ဟောင်ကောင် အက်ရှင် မင်းသား ဂျက်ကီချန်းက ဂျပန် ကားလုပ်ငန်း Mitsubishi ရဲ့ မော်တော်ယာဉ်တွေကို သူရိုက်ကူးတဲ့ ရုပ်ရှင်တွေထဲမှာ ထည့်သုံးလေ့ ရှိတာမှာ အသုံးများတဲ့ ရုပ်ရှင်တစ်ကားက ၁၉၈၈ ခုနှစ်မှာ ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ Who Am I? ဖြစ်ပါတယ်။
သူက SUVတို့ရဲ့ ဘုရင် “King of SUVs” လို့ ခေါ်ဝေါ်တဲ့ Mitsubishi Pajero ကို ပွဲထုတ်ထားတယ်။ ကားယာဉ်မောင်းအဖြစ် သူ မောင်းတယ်။ ရုပ်ရှင်ကားမှာ မမေ့နိုင်စရာ ဇာတ်ဝင်ခန်းက ဂျက်ကီချန်းကိုယ်တိုင် အကြံဉာဏ်ထုတ်ပြီး ပြုပြင်မွမ်းမံထားတဲ့ Lancer Evo IV နဲ့ လူဆိုးတွေ ပါတဲ့ BMW E36 တို့ Johannesburg မြို့ရဲ့ လမ်းတွေပေါ်မှာ ပြေးတမ်းလိုက်တမ်း မောင်းနှင်ကြတဲ့ ဇာတ်ဝင်ခန်း ဖြစ်ပါတယ်။
ဂျက်ကီချန်းရဲ့ ပင်ကိုအရည်အသွေးတွေကို ရုပ်ရှင်ပြတဲ့ ပိတ်ကားဖြူ သို့မဟုတ် စခရင်ပေါ်မှာ သိကြပေမဲ့ သူက ကားတွေကို မြတ်နိုးတတ်တာကိုတော့ သူ့ပရိသတ် အများစုက မသိကြဘူး။ ရုပ်ရှင်ထဲမှာ သုံးစွဲခဲ့တဲ့ ကားတွေကို သူ့ရဲ့ ကိုယ်ပိုင်စုဆောင်းမှုအဖြစ် တယုတယ သိမ်းဆည်းထားပါတယ်။
၂၀၀၅ ခုနှစ် စက်တင်ဘာလမှာ Mitsubishi ရဲ့ ပြိုင်ကားလက်တံဖြစ်တဲ့ Ralliart က ဂျက်ကီချန်းရဲ့ စိတ်ကူးအကြံဉာဏ်ဖြင့် ပြုပြင်မွမ်းမံထားတဲ့ ဒီဇိုင်းဖြင့် ထုတ်လုပ်ထားတဲ့ Lancer Evo IX ကို Jackie Chan Special Edition အဖြစ် စီးရေ ၅၀ ကို ကန့်သတ်ထုတ်လုပ်ခဲ့ပါတယ်။ ဂျက်ကီချန်းကိုလည်း Team Ralliart China ရဲ့ ပြောရေးဆိုခွင့် ရှိသူအဖြစ် တာဝန်အပ်နှင်းခဲ့ပါတယ်။ အဲဒီ စီးရေ ၅၀ ကန့်သတ်ထုတ်လုပ်မှုအတွက် ပြုပြင်မွမ်းမံတာတွေကို ဂျပန်နိုင်ငံမှ ကားပြုပြင်မွမ်းမံရေးလုပ်ငန်း FireSports က တာဝန်ယူ လုပ်ကိုင်ပေးခဲ့ပါတယ်။
Jackie Chan တံဆိပ်ကပ်ပြီး ထုတ်လုပ်တဲ့ အဲဒီ Lancer Evo IX ကို တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၇၇,၀၀၀ ဖြင့် ရောင်းချခဲ့ပါတယ်။ ယခုအခါ ငွေတန်ဖိုးအရ အမေရိကန်ဒေါ်လာ ၁၀၇,၀၀၀ နဲ့ ညီမျှတယ်လို့ သိရပါတယ်။ တံခါးလေးပေါက် အိမ်စီးပြိုင်ကားအနေဖြင့် ဈေးက အတော်များပါတယ်။ အမှတ်တရပစ္စည်းတစ်ခုအဖြစ်ဖြင့် ဂျက်ကီချန်းရဲ့ ပရိသတ်ထဲမှ တတ်နိုင်သူအချို့က ဝယ်ယူကြတယ်လို့ ဆိုပါတယ်။
Mitsubishi နဲ့ ဂျက်ကီချန်းတို့အကြား ကောင်းမွန်တဲ့ ဆက်ဆံရေးက နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။ Mitsubishi ကားကြော်ငြာမှာ ပါဝင်သရုပ်ဆောင်ပေးခဲ့တဲ့အထိ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့ ဒိုင်းမွန်းသုံးခုတံဆိပ်ရှင် Mitsubishi ရဲ့ ကားတွေ အသုံးနည်းခဲ့ပါတယ်။