Land Cruiser မော်ဒယ်အသစ် မှာကြားပြီး ၄ နှစ်စောင့်ရမည် ဖြစ်သဖြင့် Toyota က တောင်းပန်
Toyota က ဂျပန်ဘာသာစကားသုံး Land Cruiser ဝဘ်ဆိုက်မှာ တောင်းပန်စာ တင်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်က Land Cruiser မော်ဒယ်အသစ်အတွက် အမှာစာ အများအပြား လက်ခံရရှိသဖြင့် မှာကြားသူများ ကားရဖို့ ၄ နှစ်စောင့်ရလိမ့်မယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။
ယခု Toyota က လက်ရှိအမှာစာ အများအပြားကို ဖြည့်ဆည်းပေးဖို့ ကြာမြင့်စွာ စောင့်ဆိုင်းရမှာ ဖြစ်ကြောင်း အတည်ပြုပါတယ်။ ဂျပန်ဘာသာစကားသုံး Land Cruiser ဝဘ်ဆိုက်မှာ ကြာမြင့်စွာ စောင့်ဆိုင်းကြရခြင်းအတွက် တောင်းပန်စာ တင်ထားပါတယ်။
"ကျွန်ုပ်တို့၏ မော်တော်ယာဥ်များကို ဝယ်ယူဖို့ စဉ်းစားဆုံးဖြတ်ပြီး မှာယူမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။
Land Cruiser သည် ဂျပန်နိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် အားတက်သရော ဝယ်ယူအားပေးခြင်းကို လက်ခံရရှိပါသည်။
သင်က အော်ဒါတင်ပြီးနောက် သင့်ထံ Land Cruiser ပို့ဆောင်ရန် အချိန်ကြာမြင့်မည်ဖြစ်သည့်အတွက် ကျွန်ုပ်တို့မှ စိတ်ရင်းမှန်ဖြင့် တောင်းပန်အပ်ပါသည်။ ဤအတွက် ကျွန်ုပ်တို့ ရိုးသားစွာ တောင်းပန်ပါသည်။
အကယ်၍ သင်က ယခု အော်ဒါတင်လျှင် ကားပေးပို့သည့်အချိန်သည် ၄ နှစ်အထိ ကြာမြင့်နိုင်ပါသည်။ ပေးပို့ရန် ကြာမြင့်ချိန်ကို အတိုဆုံးဖြစ်အောင် ကျွန်ုပ်တို့ အစွမ်းကုန်ကြိုးစားပါမည်။ ဤကိစ္စရပ်အတွက် သင် နားလည်ပေးသည်ကို ကျွန်ုပ်တို့ တန်ဖိုးထားပါသည်။
အထက်ပါခန့်မှန်းချက်သည် ဇန်နဝါရီ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်တွင် လက်ရှိအခြေအနေအရ ခန့်မှန်းချက်ဖြစ်ပြီး ၎င်းသည် အနာဂတ် ထုတ်လုပ်မှုအခြေအနေပေါ်မူတည်၍ ပြောင်းလဲနိုင်ကြောင်း သတိပြုစေလိုပါသည်။"
Land Cruiser မော်ဒယ်အသစ်ကို စတင်ရောင်းချပြီး လပိုင်းအတွင်း ဝယ်လိုအား တအားများသဖြင့် စောင့်ဆိုင်းချိန် တစ်နှစ်နီးပါး ဖြစ်သွားခဲ့ပါတယ်။ ထိုစဉ်မှစ၍ အော်ဒါတင်သည်များ ပိုပိုများလာခဲ့သဖြင့် ယခုအခါ စောင့်ဆိုင်းချိန် ၄ နှစ်အထိ ဖြစ်လာပါတယ်။