ရှေ့ကို မည်မျှအထိ ရောက်နေပြီကို လူသိနည်းသည်။ တရုတ်ကုမ္ပဏီများထဲတွင် BYD သည် တစ်မူထူးခြားသည်။တရုတ်နိုင်ငံတွင် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းကြီးများတွင် FAW , SAIC အစရှိသည်တို့မှာ နိုင်ငံပိုင် လုပ်ငန်းများ ဖြစ်သည်။
BYD သည် နိုင်ငံပိုင်လုပ်ငန်း မဟုတ်ဘဲ ဟောင်ကောင်စတော့အိပ်ချိန်းစာရင်းဝင် လုပ်ငန်း ဖြစ်သည်။
အမေရိကန်မှ ထိပ်တန်းရင်းနှီးမြှုပ်နှံသူ Warren Buffett ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Berkshire Hathaway က BYD ၏ ရှယ်ယာများ ဝယ်ယူကာ ရင်းနှီးမြှုပ်နှံထားသည်။ ၈% ခန့်ကို ၂၀၀၈ ခုနှစ်တွင် ဝယ်ယူခဲ့သည်။ BYD ကို တက္ကသိုလ်ပါမောက္ခ လုပ်ခဲ့ဖူးသူ Wang Chuanfu က ၁၉၉၅ တွင် ထူထောင်သည်။ အားပြန်သွင်းနိုင်သော ဘက်ထရီများ ထုတ်လုပ်သည့် လုပ်ငန်းဖြင့် အစပြုခဲ့သည်။၂၀၀၀ ပြည့်နှစ်လွန်တွင် ကားထုန်လုပ်ရေးကို တိုးချဲ့ လုပ်ကိုင်သည်။
စလုံးရေ စ စတင်ချိန်တွင် "ပြောင်းပြန် အင်ဂျင်နီယာပြုခြင်း"“reverse engineering” ဖြင့် ကားတည်ဆောက်ထားပုံကို လေ့လာသင်ယူသည်။ နာမည်ရပြီးသား ကားမော်ဒယ်အချို့ကို တစ်စစီ ဖြုတ်ကြည့်ပြီး မည်သို့ တည်ဆောက်ဖွဲ့စည်းထားသည်ကို လေ့လာသင်ယူပြီး အတုယူသည်။ မွမ်းမံသည်။ ကိုယ်ပိုင်ဟန်ဖြင့် မော်ဒယ်များ ဒီဇိုင်းထုတ်သည်။
တရုတ်ပြည်တွင်းဈေးကွက်ထဲ ရောင်းချနေသည့် BYD ကားများတွင် ထက်ဝက်ခန့်သည် ပလပ်ထိုးဟိုက်ဘရစ်ကားမော်ဒယ်များ ဖြစ်သည်။ ထိုကားအမျိုးအစားတို့ကို တရုတ်နိုင်ငံတွင် ဘက်ထရီဖြင့်သာ မောင်နှင်သည့်ကားများ၊ ဟိုက်ဒြိုဂျင်ပါဝါ ကားများနှင့်အတူ စွမ်းအင်သစ်မော်တော်ယာဉ်များ “new energy vehicles” NEVs ခေါင်းစဉ်အောက်တွင် စာရင်းသွင်းသည်။
ဟိုက်ဘရစ်နောက်တစ်မျိုးမှာ "ဟိုက်ဘရစ်အပြည့်အဝ" “full hybrid” မော်ဒယ်များ ဖြစ်သည်။ Toyota Prius သည် "ဟိုက်ဘရစ်အပြည့်အဝ" အမျိုးအစားဖြစ်သည်။ ဘက်ထရီကို အားပြန်ဖြည့်ရာတွင် ပလပ်ထိုးပြီး အားသွင်းခြင်း မပြုချေ။ ဓာတ်ဆီအင်ဂျင်မှ ထုတ်ပေးသော စွမ်းအင်ကို တစ်နည်းတစ်ဖုံရယူပြီး အားသွင်းသည်။ ဘက်ထရီအားသက်သက်ဖြင့် ခရီးတာ ဝေးဝေး မောင်းနှင်နိုင်ခြင်း မရှိချေ။ ထိုသို့သော "ဟိုက်ဘရစ်အပြည့်အဝ" “full hybrid” မော်ဒယ်များကို တရုတ်နိုင်ငံတွင် စွမ်းအင်သစ်မော်တော်ယာဉ်များ စာရင်းတွင် ထည့်သွင်းခြင်း မပြုချေ။
BYD က ရောင်းအား တက်လာခဲ့ရာ Tesla ကို ကျော်တက်သွားသည်မှာ ကံကောင်းခြင်းကြောင့်ဟု ဆိုနိုင်ပါသည်။ တရုတ်ပြည်တွင် Tesla ၏ တစ်ခုတည်းသော စက်ရုံဖြစ်ပြီး Tesla ၏ ကားစက်ရုံများတွင်လည်း ထုတ်လုပ်မှု စီးရေ အများဆုံးသို့ ရောက်ရှိနေသည့် Tesla Giga Shanghai (Gigafactory - 3) ကားစက်ရုံသည် ရှန်ဟိုင်းမြို့တွင် တည်ရှိပြီး ရှန်ဟိုင်းမြို့ လော့ဒေါင်း ၂ လ ချသည့်အထဲတွင် အကျုံးဝင်နေသဖြင့် စက်ရုံလည်ပတ်မှု ယာယီ ရပ်နားထားခဲ့ရသည်။
ထို့အတွက် Tesla ထုတ်လုပ်မှု စီးရေ ၈၀,၀၀၀~၁၀၀,၀၀၀ လျော့နည်းခဲ့ရသည်။ BYD က ရှန်ကျန်းဒေသ တောင်ပိုင်းတွင် ထုတ်လုပ်မှု အချက်အချာ ပြုထားသဖြင့် လော့ဒေါင်းကြောင့် ထိခိုက်မှု မပြင်းထန်ခဲ့ချေ။ ထိုကံကောင်းချက်ကြောင့် Tesla ကို ကျော်တက်သွားစေခဲ့သည်။ Tesla သည် အီးဗီများ ထုတ်လုပ်ရန် ဘက်ထရီများ အလုံအလောက် အချိန်မီ မရသဖြင့် ခေါင်းခဲနေစဉ် BYD က အီးဗီးအတွက် အသက် ဖြစ်သော ဘက်ထရီကို ကိုယ်တိုင်ထုတ်လုပ်နေသည့် ကုမ္ပဏီ ဖြစ်နေသည့် အားသာချက်ကို ရရှိထားသည်။
အကယ်စင်စစ် BYD သည် Tesla ကိုသာ အပြိုင်ပြုနေသည် မဟုတ်ချေ။ အခြား နိုင်ငံတကာ ကားထုတ်လုပ်ရေးလုပ်ငန်းများ၊ တရုတ်ပြည်တွင်းမှ အီးဗီထုတ်လုပ်သည့် လုပ်ငန်းများအဖို့လည်း သိသာထင်ရှားသော ပြိုင်ဘက်အဖြစ်သို့ရောက်ရှိနေပြီ ဖြစ်သည်။ တရုတ်ကားလောက ကျွမ်းကျင်သူ Michael Dunne က “သူတို့ဟာ ဘက်ထရီကုမ္ပဏီဖြစ်ခဲ့ဖူးပေမယ့် ကားတွေ ထုတ်လုပ်တဲ့အထိ လက်ဝင်နှိုက်ခဲ့တာ အခုတော့ ပန်းပွင့်ဝေဆာနေပါပြီ” ဟု ပြောကြားသည်။
“သူတို့ဘက်ထရီတွေ ထုတ်လုပ်တယ်။ အဲဒီအတွက် BYD က ရှေ့ဆုံးကို ရောက်ဖို့ လမ်းပေါ်နေစေတယ်” ဟု Dunne က မှတ်ချက်ပြုသည်။ ကမ္ဘာ့အီးဗီ ဘက်ထရီ ထုတ်လုပ်မှု စုစုပေါင်း၏ ၁၀ % ကို BYD ထုတ်လုပ်လုပ်လျက် ရှိသည်။ ၂၀၁၉ တွင် စတင်ခဲ့သော ဘက်ထရီစက်ရုံကို နှစ်ဆတိုးချဲ့ခဲ့ရာ ၈၀ gigawatt-hours စက်ရုံ ဖြစ်လာသည်။ ဆက်လက် တိုးချဲ့သွားမည် ဖြစ်ရာ ၂၀၂၅ တွင် ၁၈၅ gigawatt-hours စက်ရုံ အဖြစ်သို့ ရောက်ရှိရန် မျှော်မှန်းထားသည်။
BYD သည် တရုတ်ပြည်တွင်းဈေးကွက်ကိုသာ အားကိုးအားထားပြုခဲ့သည်။ သို့သော် နောင်တစ်ချိန်တွင် နိုင်ငံတကာမှာ နေရာယူဖို့ ရည်မှန်းချက် ထားရှိသည်။ ယခုအခါ ပြည်ပဈေးကွက်များထဲသို့ စတင်မောင်းဝင်နေပြီ ဖြစ်သည်။ ၂၀၂၂ ပထမနှစ်ဝက်တွင် ပြည်ပသို့ စီးရေ ၃,၃၀၀ တင်ပို့ခဲ့သည်။ ဥရောပ၊ဂျပန်နှင့် အိန္ဒိယ တို့တွင် လျှပ်စစ် ဘတ်စ်ကားများ ရောင်းချခဲ့သည်။ ဥရောပ၊ သြစတြေးလျ၊ လက်တင်အမေရိကနှင့် ဖိလစ်ပိုင်တို့ တွင် လျှပ်စစ်အိမ်စီးကားများ ရောင်းချမည် ဖြစ်သည်။
ဥရောပဈေးကွက်ထဲသို့ မောင်းဝင်ဖို့ နယ်သာလန်မှ ကားအရောင်းကိုယ်စားလှယ်လုပ်ငန်း Louwman နှင့် စာချုပ်ချုပ်ဆိုထားပြီးပြီ ဖြစ်သည်။ ထိုင်းနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံများတွင်လည်း ကားအရောင်းကိုယ်စားလှယ်လုပ်ငန်းများနှင့် စာချုပ်များ ချုပ်ဆိုထားပြီးပြီ ဖြစ်သည်။ ထူးခြားချက်မှာ BYD က ကားအရောင်းကိုယ်စားလှယ်လုပ်ငန်းအတွက် အမြတ်ဝေစုကို အခြားကား brand များထက် ပိုပေးသည်။
BYD ထူထောင်သူ တက္ကသိုလ်ပါမောက္ခဟောင်း Wang Chuanfu သည် Forbes ၏ ကမ္ဘာ့အချမ်းသားဆုံးသူဌေး (၁၀၀) စာရင်းတွင် ပါဝင်သည်။ တစ်ကိုယ်ရေ ကြွယ်ဝမှု ကန်ဒေါ်လာ ၂၅.၄ ဘီလီယံ ရှိသည်။ BYD က ဘက်ထရီနှင့် ကား ထုတ်လုပ်ခြင်းအပြင် ဆိုလာဆဲ၊ ဆဲလ်ဖုန်း တပ်ဆင်ရေးလုပ်ငန်း စသဖြင့် အခြားလုပ်ငန်းအမျိုးမျိုးကိုလည်း လုပ်ကိုင်လျက် ရှိသည်။ ကိုဗစ် ကပ်ဘေး အစပိုင်းတွင် နှာခေါင်းစည်း မတ်စ်များ အမြောက်အမြား ထုတ်လုပ်ခဲ့သည်။
မတ်စ် ထုတ်သည့် လုပ်ငန်းကို သုညမှ စတင်ခဲ့ပြီး ၅ လအကြာတွင် ကမ္ဘာ့ဈေးကွက်ထဲ မတ်စ် အများဆုံး တင်ပို့နေသည့် လုပ်ငန်းများထဲတွင် BYD ပါဝင်နေပြီ ဖြစ်သည်။ BYD သည် ဈေးနှုန်းအရလည်း အားသာချက် ရယူထားသည်။ Tesla ၏ Model 3 ရောင်းဈေးမှာ $35,000 ဖြစ်ပြီး နောက်ထပ် ဈေးထပ်တက်ဦးမည်ဟု မျှော်လင့်ရသည်။ BYD ၏ ဈေးအသက်သာဆုံး ကားမော်ဒယ်မှာ $15,000 ဖြစ်သည်။
#MyanmarAutomobileGuide
Telegram Channel https://t.me/Guid4U
Source ft