ကလပ်မနင်းရတဲ့ လက်ထိုးဂီယာကား Hyundai Venue


Hyundai Venue သည် အသိဉာဏ်ရှိသော လက်ထိုးဂီယာစနစ် ‘Intelligent Manual Transmission’ (iMT) ကို ၎င်း၏ Venue တွင် မိတ်ဆက်ခဲ့သည်။ ၎င်းသည်ယာဉ်မောင်းများအား လက်ထိုးဂီယာ၏ ထိန်းချုပ်မှု ပေးအပ်ထားပြီး ဂီယာပြောင်းသည့်အခါ ကလပ်နင်းဖို့ မလိုချေ။

 

ကလပ်မဲ့လက်ထိုးဂီယာ စိတ်ကူးကို ဖေဖော်ဝါရီလတွင် Sonet က အသိပေးခဲ့ပြီး လက်တွေ့ ထုတ်လုပ်မှုအပိုင်းတွင်း Hyundai ၏ Venue က လက်ဦးသွားခဲ့ခြင်း ဖြစ်သည်။

လက်ထိုးဂီယာကား ဖြစ်သော်လည်း ယာဉ်မောင်းအဖို့ နင်းစရာ လီဗာနှင့် ဘရိတ် နှစ်ခုသာ ပါမည်ဖြစ်ပြီး ကလပ် မပါချေ။ 

 

iMT နည်းပညာသည် ကလပ်မဲ့စနစ် ဖြစ်ပေရာ သမားရိုးကျ လက်ထိုးဂီယာကဲ့သို့ ဂီယာပြောင်းတိုင်း ကလပ်နင်းပေးဖို့ မလိုသဖြင့် ခြေနင်းတံများတွင် ကလပ် မပါချေ။ လီဗာနှင့် ဘရိတ်တို့သာ ပါသည်။ ဂီယာစနစ်က အလိုက်တသိဖြင့် ကလပ်နင်းသည့်ကိစ္စကို ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ အော်တိုဂီယာတွင်လည်း ကလပ် မပါချေ။ သို့သော် မော်တာက ဂီယာထိုးပေးသည်ကို ဆော့ဖ်ဝဲလ်က ထိန်းကျောင်းပေးသည်။ 

iMT လက်ထိုးဂီယာတွင် ဂီယာကို ယာဉ်မောင်းလက်ဖြင့် ထိုးပေးသည်။ ကလပ်နင်းရမည့်ကိစ္စကို ဆော့ဝဲလ်က လုပ်ကိုင်ပေးသည်။ 

သို့ဖြစ်ရာ iMT လက်ထိုးဂီယာသည် သမားရိုးကျ လက်ထိုးဂီယာနှင့် အော်တိုဂီယာတို့၏ ကြားခုလတ်တွင် ရှိသည်။  ထို့ကြောင့် ဂီယာပြောင်းသည့်အခါ လီဗာနင်းထားသည်ကို ပြန်ဖော့ပေးဖို့ မလိုချေ။ အော်တိုဂီယာဖြင့် မောင်းသည့်အတိုင်း လီဗာကို ဆက်နင်းထား၍ ရသည်။ 

 

"iMT က နည်းပညာတစ်ရပ်ဖြစ်ပြီး မောင်းနှင်သူကို စိတ်ကျေနပ်မှု ရရှိစေမယ်။ သက်သောင့်သက်သာလည်း ရှိမယ်။ ကိုယ်ဖြစ်စေချင်တဲ့ ဂီယာအပြောင်းအလဲတွေနဲ့ ကားကို မောင်းနှင်နိုင်မယ်။ ဂီယာဗောက်စ်ကို ယာဉ်မောင်းက ထိန်းချုပ်ခွင့် ရနေမယ်"ဟု Hyundai Motor မှ အကြီးတန်း အရာရှိဖြစ်သူ SS Kim က ရှင်းပြသည်။

 

 

 
Read 3342 times