နာမည်ကြီးပြိင်ကားထုတ်လုပ်ရေးကုမ္ပဏီ Ferrari မှထုတ်လုပ်သည့် ထုတ်လုပ်မှုမိုဒယ် အမြန်ဆုံး 812 Superfast ကားအမျိုးအစားသစ်အား လာမည့်လအတွင်း ဂျီနီဗာတွင် ကျင်းပသည့်ကားပြပွဲတွင် မိတ်ဆက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အသစ်ထွက်လာမည့်ယင်းပြိုင်ကားသစ်သည် F12 Berlinetta ကားကိုထပ်မံအဆင့်မြှင့်တင်လိုက်ခြင်းဖြစ်သည်။
ကားအမျိုးအစားသစ်တွင်တပ်ဆင်ပေးမည့် 6.5 Liter အင်ဂျင်အမျိုးအစားမှာမြင်းကောင်ရေ ၇၈၉ ကောင်အားရှိပြီး ၂ ဒသမ ၉ စက္ကန့်အတွင်း သုညမိုင်မှ တစ်နာရီ ၆၂ မိုင်နှုန်းရောက်အောင် အရှိန်မြှင့်တင်နိုင်သကဲ့သို့ အမြင်ဆုံးအမြန်နှုန်းအဖြစ် တစ်နာရီလျှင် ၂၁၁ မိုင်နှုန်းအထိ မောင်းနှင်နိုင်ကြောင်း သိရသည်။
စူပါပြိုင်ကားသစ်တွင် F12 ကား၏ Dual-clutch ဂီယာအုံကို ထပ်မံအဆင့်မြှင့်ထားသောကြောင့် မိုဒယ်ဟောင်းထက် ဂီယာအမြန်ထိုးနိုင်ကြောင်း၊ နည်းပညာသစ်အသုံးပြုရာတွင် အခြားမည့်သည့် Ferrari ကားတွင်မျှ မပါရှိသည့် Electric Power Steering ကိုပါပထမဦးဆုံး ထည့်သွင်းတပ်ဆင်ပေးထားကြောင်း၊ အလွယ်တကူထိန်းသိမ်းမောင်းနှင်နိုင်သည့် အမြင့်ဆုံးစွမ်းရည်ရရှိအောင် Vehicle Dynamic Controls ကိုပေါင်းစပ်ဖွဲ့စည်းထားသောကြောင့် မောင်းနှင်စီးနင်းသူအတွက်ပိုပြီး ရင်ခုန်ဖွယ်ကောင်းမည် ဖြစ်ကြောင်း သိရသည်။
ယခင်နှစ်က ဥရောပတွင် ယင်းကုမ္ပဏီမှ F12 ကား ၃၉၂ စီးရောင်းချခဲ့သည့်အတွက် ၂၀၁၅ ခုနှစ်ရောင်းအားနှင့် နှိုင်းယှဉ်ပါက ၃၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ရာ Ferrari ထုတ် 488GTB Sport Car နှင့် California GT Sport Car အမျိုးအစားတို့နောက် တတိယမြောက်အရောင်းရဆုံးကားအမျိုးအစားအဖြစ်ရပ်တည်နိုင်ခဲ့ကြောင်းသိရသည်။
မကြာမီအသစ်ပေါ်ထွက်လာမည့် Ferrari ပြိုင်ကားသစ်သည် Aston Martin ကုမ္ပဏီ၏ -12 အင်ဂျင်တပ် DB11 ကားမှာလေးယောက်စီးကားအမျိုးအစားဖြစ်ပြီး Ferrari ကားသစ်မှာ နှစ်ယောက်စီးကားအမျိုးစား ဖြစ်ကြောင်း သိရသည်။