မြန်မာပြည်တွင် ထုတ်သော Suzuki ကားများအကြောင်း


အခြားနိုင်ငံများနှင့်ယှဉ်လျှင် စက်မှုဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့သော မြန်မာနိုင်ငံတွင် နှစ်အတော်ကြာ ပြည်ပမှ တစ်ပတ်ရစ်ကားများကိုသာ တန်ဖိုးကြီးပေးပြီး ဝယ်ယူစီးနင်းခဲ့ရပါတယ်။

၂ဝဝဝ ပြည့်နှစ်အလွန်တွင် စက်မှုဇုန်ကားများ စတင်ထုတ်လုပ်ခဲ့သော်လည်း နည်းပညာအားနည်းမှု နှင့် ရင်းနှီးမြှုပ်နှံမှုငွေကြေးပမာဏ နည်းပါးခဲ့သောကြောင့် ဆယ်စုနှစ်တစ်ခု အထိသာ တောင့်ခံနိုင်ခဲ့ပါတယ်။

ထို့ပြင် ဝန်ကြီးဦးစိုးသိန်းလက်ထက် ၂ဝဝ၉ ခုနှစ် ဝန်းကျင်တွင် စက်မှု(၂)ဝန်ကြီးဌာနက တရုတ် Chery Automobile Co.,Ltd နှင့် Joint Venture အနေဖြင့်ပူးပေါင်းကာ မြန်မာနိုင်ငံတွင် မီနီ ဆလွန်းကားများကို SKD စနစ်ဖြင့် ထုတ်လုပ်ခဲ့ပါတယ်။

ထိုစဉ်က ပြည်ပမှ ကားတင်သွင်းခွင့်ပါမစ်များ ပိတ်ထားသဖြင့် မြန်မာမီနီဆလွန်းကားတစ်စီး ၏ စက်ရုံထုတ်ဈေးသည် ကျပ်သိန်း ငါးဆယ်ဝန်းကျင်သာရှိခဲ့သော်လည်း ပြင်ပကားဈေးကွက်တွင် ကျပ်သိန်း ၁၅ဝ ဝန်းကျင်ဖြင့် အလုအယက် ဝယ်ယူခဲ့ရပါတယ်။

အစိုးရသစ်လက်ထက် ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ မှစ၍ ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုးလဲလှယ်သည့်စနစ်ဖြင့် ကားတင်သွင်းခွင့်ပါမစ်များ ချပေးခဲ့ပြီးနောက်ပိုင်းတွင် ပြည်တွင်းစက်မှုဇုန်များမှ ကားထုတ်လုပ်မှုမှာ မှေးမှိန်သွားခဲ့သလို မြန်မာမီနီကား ထုတ်လုပ်မှုမှာလည်း လျော့နည်းသွားခဲ့ပါတယ်။

၂ဝ၁၂ ခုနှစ်၊ မေလမှစ၍ ဖရီးပါမစ်ဖြင့် ကားများ တင်သွင်းခွင့်ပေးလိုက်ပြီး နောက်ပိုင်းတွင် ပြည်တွင်းကားထုတ် လုပ်မှုမှာ လုံးဝမှေးမှိန်သွားခဲ့ပါတယ်။

ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုးလဲလှယ်သည့်စနစ်မှစ၍ လွတ်လပ်စွာကားတင်သွင်းခွင့် ရရှိခဲ့ပြီးနောက်ပိုင်းတွင် လုပ်ငန်းရှင်အများစုသည် ကားလောကအတွင်း ဝင်ရောက်လာခဲ့ပြီး အပြိုင်အဆိုင် ကားတင်သွင်းမှုများ ပြုလုပ်ခဲ့ကြပါတယ်။

Toyota ၊ Nissan စသည့် ဂျပန်ကားများကိုသာ အစွဲပြု စီးနင်းလာသဖြင့် ကားတင်သွင်းခွင့်များ ရရှိခဲ့ပြီးနောက်ပိုင်းတွင်လည်း ဂျပန် တစ်ပတ်ရစ်ကားများကိုသာ အလုအယက် လေလံဆွဲဝယ်ယူ ခဲ့ကြပါတယ်။

မြန်မာနိုင်ငံက ၂ဝ၁၂ ခုနှစ်မှစ၍ တစ်နှစ်လျှင် ကားအစီးရေ တစ်သိန်းကျော် မှာယူတင်သွင်းမှုကြောင့်လည်း ဂျပန်ကားလေလံဈေးမှာ အပြောင်းအလဲဖြစ်ခဲ့ပါတယ်။

၂ဝ၁၂၊ ၂ဝ၁၃၊ ၂ဝ၁၄၊ ၂ဝ၁၅ ခုနှစ်တို့၌ ဂျပန်တစ်ပတ်ရစ်ကား မှာယူတင်သွင်းမှုတွင် မြန်မာနိုင်ငံက ထိပ်ဆုံးနေရာ တွင်ရှိခဲ့ပြီး နှစ်စဉ် ကားအစီးရေ တစ်သိန်းကျော် ဝယ်ယူတင်သွင်းမှုရှိခဲ့ပါတယ်။

နိုင်ငံတကာကို တံခါးဖွင့်ပေးလိုက်သည့် စီးပွားရေးဈေးကွက်နှင့် ဝယ်လိုအားကောင်းမွန်သည့် ကားဈေးကွက်အခြေအနေကြောင့် Brand New Showroom များ တစ်ခုပြီးတစ်ခု ပေါ်လာသလို ကားထုတ်လုပ်သည့် စက်ရုံများလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် မျက်စိကျလာခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် ကားထုတ်လုပ်သည့်စက်ရုံ တည်ဆောက်ရန် Nissan ၊ Isuzu ၊ Suzuki တို့က အစီအစဉ်များရေးဆွဲခဲ့ရာတွင် ခြေကုပ်ရယူပြီးသားဖြစ်သော Suzuki က လက်ဦးမှုရယူကာ မြန်မာနိုင်ငံ၌ SKD စနစ်ဖြင့် MPV အမျိုးအစား Suzuki Ertiga ၊ Saloon အမျိုးအစား Suzuki Ciaz နှင့် Truck အမျိုးအစား Suzuki Carry တို့ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။

Suzuki Motor သည် ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလက အစိုးရနှင့် ၁ဝ နှစ် သက်တမ်းရှိသည့် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် သဘောတူညီချက် ကို ရယူကာ တောင်ဒဂုံစက်မှုဇုန်တွင် ဆူဇူကီးမြန်မာမိုတာကုမ္ပဏီလီမိတက်ကို တည်ထောင်နိုင်ခဲ့ပါတယ်။

၁၉၉၉ ခုနှစ်၊ ဇန်နဝါရီလတွင် Suzuki Carry Truck နှင့် Viva မော်တော်ဆိုင်ကယ်ထုတ်လုပ်မှုဖြင့် စတင်ခဲ့ပြီး နောက်လေးလအကြာတွင် လူစီးကား Wagon R+ ကို ဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။

ထိုသို့ ဆူဇူကီးမြန်မာမိုတာအနေဖြင့် စတင်ရင်းနှီးမြှုပ်နှံစဉ် ကာလအတွင်း မော်တော်ယာဉ် ၆,ဝ၃၁ စီးနှင့် မော်တော်ဆိုင်ကယ် ၁ဝ,၈၄ဝ စီး ထုတ်လုပ်နိုင်ခဲ့ပါတယ်။

၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဆူဇူကီးမြန်မာမိုတာကုမ္ပဏီအား ဆူဇူကီးမိုတာကော်ပိုရေးရှင်း၏ ၁ဝဝ ရာခိုင်နှုန်း လက်အောက်ခံကုမ္ပဏီအနေဖြင့် တည်ထောင်ခဲ့ပြီး CKD စနစ်ဖြင့် Suzuki Carry Truck ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။

မြန် မာနိုင်ငံ၏ ကြီးမားသော ကားဈေးကွက် အနေအထားကြောင့် ဆူဇူကီး မြန်မာ မိုတာသည် ၂ဝ၁၅ ခုနှစ်၊ ဇူလိုင်လတွင် SKD စနစ်ဖြင့် ဘက်စုံသုံး MPV အမျိုးအစား၊ ထိုင်ခုံ သုံးတန်းပါ ခုနစ်ယောက်စီး Suzuki Ertiga ကို မြန်မာပြည်ဈေးကွက်နှင့် စတင်မိတ်ဆက်ခဲ့ကာ ၂ဝ၁၇ ခုနှစ်တွင် Sedan အမျိုးအစား Suzuki Ciaz ကိုလည်း စတင်ထုတ်လုပ်ခဲ့ပါတယ်။

ကားထုတ်လုပ်မှု ကမ္ဘာ့အဆင့် ၁ဝ ရှိသည့် ဆူဇူကီးမိုတာသည် မြန်မာနိုင်ငံတွင် ၁၉၉၈ ခုနှစ်မှစ၍ ကားထုတ်လုပ်ခဲ့သော်လည်း ၁၂ နှစ် ကြာပြီးနောက် ထုတ်လုပ်မှုရပ်ဆိုင်းသွားခဲ့ပါတယ်။

သို့ရာတွင် စက်ရုံကို ဆက်လက်ထိန်းသိမ်းခဲ့ကာ ၂ဝ၁၃ ခုနှစ်၊ မေလတွင် လုပ်ကိုင်ခွင့် ပြန်လည်ရရှိခဲ့ပြီးနောက် ကားထုတ်လုပ်မှုကို ပြန်လည် လည်ပတ်ခဲ့ပြီး Carry Truck ၊ Ertiga နှင့် Ciaz တို့ကို ထုတ်လုပ်ခဲ့ပါတယ်။

ဆူဇူကီးမြန်မာမိုတာသည် ၂ဝ၁၈ ခုနှစ်တွင် တောင်ဒဂုံစက်ရုံအပြင် မြေဧက ၄၉ ဒသမ ၄၁၉ သီလဝါအထူးစီးပွားရေးဇုန်တွင်လည်း စက်ရုံသစ်တည်ဆောက်ပြီး လည်ပတ်နိုင်ခဲ့ပါတယ်။

ဆူဇူကီးမြန်မာမိုတာမှ ထုတ်လုပ်သော Suzuki Ertiga ၊ Suzuki Ciaz နှင့် Suzuki Carry တို့သည် Made In Myanmar ဖြစ်ပြီး Car Catalogues မှစ၍ Warranty Book ၊ Mainteinance Book စသည်တို့ကို မြန်မာဘာသာဖြင့် ဖော်ပြရေးသားထားသောကြောင့် မြန်မာနိုင်ငံထုတ်ကားအဖြစ် ဂုဏ်ယူနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်တွင် ဆူဇူ ကီးမြန်မာမိုတာမှ ပြည်တွင်း၌ အရောင်းကိုယ်စားလှယ် ၃၆ ဦးအထိ ခန့်အပ်ထားပြီး တစ်လလျှင် ကားအစီး ရှစ်ရာမှ တစ်ထောင်အထိ ထုတ်လုပ်လျက်ရှိပါတယ်။

အမေရိကန်ဒေါ်လာဈေး မြင့်တက်မှုနှင့် အခွန်ကောက်ခံမှု မူဝါဒများ အမျိုးမျိုးပြောင်းလဲနေသော်လည်း ပြည်တွင်းထုတ်ကားများမှာ ဈေးနှုန်းအပြောင်းအလဲမရှိဘဲ ရောင်းချနိုင်သောကြောင့် ဝယ်လိုအားလည်း တဖြည်းဖြည်းမြင့်တက်လာပါတယ်။

ဆူဇူကီးမြန်မာမိုတာကလည်း ဝယ်ယူအားမြင့်တက်လာသည့်အပေါ် လစဉ် ကားအစီးရေ တိုးမြှင့်ထုတ်လုပ်နေသလို Suzuki Swift ကိုလည်း Sub Brand အသစ်အဖြစ် ထုတ်လုပ်ရန် စီစဉ်နေပါတယ်။

အရှေ့တောင်အာရှနိုင်ငံများထဲတွင် မြန်မာနိုင်ငံ၏ ကားထုတ်လုပ် မှုမှာ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံတို့နှင့်ယှဉ်လျှင် များစွာ နောက်ကျကျန်နေပါတယ်။

ကားထုတ်လုပ်သည့်စက်ရုံများ ဝင်လာ စေရန် အစိုးရအနေဖြင့် ကားဟောင်းတင်သွင်းမှုထက် ကားအသစ်သုံးစွဲမှုကို အားပေးနေသော်လည်း ရေရှည်လျှောက်လှမ်းနိုင်ရန်အတွက် အော်တိုမို ဘိုင်းပေါ်လစီမှာ ထွက်ပေါ်ရန် လိုအပ်နေသေးပါတယ်။

ကားစက်ရုံများ တစ်ခုပြီးတစ်ခု ဝင်ရောက်လာပြီး စက်မှုဝန်ကြီးဌာနနှင့် သော်လည်း ကောင်း၊ ပြည်တွင်းလုပ်ငန်းရှင်များနှင့် သော်လည်းကောင်း Joint Venture အနေဖြင့်ပူးပေါင်းပြီး SKD စနစ်ဖြင့် ကားများထုတ်လုပ်မည်ဆိုပါက နည်းပညာများရရှိမည်ဖြစ်သလို အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိစေမှာဖြစ်ပါတယ်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလည်း ပြည်တွင်းကုန်ထုတ်စွမ်းအား မြှင့်တင်ရန်နှင့် စက်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မည်သည့် စက်ရုံမဆို ထုတ်လုပ်သည့် ကုန်ပစ္စည်းတိုင်းကို အခွန်ကင်းလွတ်ခွင့် သုံးနှစ်နှင့် အမြတ်တော်ခွန် ကင်းလွတ်ခွင့် ငါးနှစ်ပေးထားပါတယ်။

သို့ဖြစ်၍ SKD ၊ CKD စနစ်ဖြင့် ထုတ်လုပ်ထားသောကားများသည် အခွန်ကင်း လွတ်ခွင့်ရရှိသဖြင့် ပြည်ပမှ တင်သွင်းလာသောကားများထက် ဈေးနှုန်းများစွာ သက်သာပါတယ်။

ထို့ပြင် SKD ၊ CKD ကားများမှာ အထူး အခွင့်အရေးတစ်ရပ်အနေဖြင့် ရန်ကုန်လိုင်စင် ရရှိခြင်းကြောင့်လည်း ပြည်ပမှ တင်သွင်းသောကားများထက် ဝယ်လိုအား ပိုများနေပါတယ်။

ဂျပန်တစ်ပတ်ရစ်ကားများကိုသာ အရိုးစွဲလာသော မြန်မာနိုင်ငံအနေ ဖြင့် လက်ရှိတင်သွင်းအသုံးပြုနေသော ကားဟောင်းများနှင့် ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် SKD စနစ်ဖြင့် ထုတ်လုပ်သည့်ကားများ ဈေးကွက်အတွင်း ဝင်ရောက်လာနိုင်ရန်အတွက် အဆိုပါကားစက်ရုံများ ဖွံ့ဖြိုးလာရန် လိုအပ်ပါတယ်။

SKD စနစ်ဖြင့် ထုတ်လုပ်ခြင်းမှတစ်ဆင့် Market Demand နှင့် နှစ်ကာလ အတိုင်းအတာတစ်ခုအပေါ်မူတည်ကာ CKD စနစ်သို့ တိုးတက်ပြောင်းလဲ ထုတ်လုပ်နိုင်ရန်လည်း လိုအပ်ပါတယ်။

SKD စနစ်မှ CKD စနစ်သို့ ပြောင်းလဲထုတ်လုပ်နိုင်မှသာCar Industry ကိုအမှီပြု၍ ကားနှင့်ပတ်သက်၍ လိုအပ်သောအစိတ်အပိုင်း များကို ထုတ်လုပ်နိုင်သည့် အခြား Industry များလည်း ဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်ပါတယ်။

ထိုကဲ့သို့ ပြည်တွင်းကားထုတ်လုပ်သည့် စက်ရုံလုပ်ငန်းများ တိုးတက် လာမှသာ ကားဟောင်းများနေရာတွင် ဈေးနှုန်းသက်သာသည့် ပြည်တွင်း ကားသစ်များ အစားထိုးနေရာယူလာနိုင်မှာဖြစ်ပါတယ်။

Read 3118 times