လက်ရှိကားစျေးကွက်အတွင်း ကားစျေးများမြင့်တက်နေပြီး ကားရောင်းဝယ်ရေးစခန်းများတွင် ကားအရောင်းအဝယ်အေးနေသော်လည်း ကားအရောင်းစင်တာနှင့် Brand News Showrooms များတွင် ကားအရစ်ကျစနစ်နှင့် ဝယ်ယူခြင်းများ များပြားလာပါသည်။
အရစ်ကျကားဝယ်ယူသူများအနေဖြင့် သိရှိထားသင့်သည်များကို ဖော်ပြလိုက်ပါသည်။
ဘဏ်အရစ်ကျစနစ်ဖြင့် ပေးချေရာတွင် အချို့သောဝယ်ယူသူများသည် ကားတန်ဖိုးနှင့် တစ်လကို မည်မျှပေးသွင်းရမည်ဆိုသည်ကိုသာမေးကြပြီး အတိုးမည်မျှခန့်ကျသင့်သည်ကို မေးသောသူအလွန်နည်းနေကြောင်း MM Car Sales Center ၏ မန်နေးဂျင်းဒါရိုက်တာတစ်ဦးမှ ပြောကြားခဲ့ပါသည်။
ပြည်တွင်းတွင် ဘဏ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ ကားအရစ်ကျဝယ်ယူသည့်စနစ်သည်လည်း တစ်နေ့တစ်ခြား ပိုမိုတွင်ကျယ်လာပါသည်။
ကားအရစ်ကျဝယ်ယူသူများသည် ကျသင့်တန်ဖိုးနှင့် အတိုးနှုန်းကိုပေါင်းပြီး ထည့်သွင်းပေးချေရခြင်းကို သိရှိထားသူရှိသကဲ့သို့ အချို့မှာ ကား၏ ကျသင့်သည့်တန်ဖိုးကိုသာ အရစ်ကျပေးချေဝယ်ယူရသော စနစ်ဟု လွဲမှားစွာ ယူဆထားသူများလည်းရှိပါသည်။
လက်ရှိတွင် ဘဏ်အများစုသည် တင်သွင်းသည့် တစ်ပတ်ရစ်ကားများနှင့် နံပါတ်ထွက်ပြီးသား တစ်ပတ်ရစ်ကားများကို အရစ်ကျသက်တမ်းကျသက်တမ်း တစ်နှစ်မှ နှစ်နှစ်အထိ ရောင်းဝယ်ခွင့်ပြုထားပြီး Brand New ကားများကို အရစ်ကျသက်တမ်း ငါးနှစ်အထိ ရောင်းချခွင့်ပြုထားပါသည်။
ဥပမာကျပ်သိန်း ၂၅၀ နှင့် ၃၀၀ ကြားရှိသော Brand New ကားတစ်စီးကို ငါးနှစ်အရစ်ကျစနစ်နှင့် ဝယ်ယူပါက တစ်လကို ကျပ်သုံးသိန်းခွဲနှင့် လေးသိန်းကြားပေးချေရမည်ဖြစ်သော်လည်း ငါးနှစ်ပြည့်သည့်အခါ မူလတန်ဖိုးထက် ကျပ်သိန်း၆၀ ဝန်းကျင်ကို မဖြစ်မနေ ပေးချေရမည်ဖြစ်ပါသည်။
ငါးနှစ်သက်တမ်းမပြည့်မီ ပေးချေနိုင်လျှင် အတိုးအနည်းငယ်သက်သာနိုင်ပါသည်။
ဘဏ်အရစ်ကျစနစ်ကို တိတိကျကျမသိရှိဘဲ ဝယ်ယူမိပြီးမှ ငွေသွင်းရန် အခက်အခဲရှိ၍ ဖြစ်စေ၊ ကားမကြိုက်၍ ပြန်ရောင်းရန်ဖြစ်စေ၊ အသစ်လဲလှယ်လို၍ ဖြစ်စေ ကြုံတွေ့လာပါက နစ်နာဆုံးရှုံးမှုများပြားနိုင်ပါသည်။
ကားအရစ်ကျဝယ်ယူသောစနစ်ဆိုသည်မှာ ကားတန်ဖိုး၏ ၂၅ ရာခိုင်နှုန်း သို့မဟုတ် ၃၀/၄၀ ရာခိုင်နှုန်းအပြင် ကျသင့်သော ဘဏ်တိုးကို ပေးသွင်းရပါသည်။
ကျန်သော ငွေအပေါ်တွင်လည်း ရာခိုင်နှုန်းအလိုက် တစ်နှစ်၊ နှစ်နှစ်၊ ငါးနှစ် အရစ်ကျအမျိုးမျိုးနှင့် ပေးချေရာတွင် အတိုးနှုန်းကိုလည်း ကြာသော အချိန်ကာလအပေါ်မူတည်ပြီး နှစ်အလိုက် အတိုးပမာဏတိုးပြီး ကောက်ခံခြင်းကို ဝယ်ယူသူများ သတိပြုရန်လိုအပ်ပါသည်။
ကားအရစ်ကျဝယ်ယူသော စနစ်ဖွံ့ဖြိုးလာသည်နှင့်အမျှ ကားဝယ်ယူသူများအနေဖြင့် အရစ်ကျဝယ်ယူသော အသိပညာတိုးတက်လာရန် လိုအပ်ပါသည်။
မိမိဝယ်ယူသောကား၏ မူရင်းတန်ဖိုး၊ နှစ်အလိုက်ပေးချေရမည့် ရာခိုင်နှုန်း၊ အတိုးရာခိုင်နှုန်း၊ စုစုပေါင်းကျသင့်သွားမည့် တန်ဖိုးများကို မေးမြန်းစုံစမ်းပြီးမှ ဝယ်ယူသင့်ပါသည်။