တရုတ်ပြည်ထုတ် Tesla ကို အိန္ဒိယသို့ မတင်သွင်းရန် ပြောကြား


တရုတ်ပြည်ထုတ် Tesla ကို အိန္ဒိယသို့ မတင်သွင်းရန် ပြောကြား

အမေရိကန်နိုင်ငံမှ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း Tesla Inc ကို အိန္ဒိယနိုင်ငံတွင် မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံ ထူထောင်ပြီး ကားများ ထုတ်လုပ်ကာ အိန္ဒိယ ပြည်တွင်း ကားဈေးကွက်တွင် ရောင်းချမည်၊  ပြည်ပသို့ တင်ပို့မည် ဆိုပါက ကြိုဆိုပါကြောင်း၊ တရုတ်နိုင်ငံတွင် ထုတ်လုပ်သော Tesla ကားများကို အိန္ဒိယသို့ တင်သွင်းရောင်းချမည် ဆိုပါက လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း အိန္ဒိယအစိုးရ၏ ပို့ဆောင်ရေးဝန်ကြီးက ဧပြီလ ၂၆ ရက် အင်္ဂါနေ့တွင် ပြောကြားသည်။

"တရုတ်မှာ ထုတ်လုပ်ပြီး ဒီမှာ ရောင်းမယ်ဆိုတာ  ကောင်းတဲ့ အဆိုပြုချက်မဟုတ်ဘူး” ဟု ဝန်ကြီး Nitin Gadkari က အစိုးရအစည်းအဝေးတစ်ခုအတွင်း ပြောကြားခဲ့သည်။

 


Tesla Inc က အိန္ဒိယပြည်တွင်းဈေးကွက်ထဲသို့ Tesla ကားများ တင်သွင်းရောင်းချရန် ကြိုးပမ်းနေသည်မှာ တစ်နှစ်နီးပါး ရှိပြီဖြစ်သည်။
Tesla ကားများအပေါ် စည်းကြပ်မည့် သွင်းကုန်ခွန်နှင့် အခြားအခွန်များ ဖြေလျော့ပေးရန် အိန္ဒိယ အာဏာပိုင်များကို စည်းရုံးခဲ့သည်။

လက်ရှိအနေအထားတွင် Tesla ကားကို တင်သွင်းလျှင် သွင်းကုန်ခွန် ၁၀၀% စည်းကြပ်မည် ဖြစ်သည်။ သင်္ဘောတန်ဆာခလည်း ကုန်ကျမည်ဖြစ်ရာ ကားရောင်းဈေးသည် အမေရိကန်ဒေါ်လာ ၄၀,၀၀၀ နှင့်အထက်တွင် ဖြစ်နေလိမ့်မည်။

သို့ဖြစ်ရာ Tesla အဖို့ အိန္ဒိယဈေးကွက်သည် ဈေးအကြီးဆုံး ဈေးကွက် ဖြစ်နေမည်။ အိန္ဒိယမှ ကားဝယ်မည့်သူ လူများစု လက်လှမ်းမမီသော ရောင်းဈေးနှုန်း ဖြစ်နေမည်။

 အခွန်လျော့ပေါ့ပေးရန် Tesla ၏ ကြိုးပမ်းမှုများ အရာမထင်ခဲ့ချေ။ အိန္ဒိယနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ခိုင်မာတိကျသည့် အစီအစဉ်ကို တင်ပြခြင်း၊ ကတိကဝတ်ပြုခြင်း မရှိသဖြင့် အိန္ဒိယ အာဏာပိုင်တို့က Tesla ၏ တောင်းဆိုချက်ကို လိုက်လျောပေးနိုင်မည် မဟုတ်ချေ။ 
 ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ "Make in India" မြော်မြင်မှုနှင့် လိုက်လျောညီထွေ ဖြစ်အောင် အိန္ဒိယ ပြည်တွင်းမှာ စက်ရုံ ထူထောင် ထုတ်လုပ်ခြင်း၊ အလုပ်အကိုင်များ ဖန်တီးခြင်း၊ "Make in India" ပြည်ပပို့ကုန်များ တင်ပို့ခြင်း စသည်တို့ကို ဆောင်ရွက်ရန် လိုအပ်နေသည်။
Tesla Inc စီအီးအို Elon Musk က အိန္ဒိယ ဈေးကွက်ထဲသို့ Tesla ကားများ တင်သွင်း ရောင်းချပြီး ရောင်းအား လုံလောက်ပါက အိန္ဒိယနိုင်ငံတွင် စက်ရုံတည်ဆောက်ပြီး Tesla ကားများ ထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံမည်ဟု ပြောကြားခဲ့ပါသည်။ 

Read 696 times